ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အကြိုဂုဏ်ပြုဆောင်းပါး

Type

ဆောင်းပါး

======

 

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အကြိုဂုဏ်ပြုဆောင်းပါး

================================

 

New Normal တွင် ကျေးလက်ခရီးသွားလုပ်ငန်းဖြင့် စတင်ခြင်း

==========================================

နှင်းလဲ့ (Tourism)

=========

 

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO)က ကြီးမှူး ကာ ၁၉၈၀ ပြည့်နှစ်မှစတင်၍ ကမ္ဘာ့ခရီးသွားလုပ်ငန်း နေ့အဖြစ် နိုင်ငံအသီးသီးတွင် ကျင်းပခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် နှစ်(၄၀)ပြည့် မြောက်ပြီဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံစီတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို သတ်မှတ် ဆောင်ပုဒ်ခေါင်းစဉ်တစ်ခုပေးကာ ခရီးသွားလုပ်ငန်း၏ အရေးပါပုံ၊ အကျိုးဖြစ်ထွန်းစေပုံကို ကမ္ဘာ့လူထုအသိုက် အဝန်းအတွင်း အသိပညာရရှိစေရန် ရည်ရွယ်၍ အလှည့်ကျ ကျင်းပလျက်ရှိပါသည်။ ယခုနှစ်တွင်ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို “Tourism and Rural Development” ခေါင်းစဉ်ဖြင့် ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီး တွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝယဉ်ကျေးမှု အမွေ အနှစ်များ ထိန်းသိမ်းကာကွယ်ရေးအတွက် ဆောင်ရွက် ရာတွင် ခရီးသွားလုပ်ငန်းကဏ္ဍ၏ အရေးပါပုံကို အလေး ထားသိရှိစေရန် ရည်ရွယ်၍ ကျင်းပသွားမည်ဖြစ်ပါသည်။ ၎င်းသတ်မှတ်ခေါင်းစဉ်သည် နိုင်ငံများအနေဖြင့် New Normal အခြေအနေတွင် ပြန်လည်စတင်နိုင်မည့် ခရီးသွားလုပ်ငန်းပုံစံနှင့် ကိုက်ညီမှုရှိသည့် ကြိုတင် ပြင်ဆင်ထားရမည်ဖြစ်သော အချက်ပြလမ်းညွှန် သင်္ကေတတစ်ခု ဖြစ်သည်။

New Normal Travel

ကိုဗစ်အလွန်ကာလတွင် ခရီးသွားများ၏ ခရီးသွား လာမှုပုံစံသည် ယခင်နှင့်မတူဘဲ ဘေးကင်းလုံခြုံမှု၊ ကျန်းမာရေးကို အခြေခံသောနေရာများသို့ ဦးတည်ကာ ခရီးသွားလာခြင်း၊ Wellness နှင့် Nature ကို အခြေခံ သော ခရီးစဉ်ဒေသများသို့ ခရီးသွားခြင်းများ ခေတ်စား လာမည်ဟု ခန့်မှန်းထားကြသည်။ ထို့အပြင် ခရီးသွား ဧည့်သည်များအနေဖြင့် လူနေထူထပ်သော နေရာများ တွင် ခရီးသွားလာခြင်း၊ အုပ်စုလိုက်ခရီးသွားလာခြင်းထက် တစ်ဦးချင်းလွတ်လပ်စွာ ခရီးသွားလာသောပုံစံများ (Foreign Independent Travellers) ပိုမိုများပြား လာခြင်းနှင့်အတူ တိတ်ဆိတ်အေးချမ်းသော ကျေးလက်၊ သဘာဝရှုမျှော်ခင်းနေရာများသို့ သွားရောက်လေ့လာခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာ ခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်းများ ခေတ်စားလာမည်ဖြစ်ပါသည်။ ထို့ကြောင့် ကိုဗစ်အလွန် ကာလတွင် အာဆီယံဒေသ၏ ခရီးသွားလုပ်ငန်းကို ကမ္ဘာလှည့်ခရီးသွားများအား စိတ်ဝင်စားမှုရှိစေရန် Wellness၊ Nature နှင့် Heritage ကိုအခြေခံသော ခရီးသွားလုပ်ငန်းများဖြင့် ဆွဲဆောင်သွားမည်ဖြစ်ပါသည်။

အခက်အခဲမှသည် အခွင့်အလမ်းဆီသို့

ယနေ့ခေတ်မြို့ကြီးများတွင် ကြုံတွေ့နေရသော ပြဿနာတစ်ရပ်မှာ ကျေးလက်မှမြို့ပြသို့ ရွှေ့ပြောင်းနေ ထိုင်မှု များပြားလာခြင်းဖြစ်သည်။ ထို့ပြင် ကျေးလက်တွင် နေထိုင်ကြသော လူငယ်လူရွယ်များအနေဖြင့် မြို့ပြတွင် ပညာသင်ကြားရန်၊ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရန် ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းအခြေချနေထိုင်လာမှု တို့ကြောင့် ကျေးလက်တွင် အသက်အရွယ်ကြီးသူ များပြားလာခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ရိုးရာလက်မှု လုပ်ငန်းများ၌ လုပ်ကိုင်သူနည်းပါးလာခြင်းနှင့် ကျေးလက်၊ မြို့ပြ ဆင်းရဲချမ်းသာကွာဟမှုများပြားလာ ခြင်းစသည့် အခက်အခဲများကြုံတွေ့ နေရပါသည်။ ထိုသို့ မြို့ပြသို့ သွားရောက်နေထိုင်မှု (Urbanization) သည် ကမ္ဘာတစ်ဝန်းဖြစ်လာမည့် ဖြစ်စဉ်တစ်ခုဖြစ်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့ လူဦးရေ၏ ၆၈ ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်မည် ဖြစ်ပြီး ဆင်းရဲမွဲတေမှုရင်ဆိုင်ကြုံတွေ့ရမည့် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင်ဖြစ်သည်ဟု ခန့်မှန်းထားသည်။ နိုင်ငံအချို့တွင် ၎င်းပြဿနာများကို ဖြေရှင်းရန် ကျေးလက်ဒေသတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး စေခြင်းဖြင့် ကျေးလက်နေပြည်သူများအား ဝင်ငွေနှင့် အလုပ်အကိုင်ဖြစ်ထွန်းစေခြင်း၊ ပူးပေါင်းဆောင်ရွက်စေ ခြင်း၊ ကျေးလက်ဒေသတွင် အခြေခံအဆောက်အအုံများ တိုးတက်လာခြင်း၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းလာခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိစေပါသည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြသူများဖြစ်ပြီး ကျေးလက်ဒေသ များတွင် သဘာဝအမွေအနှစ်၊ ယဉ်ကျေးမှုအမွေအနှစ်၊ ရိုးရာဓလေ့ထုံးတမ်းများဖြင့် မြန်မာ့အငွေ့အသက် အစစ် အမှန်ကို ခံစားရရှိနိုင်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူလူထု၏ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ အလုပ်အကိုင်များဖန်တီးပေးခြင်းနှင့် လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ဆောင်ရွက်ရာ၌ ခရီးသွားလုပ်ငန်းကို ကျေးလက်ဒေသများတွင် အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ပိုမိုအရှိန်အဟုန်မြှင့်တင်၍ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါသည်။

ကျေးလက်ခရီးသွားလုပ်ငန်းဖော်ဆောင်ရေး

ထို့ကြောင့် UNWTO အဖွဲ့အစည်း၏ ကျေးလက်နေ ဒေသအဖွဲ့အစည်း၏ အလုပ်အကိုင်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်၊ ကျေးလက်ဒေသ၏ ခရီးသွားဧည့်သည် များဆွဲဆောင်မှုကို မြှင့်တင်ရန်နှင့် ဒေသအရင်းအမြစ်များကို ထိန်းသိမ်း၍ ရွှေ့ပြောင်းလုပ်ကိုင်မှုကို လျှော့ချနိုင်ရန်၊ ကိုဗစ်-၁၉ အလွန် ကျေးလက်ဒေသများတွင် ခရီးသွား လုပ်ငန်း ပြန်လည်ဦးမော့လာစေရန်နှင့် ခရီးသွားဧည့်သည် များအတွက် အတွေ့အကြုံအသစ်များ ပေးစွမ်းနိုင်စေရန် ရည်ရွယ်၍ ကျေးလက်ခရီးသွားလုပ်ငန်းကို အခွင့်အလမ်း တစ်ရပ်အဖြစ် ဖော်ဆောင်သွားရန် အောက်ဖော်ပြပါ ကဏ္ဍ (၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး လမ်းညွှန် အကြံပြုထားပါသည်။

(က) ကျေးလက်ဖွံ့ဖြိုးရေးအတွက် မူဝါဒချမှတ်ရာတွင်

ခရီးသွားလုပ်ငန်းကို ထည့်သွင်းစဉ်းစားခြင်း

နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲမွဲတေမှု လျော့ကျရေးလုပ်ငန်းစဉ်များတွင် ခရီးသွားလုပ်ငန်းကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ကျေးလက်ခရီးစဉ်ဒေသများတွင် အခြေခံအဆောက်အအုံ တိုးတက်လာခြင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနှင့် တရားဝင် ဖွံ့ဖြိုးမှုအကူအညီ (ODA)များ ရရှိလာနိုင်ခြင်း၊ ကျေးလက်နှင့် မြို့ပြချိတ်ဆက်မှု အားကောင်းလာခြင်း စသည့် အခွင့် အလမ်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ ဥပမာအားဖြင့် ကိုရီးယား သမ္မတနိုင်ငံတွင် အစိုးရက ကျေးလက်ခရီးသွားလုပ်ငန်း မူဝါဒများချမှတ်ပြီး စိုက်ပျိုးရေး၊ အစားအစာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန (MAFRA)နှင့် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားဝန်ကြီးဌာန(MCST)တို့ပူးပေါင်း၍ ကျေးလက်ဒေသခရီးစဉ်ဒေသများ ဖော်ထုတ်ရေး၊ မြို့ပြ၊ ကျေးလက် အပြန်အလှန်လည်ပတ်ရေး စီမံကိန်းများ လုပ်ဆောင်ခြင်းဖြင့် ကျေးလက်ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

(ခ) ခရီးသွားလုပ်ငန်းဖြင့် ကျေးလက်နေပြည်သူလူထု၏ အကျိုးစီးပွားကို မြှင့်တင်ခြင်း

ကျေးလက်ဒေသ၌ ခရီးသွားလုပ်ငန်းဖော်ဆောင်ရာ တွင် ဒေသခံလူထုအဖွဲ့အစည်း၏ အကျိုးစီးပွားအတွက် မျှော်မှန်း၍ လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုမရှိစေရန် လုပ်ဆောင်ခြင်း၊ ခရီးစဉ်ဒေသများစီမံခြင်းနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များတွင် ၎င်းတို့၏ အကြံဉာဏ်များရယူခြင်း၊ ပူးပေါင်းပါဝင်စေခြင်း၊ လိုအပ်သော သင်တန်းများ (ဘာသာစကား၊ ဝန်ဆောင်မှု)ပေးခြင်းများ လုပ်ဆောင်ရန်လိုအပ်ပါသည်။ ထို့အပြင် ကျေးလက်နေ ပြည်သူများတွင် အများအားဖြင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ကိုင်နေသူများဖြစ်ရာ ၎င်းတို့၏ စီးပွားရေး ရပ်တည်နိုင်ရေးအတွက် ငွေကြေးအကူအညီများ ပံ့ပိုးပေးခြင်းနှင့် ဒစ်ဂျစ်တယ်နည်းပညာစနစ် တွင်ကျယ်စွာ အသုံးပြုတတ်စေရန် Campaign များဖြင့် လှုံ့ဆော်ခြင်းများ ပြုလုပ်ရန် လိုအပ်ပါသည်။

(ဂ) ခရီးသွားလုပ်ငန်းကို ဒစ်ဂျစ်တယ်နည်းပညာဖြင့်

ဆန်းသစ်တီထွင်ခြင်း

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ခရီးသွားလုပ်ငန်း တွင် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ Check-in/ Check-out ပြုလုပ်ရာ၌ End to End နည်းပညာအသုံးပြုခြင်း၊ ငွေကြေးသယ်ဆောင်စရာမလိုသော Digital Payment စနစ်၊ ခရီးသွားဧည့်သည်များအတွက် လိုအပ်သော သတင်း အချက်အလက်များပေးရာ၌ Digital Signage နှင့် Chatbot များအသုံးပြုခြင်း၊ AI နည်းပညာအသုံးပြုခြင်း၊ Digital Platform များမှတစ်ဆင့် ခရီးမြှင့်တင်ကြော်ငြာခြင်း၊ ခရီးစဉ်ဒေသများကို Smart Destination သို့ပြောင်းလဲ ခြင်းဖြင့် ဒစ်ဂျစ်တယ်ခရီးသွားလုပ်ငန်းသို့ ကူးပြောင်းလာပြီ ဖြစ်ပါသည်။

ထို့ကြောင့် ကျေးလက်ခရီးစဉ်ဒေသများတွင် ခရီးသွား ဧည့်သည်များအား မတူညီသည့် ခရီးသွားအတွေ့အကြုံ အစစ်အမှန်များပေးရာ၌ တီထွင်ဆန်းသစ်မှုရှိစေရန် Virtual and Augmented Reality နည်းပညာအသုံးပြုခြင်း၊ လူမှု ကွန်ရက်မီဒီယာများတွင် လွှင့်တင်ကြော်ငြာခြင်း၊ ကျေးလက် ခရီးစဉ်ဒေသစီမံခန့်ခွဲခြင်းနှင့် ခရီးသွားများ၏ အမူအကျင့် များလေ့လာရာ၌ ထိရောက်မှုရှိစေရန် ဒစ်ဂျစ်တယ်နည်း ပညာအသုံးပြုခြင်းကို မြှင့်တင်ဆောင်ရွက်သင့်ပါသည်။

(ဃ) ခရီးသွားထုတ်ကုန်များကို ဆင့်ပွားတန်ဖိုးပေါင်းစပ်၍

မြှင့်တင်ခြင်း

ခရီးသွားလုပ်ငန်းသည် တိုက်ရိုက်အားဖြင့်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆင့်ပွားသက်ရောက်၍ အကျိုးပြုသောလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ကျေးလက်ဒေသများတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ ရိုးရာလက်မှုလုပ်ငန်းနှင့် ဒေသထွက်စားသောက်ကုန် လုပ်ငန်းများအတွက် အထောက်အကူပြုစေပါသည်။ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးထုတ်ကုန် များကို ခရီးသွားများပါဝင်လုပ်ဆောင်နိုင်သော Activity များဖြင့် ဆန်းသစ်တီထွင်ကာ ခရီးသွားဝန်ဆောင်မှုပေးခြင်း၊ ဒေသထွက်အစားအစာနှင့် လက်မှုပစ္စည်းများအား ခရီးသွား ထုတ်ကုန်များအဖြစ် ခရီးသွားဧည့်သည်များ စိတ်ဝင်တစား ဝယ်ယူအားပေးမှုရှိစေရန် Market Research ပြုလုပ်ခြင်း၊ နည်းပညာဖြင့် ဆင့်ပွားတန်ဖိုးပေါင်းစပ်၍ အဆင့်မြှင့် တင်ခြင်းများ ပြုလုပ်သင့်ပါသည်။

(င) ရေရှည်တည်တံ့ခိုင်မြဲသော အလေ့အကျင့်ကောင်းများ

မြှင့်တင်ရေး

ကျေးလက်ဒေသတွင် ခရီးသွားလုပ်ငန်းရေရှည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရာတွင် အားလုံးပါဝင်သော ရေရှည်စီမံခန့်ခွဲမှုစီမံချက်တစ်ခု

ရှိရန်လိုအပ်ပြီး ဒေသထွက်အရင်းအမြစ်များကို ကောင်းစွာ အသုံးချခြင်း၊ ခရီးသွားလုပ်ငန်းကြောင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ပြုလုပ်ခြင်း၊ အစား အစာနှင့် စွန့်ပစ်ပစ္စည်းများအား စနစ်တကျစီမံခန့်ခွဲ ခြင်းနှင့် အစိမ်းရောင်စွမ်းအင်အသုံးပြုမှုမြှင့်တင်ခြင်း စသည့် အလေ့အကျင့်ကောင်းများကို ကျေးလက်နေ လူ့အဖွဲ့အစည်းအတွင်း ကျင့်သုံးမှုရှိစေရန် တိုက်တွန်း နှိုးဆော်ရပါမည်။

ကိုဗစ်-၁၉ နှင့် ခရီးသွားလုပ်ငန်းအပေါ်သက်ရောက်မှု

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ကိုဗစ်-၁၉ ကပ်ဘေး ရောဂါဆိုးကြီးသည် တရုတ်နိုင်ငံမှ အစပြုကာ ၂၀၂၀ ပြည့်နှစ်နှစ်ဦးပိုင်းတွင် ကမ္ဘာတစ်ဝန်းသို့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့ခဲ့သည်။ နိုင်ငံအသီးသီးရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍတွင် လေကြောင်းလိုင်းများရပ်နားခြင်း၊ ခရီးစဉ်များဖျက်သိမ်းခြင်း၊ နယ်စပ်ဝင်ပေါက်များ ယာယီပိတ်ထားခြင်း၊ ခရီးသွားလာမှုကန့်သတ်လိုက် ခြင်းတို့ကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်လျက်ရှိသော ဝန်ထမ်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းငယ်များ ကိုဗစ်ကာလအတွင်း အကျပ်အတည်း နှင့်ရင်ဆိုင်ကြရသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီး၏ စာရင်းဇယား အချက်အလက်များအရ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာခရီး သွားဧည့်သည် ၁ ဒသမ ၅ ဘီလီယံရောက်ရှိခဲ့ပြီး ပို့ကုန် တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံရရှိခဲ့သော် လည်း ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် တိုက်ရိုက်ခရီးသွားလုပ်ငန်း အလုပ်အကိုင်ပေါင်း သန်း ၁၂၀ အထိ ဆုံးရှုံးမှုရှိပြီး ပို့ကုန်အပိုင်းတွင် ခရီးသွားများ၏ သုံးစွဲငွေ အမေရိကန်ဒေါ်လာ ၉၁၀ ဘီလီယံမှ ၁ ဒသမ ၂ ထရီလီယံအထိ ဆုံးရှုံးမှုရှိမည်ဟု ခန့်မှန်းထားသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ (WTTC)၏ လေ့လာသုံးသပ်ချက်အရ ယခုနှစ်တွင် ခရီးသွားလုပ်ငန်း မှ ကမ္ဘာ့ဂျီဒီပီသို့ ဖြန့်ဝေမှုတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ထရီလီယံ လျော့နည်းသွားပြီး အထူးသဖြင့် အာရှနှင့် ပစိဖိတ်ဒေသတွင် ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ် ပွားပြီး ဝင်ငွေ ၁ ဒသမ ၁ ထရီလီယံ နှင့် အလုပ်အကိုင် ၆၉ ဒသမ ၃ သန်း ဆုံးရှုံးနိုင်မည်ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍတွင်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် သက်ရောက်မှုများရှိပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ခရီးသည်ဝင်ရောက်မှု မှာ ၈၅၂၄၃၂ ဦးဖြစ်ပြီး ယခင်နှစ် အချိန်ကာလနှင့် နှိုင်းယှဉ်ပါက ၆၆ ရာခိုင်နှုန်းကျဆင်းသွားသည်ကို တွေ့ရပါသည်။

မြန်မာ့ခရီးသွားလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံတိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများ မပပျောက်စေရန် ရှာဖွေဖော်ထုတ်ရေး၊ ခရီးသွားလုပ်ငန်းမှ အကျိုးအမြတ် များ တိုက်ရိုက်ခံစားနိုင်ရေးနှင့် ၎င်းတို့၏ လူမှုစီးပွားဘဝ တိုးတက်စေရေးအတွက်ရည်ရွယ်၍ ၂၀၁၆ ခုနှစ်မှ စတင်ကာ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းများ (Community-based Tourism)ကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ တိုင်းဒေသကြီးငါးခု၊ ပြည်နယ် ငါးခုရှိ ကျေးရွာပေါင်း ၄၁ ရွာတွင် ရပ်ရွာလူထု အခြေပြု ခရီးစဉ်ဒေသပေါင်း ၁၉ ခုဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

v စာမျက်နှာ ၂၂ မှ

မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ ဘေးကင်းလုံခြုံမှုရှိစေရန် နှင့် ရေရှည်တည်တံ့စေရန်၊ ခရီးသွားလုပ်ငန်းစနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများက ဦးဆောင် ၍ ဒေသန္တရအာဏာပိုင်များ၊ ခရီးသွားလုပ်ငန်းရှင်များ ပါဝင်သော ခရိုင်နှင့်မြို့နယ်အလိုက် ခရီးစဉ်ဒေသစီမံခန့်ခွဲ ရေးအဖွဲ့ (Destination Management Organization-DMO)များကို ဖွဲ့စည်းထားကာ ကိုဗစ်အလွန်ခရီးသွား လုပ်ငန်းပြန်လည်ဖွံ့ဖြိုးလာရေးအတွက် စနစ်တကျ ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် ကိုဗစ်-၁၉ ကာလအတွင်းနှင့် အလွန် ကာလများတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာစေရန်အတွက် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနက ဦးဆောင်ကာ မဟာဗျူဟာ(၃)ရပ် ပါဝင်သည့် COVID-19 Tourism Relief Plan နှင့် မဟာ ဗျူဟာ (၈)ရပ်ပါဝင်သော Myanmar Tourism Strategic Recovery Roadmap (2021-2025) များကို ရေးဆွဲပြုစု ဆောင်ရွက်လျက်ရှိပါသည်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း နယ်ပယ်ရှိ ဝန်ထမ်းများ၏ အရည်အသွေးတိုးတက်လာ စေရန် COVID-19 Relief Package အဖြစ် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင် ခရီးသွားအခြေခံသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှု (မွမ်းမံ)သင်တန်းများ ဆောင်ရွက် ပေးလျက်ရှိပါသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားလုပ်ငန်းအပေါ် မှီတည်လုပ်ကိုင်နေသော ဝန်ထမ်းများအတွက် အလုပ် လက်မဲ့နှုန်း များပြားမည်ဖြစ်သော်လည်း ခရီးသွား လုပ်ငန်း၏ သဘာဝသည် ကြံ့ကြံ့ခံ၍ ပြန်လည် ရုန်းထနိုင် သည့် အမြဲရှင်သန်ရပ်တည်နေမည့် လုပ်ငန်းတစ်ခုဖြစ်ပါ သည်။ ထို့ကြောင့် ကိုဗစ်အလွန်ကာလများတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းနှင့်အတူ မြန်မာ့ခရီးသွားလုပ်ငန်း သည်လည်း ခရီးသွားဧည့်သည်များအကြား ဘေးကင်းလုံခြုံသောခရီးစဉ်ဒေသတစ်ခုအဖြစ် ယုံကြည်မှုရှိရှိ ပြန် လည်ရှင်သန်ဦးမော့လာစေရေးနှင့် ကျေးလက်ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဒေသခံပြည်သူလူထုအဖွဲ့အစည်း၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ကြဉ်း ပေးနိုင်ပါစေကြောင်း ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ခရီးသွား လုပ်ငန်း နေ့အတွက် ဆန္ဒပြုရေးသားအပ်ပါသည်။ ။

ကိုးကား

- UNWTO’s Recommendationson Rural Tourism Development

- United Nations: Policy Brief in COVID-19

and Transforming Tourism

- Myanmar COVID-19 Tourism Relief Plan