ကလေးမြို့နယ်၌ ငွေကျပ်သိန်း ၈၈၀၀ တန်ဖိုးရှိ ဘိန်းဖြူများနှင့် လားရှိုးမြို့နယ်တွင် ငွေကျပ်သိန်း ၃၆၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော် ဇွန် ၂၃

ကလေးမြို့နယ်၌ ငွေကျပ်သိန်း ၈၈၀၀ တန်ဖိုးရှိ ဘိန်းဖြူများနှင့် လားရှိုးမြို့နယ်၌ ငွေကျပ်သိန်း ၃၆၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၆ ရက် ညနေ ၄ နာရီတွင် သတင်းအရ ကလေးမြို့နယ် အေးသာယာကျေးရွာအနီးတွင် ကလေးမြို့ သဇင်ရပ်ကွက်နေ ဒါးလ်ဆွင်းခွါလ် (ခ) ခွါလ်ပီး (၃၄) နှစ် မောင်းနှင်ပြီး မင်းကင်းမြို့နယ် မြို့မကျေးရွာနေ ရဲရင့်အောင် (၂၂) နှစ်လိုက်ပါလာသော NISSAN ၁၂ ဘီးမော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂၂ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၄၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၈၈၀၀)၊ မြန်မာငွေကျပ် တစ်သိန်းတို့ကို ဖမ်းဆီးရမိပြီး ကွင်းဆက်အရ ယင်းနေ့ ည ၈ နာရီက မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ ကလေးမြို့ တာဟန်းရပ်ကွက်နေ မလဲင့်ဆွေ ဗုန် (ခ) ဗွီးသဲ (၄၄) နှစ်အား ကလေးမြို့ သဇင်ရပ်ကွက်တွင် ဆိုင်ကယ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိသဖြင့် ဒါးလ်ဆွင်းခွါလ် (ခ) ခွါလ်ပီး၊ ရဲရင့်အောင်နှင့် မလဲင့်ဆွေ ဗုန် (ခ) ဗွီးသဲတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။

ထို့အပြင် ဇွန် ၁၉ ရက် ည ၇ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာအနီးတွင် လားရှိုးမြို့နယ် ပန်ဆက်ကျေးရွာနေ ဘရန်နန် (၃၀) နှစ် မောင်းနှင်လာသော TOYOTA CROWN အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွဆေး ပြား ၇၂၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၃၆၀) ဖမ်းဆီးရမိသဖြင့် ဘရန်နန်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်