
နေပြည်တော် မတ် ၁၅
ကလေးအကျဉ်းထောင်၌ ယနေ့ ညနေပိုင်းတွင် အကျဉ်းထောင် တာဝန်ခံအရာရှိနှင့် ဒုတိယ တာဝန်ခံ အရာရှိတို့ နှစ်ဦး ဦးဆောင်သည့် ဝန်ထမ်းများက စည်းကမ်းထိန်းသိမ်းရုံး၌ လုံခြုံ ရေးကိစ္စရပ်များ ပြောဆိုနေစဉ် အမှတ် (၅) အိပ်ဆောင်မှ အချုပ် သား ဗန်ဒိန်း (ဘ) ဦးလျန်ပုန် ခေါင်းဆောင်သည့် အင်အား ၅၀ ဦးခန့်က အကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူ၊ ဒုတိယတာဝန်ခံအရာရှိ ဦးစီး အရာရှိ ဦးချိုမင်းလတ်နှင့် ဒုကြီးကြပ်ရေးမှူး ဦးရန်ပိုင်မျိုး တို့ သုံးဦးအား ဓားစာခံပြုလုပ်၍ အကျဉ်းထောင်အတွင်းမှ ထွက် ပြေး လွတ်မြောက်ရန် ကြံစည် ကြိုးစားမှု ဖြစ်ပွားခဲ့သည်။
အချုပ်သား ဗန်ဒိန်း (ဘ)ဦးလျန်ပုန် ခေါင်းဆောင်သည့် အဖွဲ့က တာဝန်ခံအရာရှိပါ သုံးဦး အား ဓားစာခံအဖြစ်ဖမ်းချုပ်စဉ် တာဝန်ခံအရာရှိက ပြန်လည် ခုခံသဖြင့် လွတ်မြောက်သွားခဲ့ပြီး ဒုတိယ တာဝန်ခံအရာရှိနှင့် ဒုကြီးကြပ်ရေးမှူး နှစ်ဦးတို့အား စည်းကမ်းထိန်းသိမ်းရေးရုံးဘေး၌ ချုပ်နှောင်ထားခဲ့ရာ အကျဉ်း ထောင်တာဝန်ခံအရာရှိက ဗဟို ကင်းပေါ်သို့ ချက်ချင်းတက် ရောက်ပြီး Hand Speaker ဖြင့် ဖမ်းဆီးထားသော အရာရှိ နှစ်ဦး အား ပြန်လွှတ်ပေးရန်နှင့် မိမိ အိပ်ဆောင်သို့ ပြန်လည်ဝင်ရောက် ရန် အကြိမ်ကြိမ် ပြောကြားခဲ့ သော်လည်း လိုက်နာမှုမရှိသဖြင့် ၎င်းတို့အား ခြောက်လှန့်သည့် သဘောအနေဖြင့် MA-11 သေနတ်ဖြင့် သုံးချက် မိုးပေါ်သို့ ပစ်ခတ်ခဲ့သော်လည်း လိုက်နာ ခြင်း မရှိသဖြင့် ၎င်းလူအုပ်စု အောက်ပိုင်းသို့ MA-11 သေနတ် ဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ အချုပ် သား ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အချုပ်သား ခြောက်ဦးနှင့် အကျဉ်း သား တစ်ဦး၊ ပေါင်း ခုနစ်ဦး သေဆုံးခဲ့သည်။
သေနတ်ဖြင့် ပစ်ခတ်ချိန်တွင် ဒုတိယ တာဝန်ခံအရာရှိနှင့် ဒုကြီးကြပ်ရေးမှူးတို့မှာ ပြန်လည် လွတ်မြောက်လာကာ အချုပ်သား များမှာ ဆေးရုံဆောင်နှင့် အမှတ် (၅) အိပ်ဆောင်အတွင်းသို့ ပြန် လည် ဝင်ရောက်သွားခဲ့ပြီး ညနေ ၅ နာရီ မိနစ် ၄၀ ခန့်တွင် ထိန်းသိမ်းနိုင်ခဲ့သည်။
ဓားစာခံအဖြစ် ထိန်းသိမ်းခံရ စဉ် ဒုကြီးကြပ်ရေးမှူး၏ ဝဲဘက် လည်ပင်းနှင့် မေးရိုးတို့၌ ပြတ်ရှ ဒဏ်ရာ တစ်ချက်စီ (မစိုးရိမ်ရ)ရရှိသွားသဖြင့် ကလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေး လျက်ရှိပြီး အကျဉ်းထောင်၌ ပုံမှန်လုပ်ငန်းများကို ဆက်လက် လုပ်ကိုင် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်