
နေပြည်တော် ဧပြီ ၂၅
“ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်” (World Immunization Week) အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) Meeting Hall ၌ ကျင်းပသည်။
အခန်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင် ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ ကိုယ်စားလှယ်၊ အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀) တပ်မှူး၊ ကျန်းမာရေးနှင့် ရောဂါနှိမ်နင်းရေးတပ် တပ်မှူး၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဗဟိုအဆင့် ဆေးရုံအုပ်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း တာဝန်ခံများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံအသီးသီး တွင် နှစ်စဉ်ဧပြီလနောက်ဆုံး ရက်သတ္တပတ်ကို ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တ ပတ်အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနား များကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ် ၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ် ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်း စတင်ခဲ့ သည့် နှစ်(၅၀)မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း။
ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေး ရေးရက်သတ္တပတ်၏ ဆောင်ပုဒ်မှာ “Humanly Possible: Saving lives through immunization” ဖြစ်ပြီး မြန်မာဘာသာဖြင့် “ကလေးများ အနာဂတ် လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများကြောင့် သေဆုံးမှုကိုလျှော့ချပြီး ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဖြင့် ကလေးများ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း။
ကမ္ဘာတစ်ဝန်းလုံးတွင် ဝက်သက်ကာကွယ်ဆေး တစ်မျိုးတည်းအနေဖြင့် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း သေဆုံးမှုပေါင်း ၂၃ သန်းခန့်ကို ဟန့်တားကာကွယ်ပေးနိုင်ခဲ့ကြောင်း၊ ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအတွက် အမေရိကန် တစ်ဒေါ်လာအသုံးပြုတိုင်း ဝက်သက်ရောဂါဖြစ်ပွားမှု ကြောင့် ကုသရာတွင် ကုန်ကျနိုင်သည့် စရိတ် ၇၆ ဒသမ ၅ ဒေါ်လာကို လျှော့ချနိုင်သည့် (Return of Investment)ရှိကြောင်း၊ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းဖြင့် ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ရောဂါပေါင်း ၂၀ ကျော်ကို ကာကွယ်ဟန့်တားနိုင် ကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ပြည်သူသန်းပေါင်း ၂၄ သန်း ခန့်ကို ဆင်းရဲမွဲတေမှုမှ ကာကွယ်ပေးနိုင်ခဲ့ကြောင်း။
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ယခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် အဖြစ် ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ် များတွင် ရောဂါ ၁၃ မျိုးကို ကာကွယ်နိုင်သော ကာကွယ်ဆေးများ အသုံးပြု၍ သတ်မှတ်အသက် အရွယ်အတွင်းရှိ ကလေးငယ်များအား ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းက စတင်၍ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်နှင့် အမီလိုက်ကာကွယ် ဆေးထိုးအစီအစဉ်များချမှတ်၍ လုပ်ငန်းများကို ပြန်လည်အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ကာကွယ် ဆေးလွှမ်းခြုံမှုအနေဖြင့် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ် လျှင် ၂၀၂၃ ခုနှစ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု နှစ်ဆကျော်ခန့် ပြန်လည်တိုးတက်လာခဲ့ပြီ ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကာလမတိုင်မီ က ရရှိခဲ့သည့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုများ ပြန်လည်ရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံး အမီလိုက်ကာကွယ် ဆေးထိုးနှံခြင်း လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် အသက် (၅)နှစ်အောက် ကလေးများကို သတ်မှတ်ကာကွယ် ဆေးများ ထိုးနှံတိုက်ကျွေးရန် စီစဉ်လျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းအပါအဝင် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း ယခုထက်ပိုမိုတိုးတက်စေရေး တာဝန်ရှိသူအဆင့်ဆင့် က ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း။
နိုင်ငံတော်မှ နှစ်စဉ်ဝယ်ယူပံ့ပိုးပေးလျက်ရှိသော ကာကွယ်ဆေးများအသုံးပြု၍ ပြည်သူလူထုတစ်ရပ် လုံးအနေဖြင့် အသက်အရွယ်အလိုက် အကြိမ်ပြည့်ထိုးနှံတိုက်ကျွေးမှုခံယူခြင်းဖြင့် မိမိတို့၏ ရင်သွေးငယ် များကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါ များကို ကာကွယ်နိုင်ကြောင်းသိရှိပြီး ထိုးနှံတိုက်ကျွေး ပေးရန် တိုက်တွန်းလိုကြောင်း၊ ထိုသို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အဆိုပါရောဂါများ ကပ်အသွင် ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်တားဆီးနိုင် မည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးရန် အကျုံးဝင် သည့် ကလေးငယ်များ တစ်ဦးတစ်ယောက်မကျန် ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းဌာနခွဲမှ ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ရေး ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် ကာကွယ် ဆေးထိုးလုပ်ငန်းများနှင့်ပတ်သက်သော မှတ်တမ်း ဗီဒီယိုကို ပြသသည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့ ဦးဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များသည် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တ ပတ်အနေဖြင့် ဒက္ခိဏသီရိမြို့နယ် ရွှေသဲဖြူကျောင်း တိုက်တွင် အနယ်နယ်အရပ်ရပ်မှ ပြောင်းရွှေ့ရောက်ရှိ နေထိုင်လျက်ရှိသည့် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော အသက် (၁၅) နှစ်အောက် ကိုရင်၊ သီလရှင်နှင့် ကလေးငယ်များ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း (Special Immunization Activities)ကို ကြည့်ရှုအားပေး၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ၊ ကျောင်းထိုင်ဆရာတော်နှင့် သံဃာ တော်များအား ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးတို့က လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ဇေယျာသီရိမြို့နယ် စည်ပင်သာယာကျေးလက် ကျန်းမာရေးဌာနသို့ သွားရောက်ပြီး အသက်(၅)နှစ် အောက်ကလေးများကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအား ဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများကို ကြည့်ရှုအားပေး၍ ကလေးငယ်များအား အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်