
* တပ်မတော်သည်၊ စည်းလုံးညီစွာ
တိုင်းပြည်အတွက်၊ ဝိုင်းညီလျက်ဖြင့်
အခက်ကြုံတိုင်း၊ ဘက်စုံဝိုင်းခဲ့
ခြောက်တိုင်းမကြောက်၊ လက်မမြှောက်ခဲ့
မြှောက်တိုင်းမမြောက်၊ ဒူးမထောက်ခဲ့
ထိုးဖောက်မာန်ဝင့်၊ အောင်လံလွှင့်ခဲ့
ရဲရင့်တည်ကြည်၊ မြန်မာပြည်သား
ပြည်သူများ၏. . . . ၊
ဘိုးဘွားပိုင်မြေ၊ တည်တံ့စေရေး
စဉ်မျှော်တွေးကာ၊ “အရေးသုံးပါး”
အလေးထားသည်၊ ကမ္ဘာတည်မည့်
မြန်မာပြည်၏. . . ၊
ပြည်သူ့တပ်မတော် စစ်သည်တော်။
ကြည်း၊ ရေ၊ လေ ဖွား သားသုံးဖော်။
တိုက်ပွဲရာထောင် အောင်စေသော်ဝ်။
* ပြည်သူ့တပ်မတော်၊ သားသုံးဖော်တို့
ကျော်လွန်ဖြတ်သန်း၊ ခရီးလမ်းကား
ကြမ်းတမ်းခက်ထန်၊ မုန်တိုင်းဆန်လည်း
“နိုင်ငံ, လူမျိုး”၊ ဂုဏ်မညှိုးရေး. . .
အမျိုး၏ဂုဏ်၊ ဇာတိဂုဏ်တို့
လုံးစုံပြည့်ဝ၊ သမိုင်းလှရေး. . .
မှန်းမျှော်တွေးလျက်၊ နိုင်ငံတွက်မို့
“လေးချက်သစ္စာ”၊ မြဲခိုင်စွာဖြင့်
ကမ္ဘာသိနေ၊ ဇာတိမြေကို
တစ်ပေ, တစ်လက်မ၊ မကျူးကြရန်
ဓနဂုဏ်မမက်၊ ဘဝပုံလျက်
“သွေး , အသက်”တို့ ၊ ပေးဆက်စတေး
ကမ္ပည်းရေးခဲ့. . .၊
“အရေးသုံးပါး”၊ အလေးထားကာ
ပြည်မြန်မာကို၊ ကာကွယ်စောင့်ရှောက်
ခရီးရောက်ခဲ့၊ “ခုနစ်ဆယ့် ခုနစ်နှစ်”
မော်ကွန်းသစ်ချီ၊ ကမ္ဘာတည်မည့်
မြန်မာပြည်၏. . .၊
ပြည်သူ့တပ်မတော် ဖြစ်ပါသည်။
ကြည်း၊ ရေ၊ လေ ဖွား သားဇာနည်။
တရားသောစစ် အောင်ရမည်
နှစ်ပေါင်း ရာ, ထောင် ခိုင်ခံ့ထည်။ ။
(၇၇ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုလျက်-)
မြင့်မိုရ်ဦး (ပဲခူး)