
ဖနောင်ပင် ဒီဇင်ဘာ ၁၅
ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်တင်ပို့မှုသည် ဥရောပသမဂ္ဂမှ ထုတ်လုပ်သူများ၏ စီးပွားရေး ကို ထိခိုက်စေသည်ဟုယူဆ၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်ကာ ကမ္ဘောဒီးယားဆန် (Indica) တင်သွင်းမှုအပေါ် သုံးနှစ် သွင်းကုန်ခွန် စည်းကြပ်ရန်နှင့် ဥရောပသမဂ္ဂ အကာအကွယ် ပေးရေး အစီအမံများအရ ၂၀၁၉ ခုနှစ်တွင် Indica ဆန်တစ်တန်လျှင် ယူရို ၁၇၅ (၁၈၃ ဒေါ်လာ)၊ ၂ဝ၂၀ ပြည့်နှစ်တွင် Indica ဆန် တစ်တန်လျှင် ယူရို ၁၅၀ နှင့် ၂၀၂၁ ခုနှစ်တွင် Indica ဆန် တစ်တန်လျှင် ယူရို ၁၂၅ တို့ဖြင့် သွင်းကုန်အခွန်ပေးဆောင်ရန် ဥရောပသမဂ္ဂ ကော်မရှင်က ဆုံးဖြတ်ခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်သည် ၂၀၁၉ ခုနှစ် ဧပြီလတွင် နိုင်ငံတကာရှေ့နေများ ငှားရမ်း၍ ဥရောပသမဂ္ဂကော်မရှင်ကို အမှု စွဲဆိုခဲ့ကာ ဥရောပသမဂ္ဂ၏ တရားလွှတ်တော်က စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့ပြီး လုံလောက်သော အထောက်အထားများ စုဆောင်းနိုင်မှု မရှိခြင်းကြောင့် အဆိုပါ သွင်းကုန်အခွန်များသည် တရားမဝင်ကြောင်းနှင့် ဥရောပကော်မရှင် စီမံခန့်ခွဲရေးကော်မတီ၏ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကို ပယ်ဖျက်ကြောင်း ကမ္ဘော ဒီးယားဆန်စပါးအသင်းချုပ်၏ နိုဝင်ဘာ ၃၀ ရက်က ထုတ်ပြန်ချက်အရ သိရသည်။
ဥရောပသမဂ္ဂ၏ တရားလွှတ်တော်က ဥရောပကော်မရှင်ကို ၎င်း၏တရားရေးကုန်ကျ စရိတ်များကို ကျခံရန်၊ ကမ္ဘောဒီးယား ဆန် လုပ်ငန်းကဏ္ဍ၏ လော်ဘီသမားဖြစ်သူ ကမ္ဘော ဒီးယားဆန်စပါးအသင်းချုပ်၏ ကုန်ကျစရိတ် များကို ပြန်လည်ပေးဆပ်ရန်နှင့် အီတလီ အနေဖြင့် တရားရေး ကုန်ကျစရိတ်များကို မိမိဘာသာကျခံရန် အမိန့်ချမှတ်ခဲ့သည်။ ဤကိစ္စရပ်အောင်မြင်မှုသည် ကမ္ဘောဒီးယား အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒအရ ကမ္ဘောဒီးယားဆန်စပါးကဏ္ဍ တိုးတက်မှုပြယုဂ် ဖြစ်ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် က ပြောကြားသည်။
Battambang ပြည်နယ်အခြေစိုက် အထင် ကရ ဆန်ကြိတ်ခွဲလုပ်ငန်းဖြစ်သည့် City Rice Import Export ကုမ္ပဏီလီမိတက်၏ဥက္ကဋ္ဌက ဥရောပသမဂ္ဂသို့ ကမ္ဘောဒီးယားဆန်တင်ပို့မှု အပေါ် အကာအကွယ်ပေးရေး အစီအမံများ ချမှတ်ခဲ့ခြင်းသည် ဆန်ဖြူမျိုးကွဲများအတွက် ဖိအားများဖြစ်စေသည်မှာ မှန်သော်လည်း ယခုအခါ အခြေအနေများအရ တိုးတက်လာပြီ ဖြစ်ကြောင်း၊ ၂၀၂၂ ဇန်နဝါရီ ၁၈ ရက်မှစတင်၍ ဥရောပဈေးကွက်သို့ ကမ္ဘောဒီးယား၏ ဆန် တင်ပို့မှုမှာ သွင်းကုန်ခွန် ကင်းလွတ်ခွင့်ရ၍ တိုးတက်လာခဲ့ကြောင်း၊ အထူးသဖြင့် ဂျက်စမင်း ဆန် တင်ပို့မှုများတွင် သိသာကြောင်း၊ ယခု ဆုံးဖြတ်ချက်ကြောင့် ကမ္ဘောဒီးယား ကြိတ်ခွဲ ဆန်စက်၏ နာမည်ကျော်ကြားမှု ပြန်လည် ရရှိလာပြီး ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဖူးခက်၌ ပြုလုပ်ခဲ့သည့် ကမ္ဘာ့ဆန်ညီလာခံတွင် လည်း ကမ္ဘောဒီးယားဂျက်စမင်း ဆန်မျိုးကွဲ တစ်ခုကို ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ငါးနှစ်တိုင်တိုင် ဆုရရှိမှု စသည့် အောင်မြင်မှု များသည် ကမ္ဘောဒီးယားတောင်သူများ၊ ဆန်စက်များ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် အခြားဆန်ကဏ္ဍဆိုင်ရာ သက်ဆိုင်သူများကို အကျိုးကျေးဇူးများစေကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာအထိ ဆန်တန်ချိန် ၅၀၉၂၄၉ တန် တင်ပို့ခဲ့ပြီး ယခင်နှစ်တင်ပို့ခဲ့မှု ထက် ၁၀ ဒသမ ၆၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ ကြောင်း၊ ကမ္ဘောဒီးယားဆန်ကို တရုတ်နိုင်ငံမှ အများဆုံးဝယ်ယူပြီး ၎င်းနောက်တွင် ဥရောပ သမဂ္ဂနှင့် အာဆီယံက အများဆုံးဝယ်ယူကြောင်း သိရသည်။