
နေပြည်တော် ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ စံသာကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး CDM ပြုလုပ်ခဲ့သူ ပုံခမ်းကျယ်နှင့် အခြား CDM ပြုလုပ်နေသူ ကျောင်းဆရာ/ ဆရာမများ ဖြစ်ကြသည့် အောင်ငြိမ်းချမ်း၊ သန်းသန်းစိုး၊ စန်းကိန်တို့ သုံးဦးအား ကလေးမြို့ တပ်ဦးသီတာရပ်ကွက် အိမ်အမှတ် (၈/၂၁)၌ ဩဂုတ် ၁၄ ရက် မွန်းလွဲပိုင်းတွင် တွေ့ရှိဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ဖမ်းဆီးရမိတရားခံ ပုံခမ်းကျယ်သည် NLD ပါတီ မှ ရှားမီး (၂၀၁၅ ခုနှစ်၊ ကလေးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း)၊ သန့်ဝေကျော် (၂၀၁၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဟောင်း)တို့၏ ညွှန်ကြားချက်ဖြင့် ကလေးမြို့နယ်အတွင်းရှိ CDM ဝန်ထမ်းစာရင်းများကောက်ယူကာ CDM ဝန်ထမ်း ၁၅၄ ဦးခန့်အတွက် မတ်လမှ ဇွန်လအထိ တစ်ဦးလျှင် တစ်လ ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၄၄၀၀၀၀၀ အား ထောက်ပံ့ပေးခဲ့ကြောင်း၊ ၎င်းငွေများအား သန့်ဝေ ကျော်က အလှူခံကာ ပေးပို့ခြင်းဖြစ်ကြောင်း။
ထို့အပြင် ပုံခမ်းကျယ်သည် အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သော NUG အဖွဲ့ဝင်များဖြစ်သည့် ရည်မွန်၊ ခင်မမမျိုး၊ နိုင်ကောင်းရွက်တို့နှင့် Zoom Meeting များတွင် ပါဝင်ခဲ့ပြီး NUG ၏ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အချို့ပါဝင်သော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဖွဲ့စည်း ရေးတွင် PDF များအတွက် သင်တန်းစီစဉ်ဖွင့်လှစ်ရန်၊ တပ်စု ဖွဲ့မှုဆောင်ရွက်ရန်၊ လက်နက်တပ်ဆင်ပေးရန် တို့ကိုဆွေးနွေး ခြင်း၊ ၎င်းတို့ဖွဲ့စည်းမည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင် တပ်မဟာ (၅/၆/၇)တို့အား ဖွဲ့စည်းရန် နှင့် CNF နယ်မြေတွင်ဌာနချုပ် အဆောက်အအုံဆောက်လုပ်ရန်၊ CNF ထံတွင် စစ်သင်တန်း (နည်းပြ) ဖွင့်လှစ်သင်ကြားပြီး ဆင့်ပွားသင်တန်းအား နေရာ ၁၂ နေရာခွဲ၍ ဖွင့်လှစ်ရန်တို့ကို ပါဝင်ဆွေးနွေးခြင်း၊ PDF များ၏ သင်တန်းဆင်းပွဲများသို့ တက်ရောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း။
ကျန်ဆရာ၊ ဆရာမ သုံးဦးဖြစ်သည့် အောင်ငြိမ်းချမ်း၊ သန်းသန်းစိုးနှင့် စန်းကိန်တို့သည် CDM တွင် ပါဝင်လှုပ်ရှား ခြင်း၊ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းဖြစ် သည့် NUG ထံမှ ထောက်ပံ့ငွေရယူခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်၍ ပုံခမ်းကျယ်နှင့် ဆက်စပ်တရားခံ သုံးဦးတို့အား နိုင်ငံသားအစုအဖွဲ့ကိုဖြစ်စေ၊ အများပြည်သူကိုဖြစ်စေ၊ ကြောက်ရွံ့စေလျှင်၊ သို့မဟုတ် ကြောက်ရွံ့စေရန် ကြံရွယ်ခဲ့ သောကြောင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က အရ လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG နှင့် ဆက်သွယ်ဆောင်ရွက်မှုကြောင့် မတရားအသင်းဥပဒေ ပုဒ်မ-၁၇(၁) အရ လည်းကောင်း အမှုဖွင့်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်