
ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်း မြို့နယ်မှ မြို့နယ်ပညာရေးမှူး(ငြိမ်း) ဆရာကြီး ဦးဝင်းမောင်နှင့် ကံ့ကော်မြိုင် ကိုယ်ပိုင်အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးကံညွန့် P.A.T ၊ J.A.T ၊ S.A.T (ငြိမ်း)တို့က ယခုလိုပဲ ပြောကြားခဲ့ပါတယ်-
မြို့နယ်ပညာရေးမှူး
အငြိမ်းစားဆရာကြီး ဦးဝင်းမောင်
ဆရာဆိုတာ အနန္တဂိုဏ်းဝင်ဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဆိုပြီး သတ်မှတ်ထားပါတယ်။ ကမ္ဘာ့ဆရာများ နေ့ဆိုပြီး အောက်တိုဘာလ ၅ ရက်နေ့ကို နှစ်စဉ်သတ်မှတ်ထားပြီး အဲဒီနေ့ ကျရောက်တိုင်း အသက် ၇၅ နှစ်ပြည့်တဲ့ ဆရာကြီး ဆရာမကြီးတွေကို ပူဇော်
ကန်တော့ခဲ့ကြပါတယ်။ ဆရာမပြ နည်းမကျဆိုတဲ့အတွက် ဆရာတွေရှိမှ ဖြစ်တာပါ၊ ကောင်းတဲ့လုပ်ငန်းစဉ်တွေ ထွက်လာဖို့ကို ကောင်းတဲ့လူတွေကို အလို ရှိအပ်တယ်။ ကောင်းတဲ့လူတွေဖြစ်လာဖို့ အတွက် ဆရာ ဆရာမတွေမှာ တာဝန် ရှိတယ်။ လိမ္မာယဉ်ကျေးတဲ့ လူလိမ္မာတွေ၊ အသိပညာနဲ့ ပြည့်ဝသူတွေ၊ စိတ်ကောင်း စိတ်မြတ်ရှိတဲ့သူတွေ ဖြစ်လာဖို့အတွက် ဆရာတွေကို အသိအမှတ်ပြုပေးတဲ့ အတွက် ဝမ်းသာမိပါတယ်။
ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို တက်ရောက်ခဲ့တာ သုံးနှစ်ရှိပါပြီ။ အခမ်း
အနားမှာ ဆရာကြီး ဆရာမကြီးတွေ အမြောက်အမြားကို သတိပြုမိခဲ့ပါတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာကြီး သုံးပါးကို ဆင်ခြင်မိတယ်။ ဘာဝနာ ပွားဖြစ်တယ်။ နိဂုံးချုပ်အနေနဲ့ ဆရာ ဆရာမတွေရဲ့စကားကို လိုက်နာဆောင် ရွက်ခြင်းဖြင့် ကောင်းကျိုးချမ်းသာ မင်္ဂလာတွေကို ရရှိပိုင်ဆိုင်မှာဖြစ်ပါ
တယ်။ ဒါပေမယ့် ဆရာအရွေးမမှားဖို့တော့
လိုအပ်တယ်။ ဆရာကောင်းနဲ့တွေ့မှသာ လျှင် ကောင်းတာဖြစ်မယ်၊ ကောင်းတဲ့ ဆရာတွေဖြစ်အောင်လည်း ဆရာတွေက ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်ကြိုးစား ကြရမှာဖြစ်ပါတယ်။
ကံ့ကော်မြိုင်ကိုယ်ပိုင်ကျောင်းအုပ်
ဆရာကြီး ဦးကံညွန့်
P.A.T ၊ J.A.T ၊ S.A.T(ငြိမ်း)
ကျွန်တော်ဟာ ၁၉၇၆-၁၉၇၇ ပညာ သင်နှစ် ပုသိမ်ဆရာအတတ်သင် (ယခု ပညာရေးကောလိပ်)တွင် မူလတန်းဆရာ အဖြစ် တစ်နှစ်သင်တန်း တက်ရောက်ပြီး မူလတန်း လက်ထောက်ဆရာအဖြစ် လေးနှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၁-၁၉၈၂ ခုနှစ် ပညာသင်နှစ်မှာ ရန်ကုန်ကံဘဲ့ ဆရာအတတ်သင်သိပ္ပံ တွင် အငယ်တန်းဆရာအဖြစ် တစ်နှစ် သင်တန်းတက်ရောက်ကာ အလယ်တန်း လက်ထောက်ဆရာအဖြစ် ခုနစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ရန်ကုန်ပညာရေးတက္ကသိုလ် (B.Ed)တက်ရောက်ခဲပြီး အထက်တန်း ဆရာအဖြစ် ကိုးနှစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပါ တယ်။
ပညာရေးကို ဝါသနာပါစိတ်ဝင်စား ပြီး ဆရာအလုပ်ကို လေးစားမြတ်နိုး တန်ဖိုးထားသူတစ်ဦးဖြစ်၍ ဘာသာရပ် သင်ကိုယ်ပိုင်သင်တန်း၊ ကိုယ်ပိုင်ကျောင်း တည်ထောင်ကာ တည်ထောင်သူ၊ အုပ်ချုပ်သူ၊ သင်ကြားသူအဖြစ်နဲ့ ယခု အသက် ၆၆ နှစ် ရောက်ရှိသည်အထိ ဆရာ့အလုပ်၊ ဆရာ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါ တယ်။ အသက်ရှင်လှုပ်ရှားနိုင်သေးသရွေ့ ကျောင်းဆရာအလုပ်ကိုပဲ လုပ်ချင်နေပါ တယ်။
ဆရာတို့၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို စောင့်ထိန်းလိုက်နာ ကျင့်ကြံသူများအတွက် ဆရာ့ဂုဏ် ကျေးဇူးကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ နိုင်ငံအသီးသီးတွင် နှစ်စဉ် အောက်တိုဘာ လ ၅ ရက်နေ့ကို “ကမ္ဘာ့ဆရာများနေ့”ဟု သတ်မှတ်ကာ ဂုဏ်ပြုခဲ့ပါတယ်။ ဆရာ သည် ကိုယ့်တပည့်တွေကို ကျောင်းစာပေ တစ်ခုတည်းသာမက လူမွန်၊ လူကောင်း၊ လူတော်များဖြစ်အောင် ပြုစု၊ ပျိုးထောင်၊ သင်ကြားကြရပါတယ်။ အဲဒီအတွက် လူမွန်တွေကောင်း၍ လူကောင်းတွေ တော်ကြပါစေ၊ ဆရာသည် အတွေ့ အကြုံနှင့် အတွေးအခေါ်ကို ပေါင်းစပ်၍ ကောင်းကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက် နိုင်သူဖြစ်ပါတယ်။ အဲဒါကြောင့် ဆရာ ကောင်းတွေ တော်၍ ဆရာတော်တွေ ကောင်းကြပါစေလို့ ကမ္ဘာ့ဆရာများနေ့မှာ ဂုဏ်ပြုဆုတောင်းမေတ္တာ ပို့သလိုက်ပါ တယ်။
ဝင်းကြိုင်(ကျောင်းကုန်း)