
ကိုကိုလှိုင်
(ယမန်နေ့မှအဆက်)
ထိုသို့ ယမ်းအိုးက အဆင်သင့်ဖြစ်လာချိန်၌ မီးပွားတစ်စကလည်း တိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွက်လာသည်။ ယင်းမှာ အလုပ်အကိုင်ခွဲတမ်း ကိစ္စဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၉၇၁ ခုနှစ် လွတ်မြောက်ရေးစစ်ပွဲ၌ ကိုယ်ကျိုးစွန့်ပါဝင်ခဲ့ကြသူ များ၏ မိသားစုများအတွက် အစိုးရဝန်ထမ်း အလုပ်အကိုင်၏ ၃၀ ရာခိုင်နှုန်းအား ခွဲတမ်း သတ်မှတ်ပေးခဲ့သည်။ နောင်အခါ ဤကိစ္စနှင့် ပတ်သက်၍ ဆန့်ကျင်ဆူပူမှုများ ရှိခဲ့သောကြောင့် ၂၀၁၈ ခုနှစ်တွင် ဤစနစ်ကို ဖျက်သိမ်းခဲ့သည်။ သို့သော် သက်ဆိုင်ရာ မိသားစုများက တရားရုံး အဆင့်ဆင့်တွင် အယူခံဝင်ခဲ့ကြရာ ၂၀၂၄ ခုနှစ် ဇွန်လတွင် ဗဟိုတရားရုံးက ခွဲတမ်းစနစ် ပြန်လည် ကျင့်သုံးရန် အမိန့်ချခဲ့သည်။ ယင်းမှာ အဝါမီလိဂ်ကို ဆန့်ကျင်ထိုးနှက်လိုသူများအတွက် လက်နက် ကောင်း ဖြစ်သွားခဲ့သည်။
အကြောင်းမှာ လွတ်လပ်ရေး တိုက်ပွဲဝင်သူ အများစုမှာ အဝါမီလိဂ်မှဖြစ်ပြီး ဆွေစဉ်မျိုးဆက် အဝါမီလိဂ်ပါတီဝင်နှင့် ထောက်ခံသူများ ဖြစ်နေကြ သောကြောင့်ပင် ဖြစ်လေသည်။ လူဦးရေများပြီး အလုပ်အကိုင်ရှားပါးသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နှစ်စဉ် အစိုးရအရာထမ်း ရာထူး ဝင်ပေါက် ၃၀၀၀ ခန့်သာ ရှိရာတွင် တစ်နိုင်ငံလုံးမှ လျှောက်ထားသူ ငါးသိန်း ခန့်ရှိသည့်အတွက် ယင်းဝင်ပေါက်နေရာ အနည်းငယ်မှ ၃၀ ရာခိုင်နှုန်းထပ်၍ လျော့သွားမည့်အပေါ် မကျေနပ်မှုက အဝါမီလိဂ်ကို ဆန့်ကျင် မုန်းတီးမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုမကျေနပ်မှု ဆန့်ကျင်မုန်းတီးမှုမှာ အလုပ်ရှာနေသည့် ပညာတတ် လူငယ်များအကြား၌ အများဆုံး ပေါ်ပေါက်ခဲ့ရာ လူထုအုံကြွမှု ကို အစပျိုးသည့် နေရာမှာ လူငယ်ထုဖြစ် လာသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လူဦးရေ သန်း ၁၇၀ တွင် လူငယ် ၃၂ သန်း ခန့်မှာ အလုပ်လက်မဲ့ဖြစ်နေကြသည်ဟု ဆိုပါ သည်။
ယင်းပညာတတ် လူငယ်ထုအတွင်း အစိုးရဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှား မည့်သူများမှာလည်း အဆင်သင့်ရှိပြီး ဖြစ်၏။ ယင်းမှာ (ရှေးယခင်က မြန်မာ့ နိုင်ငံရေးမှ အလံဖြူကွန်မြူနစ်ပါတီက ထိန်းချုပ် သော တပ်ဦးကျောင်းသား၊ အလံနီ ကွန်မြူနစ်က ထိန်းချုပ်ထားသော တပ်ဦးသစ် ကျောင်းသား အုပ်စုများကဲ့သို့) အတိုက်အခံ နိုင်ငံရေးပါတီများက ထိန်းချုပ်ကြိုးကိုင်ထားသော ကျောင်းသားအဖွဲ့ များဖြစ်သည်။
အထူးသဖြင့် ပါကစ္စတန် ကျောထောက်နောက်ခံ ရှိသည့် ဘာသာရေးအယူအစွဲ ပြင်းထန်သော ပါတီ ၏ ကျောင်းသားအဖွဲ့အစည်းဖြစ်သော (Islamic Chatra Shibir: ICS) အဖွဲ့က လူထုအုံကြွမှုတွင် တက်ကြွစွာပါဝင်ခဲ့ပြီး အဓိကရုဏ်းများတွင် ဆန္ဒပြသူ များဘက်မှ အင်အားသုံး အကြမ်းဖက်ရာတွင် ဦးဆောင်ပါဝင်ခဲ့သဖြင့် အစိုးရက ပိတ်ပင်ခံခဲ့ရသော အဖွဲ့အစည်းဖြစ်သည်။ ICS အဖွဲ့အနေဖြင့် အရေး အခင်းမတိုင်မီ နှစ်နှစ်ခန့်ကပင် ဘင်္ဂလားဒေ့ရှ်တစ်ဝန်း ရှိ တက္ကသိုလ်များ၏ ကျောင်းသားသမဂ္ဂများတွင် စိမ့်ဝင်လှုပ်ရှားနေခဲ့သည်ဟု အိန္ဒိယထောက်လှမ်းရေး သတင်းရင်းမြစ်များကို ကိုးကား၍ အိန္ဒိယသတင်းစာ များက ဖော်ပြခဲ့သည်ကို တွေ့ရသည်။
အရောင်တော်လှန်ရေး ဖော်မြူလာ
အလုပ်သမားခွဲတမ်းစနစ် ပြန်လည်ကျင့်သုံးခွင့် အမိန့်ကြောင့် ၂၀၂၄ ခုနှစ် ဇွန်လတွင် တက္ကသိုလ် ကျောင်းသားများက ဦးဆောင်၍ ဒါကာမြို့တော်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများဖြင့် စတင်ခဲ့သည်။ အခြေအနေတည်ငြိမ်လာစေရေးအတွက် ဇူလိုင်လ ၂၁ ရက်နေ့တွင် ဗဟိုတရားရုံးချုပ်က အလုပ်ခွဲတမ်း စနစ်အား အနိမ့်ဆုံး ၅ ရာခိုင်နှုန်းသို့ လျှော့ချ သတ်မှတ်ပေးခဲ့သော်လည်း အရှိန်မြင့်လာသော လူအုပ်စုအုံကြွမှုအဟုန်ကို မထိန်းသိမ်းနိုင်တော့ပေ။ ရက်အလိုက်ဖြစ်ရပ်များကို ကြည့်ပါက လူထုအုံကြွမှု အရောင်တော်လှန်ရေးနည်းစဉ်များအတိုင်း ဖြစ်ပေါ် ခဲ့သည်ကို တွေ့ရသည်။
ဇူလိုင်လ ၇ ရက်နေ့တွင် “ဘင်္ဂလားပိတ်ဆို့မှု” (Balgla Blockade) အမည်ဖြင့် ဘင်္ဂလားဒေ့ရှ် မြို့ကြီးများတွင် ပြည်သူလူထု အပြင်မထွက်ရေး လုပ်ဆောင်ခဲ့သည့်အတွက် ရုံးများ၊ စက်ရုံများ၊ အလုပ်ရုံများ လုပ်ငန်းရပ်ဆိုင်းသွားသည်။ မီးရထား လမ်း၊ ကားလမ်း သယ်ယူပို့ဆောင်ရေးများ ရပ်တန့် ကုန်သည်။
ဇူလိုင်လ ၁၁ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူ များကို ဖြိုခွဲရာမှ အဓိကရုဏ်းများ စတင်ဖြစ်ပွား သည်။
ဇူလိုင်လ ၁၅ ရက်နေ့တွင် အာဏာရနှင့် အတိုက်အခံ ကျောင်းသားအဖွဲ့များအကြား တိုက်ခိုက်မှုများ စတင်ဖြစ်ပွားသည်။
ဇူလိုင်လ ၁၆ ရက်နေ့တွင် အနောက်နိုင်ငံများမှ ချိတ်ဆက်နှီးနွှယ်သည့် ပုဂ္ဂလိကတက္ကသိုလ် ကောလိပ်များမှ ကျောင်းသားများပါ ဆန္ဒပြအုံကြွမှု ၌ ပါဝင်လာသည်။ ထူးခြားချက်မှာ နာမည်ကြီး BRAC တက္ကသိုလ်မှ ကျောင်းသားများက ဦးဆောင် ၍ လူအသွားအလာများသော စီးပွားရေးရပ်ကွက် လမ်းဆုံကို ပိတ်ဆို့ခြင်း၊ ရဲစခန်းများကို မီးရှို့ခြင်း၊ ဆိုင်ကယ်များကို မီးရှို့ခြင်း စသည့်လုပ်ရပ်များကို လုပ်ဆောင်လာခြင်းဖြစ်သည်။ ယင်း BRAC တက္ကသိုလ်တည်ထောင်သူမှာ နာမည်ကျော် ဂျူးဘီလီယံနာသူဌေးကြီး ဆိုရော့စ်၏ မိတ်ဆွေရင်း ဖြစ်ပြီး BRAC တက္ကသိုလ်သည် ဆိုရော့စ်က ဒေါ်လာ တစ်ဘီလီယံ ထောက်ပံ့ထားသော Open Society University Network တက္ကသိုလ်ကွန်ရက်မှ အဖွဲ့ဝင်တက္ကသိုလ်တစ်ခုဖြစ်သည်။ ယင်းတက္ကသိုလ် ကျောင်းသားများသည် ဒါကာမြို့တွင်းရှိ အရေးပါ သော လမ်းများနှင့် ဒါကာမြို့မှ ထွက်သော မီးရထားလမ်းများကို ပိတ်ဆို့ခဲ့ကြသည်။ ယင်းမှာ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံမှ Milk Tea Alliance ကျောင်းသားလှုပ်ရှားမှုပုံစံများနှင့် ထပ်တူဖြစ်သည်။
ဇူလိုင်လ ၁၈ ရက်နေ့တွင် ရဲတပ်ဖွဲ့နှင့် BRAC တက္ကသိုလ်ကျောင်းသားအုပ်စုတို့ အဓိကရုဏ်း ဖြစ်ပွားသည်။ ဒါကာမြေအောက်ရထားဘူတာရုံ မီးရှို့ခံရသည်။ ဘင်္ဂလားဒေ့ရှ် ရုပ်မြင်သံကြားဌာန မီးရှို့ခံရသည်။ နိုင်ငံပိုင် ဒေတာစင်တာ ဖျက်ဆီးခံ ရသည်။ ကျောင်းသားအချို့ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှု ကြောင့် သေဆုံးသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ အရေးပါသော အင်တာနက်ဝက်ဘ်ဆိုက် များ တိုက်ခိုက်ခံရသည်။ အစိုးရက အင်တာနက်လိုင်းအားလုံးကို ပိတ်လိုက် သည်။ ဇူလိုင်လ ၁၉ ရက်နေ့တွင် အတိုက် အခံဘက်မှ လက်နက်ကိုင်များကနာဆင်ဒီ ခရိုင်ရှိ အကျဉ်းထောင်ကို ဝင်ရောက်စီးနင်း ပြီး ထောင်သားများကို လွှတ်ပေးကာ လက်နက်ခဲယမ်းများကို လုယူသွားသည်။
ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့ အထိ အစိုးရနှင့် ဆန္ဒပြကျောင်းသားအုပ်စု တို့အကြား စေ့စပ်ညှိနှိုင်းဆွေးနွေးခဲ့သော် လည်း မအောင်မြင်ခဲ့ပေ။ ဆန္ဒပြသူများ ဘက်မှ တောင်းဆိုချက် ၉ ချက် တင်ပြရာ တွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဆန္ဒပြသူ များကို တောင်းပန်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးနှင့် လမ်းပန်းသယ်ယူပို့ဆောင်ရေး ဝန်ကြီးတို့ ရာထူးမှ နုတ်ထွက်ပေးရေးတို့ ပါဝင်ပါသည်။ အစိုးရဘက်မှ အလုပ်ခွဲတမ်း ကို စုစုပေါင်း ၅၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်း လျှော့ချပေးခဲ့မှုနောက်ပိုင်းတွင် ဆန္ဒပြမှု များ ခေတ္တရပ်ဆိုင်း သွားခဲ့သော်လည်း ကျောင်းသား ခေါင်းဆောင်အချို့ကို လုံခြုံရေးတပ်ဖွဲ့ များက ထိန်းသိမ်းခေါ်ဆောင်သွားမှုကြောင့် ဇူလိုင် လ ၁၉ ရက်နေ့တွင် အင်အားအလုံးအရင်းဖြင့် ဆန္ဒပြမှုများ ပြန်လည်ပေါ်ပေါက်လာပြီး ဆန္ဒပြသူ အများအပြားလည်း ဖမ်းဆီးထိန်းသိမ်းခံကြရသည်။
ဇူလိုင်လ ၃၁ ရက်နေ့တွင် “တရားမျှတမှုအတွက် ချီတက်ကြ” (March for Justice) လှုပ်ရှားမှုကို ပြုလုပ်ပြီး ထိန်းသိမ်းခံထားရသူများနှင့် သေဆုံးသူ များအတွက် ရည်ညွှန်း၍ ဒါကာတစ်မြို့လုံး ချီတက် ဆန္ဒပြမှု ပြုလုပ်သည်။
ဩဂုတ်လ ၁ ရက်နေ့တွင် ထိန်းသိမ်းခံ ကျောင်းသားခေါင်းဆောင်များကို ပြန်လွှတ်ခဲ့သော် လည်း ဆန္ဒပြပွဲမှာ မရပ်တန့်သွားဘဲ ပို၍ကျယ်ပြန့် လာသည်။
ဩဂုတ်လ ၂ ရက်နေ့တွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက စေ့စပ်ညှိနှိုင်းရန် ဖိတ်ခေါ်ခဲ့သော်လည်း ဆန္ဒပြသူများဘက်မှ ပယ်ချကာ တစ်ခုတည်း သော တောင်းဆိုချက်ကို ထုတ်ပြန်ခဲ့သည်။ ယင်းမှာ ဝန်ကြီးချုပ်နှင့် အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ပေးရေး ဖြစ်သည်။
ဩဂုတ်လ ၃ ရက်နေ့တွင် အစိုးရဌာနများ နှင့် ပူးပေါင်းဆောင်ရွက်မှုမပြုလုပ်ရေး (Non-cooperation Movement) ကို စတင်ခဲ့သည်။ ယင်းမှာ ဂျင်းရှပ်၏ နိုင်ငံရေးအန်တုမှုနည်းလမ်း ဖြစ်ပြီး အစိုးရကို အခွန်အခမပေးရေးနှင့် ထိတွေ့ ဆက်သွယ်မှု မပြုရေးဖြစ်သည်။ စစ်တကောင်းဒေသ တွင် အစိုးရဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှု များဖြစ်လာသည်။
အစိုးရက ဩဂုတ်လ ၄ ရက်နေ့တွင် အပြင် မထွက်ရအမိန့် ထုတ်ပြန်ကာ ဘင်္ဂလားဒေ့ရှ် တပ်မတော်လုံခြုံရေးတပ်ဖွဲ့များ မြို့တွင်းသို့ စေလွှတ်ချထားခဲ့သော်လည်း လူအုပ်ကြီးက မပြိုကွဲသွားဘဲ မင်းမဲ့စရိုက်ဆန်ဆန် ထိန်းမနိုင် သိမ်းမရဖြစ်လာသည်။ ဘင်္ဂလားဒေ့ရှ် ကြည်းတပ် ဦးစီးချုပ်က ဆန္ဒပြလူအုပ်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင် အင်အားသုံးစွဲခြင်းမပြုရန် ညွှန်ကြားခဲ့သည့်အတွက် ဒါကာမြို့တော်တွင် တရားဥပဒေစိုးမိုးမှု လုံးဝ ပျက်ပြားသွားသည့် သဘောရှိခဲ့သည်။ ဘာသာရေး အယူအစွဲ ပြင်းထန်သူများက လူနည်းစု ဟိန္ဒူလူမျိုး များ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို တိုက်ခိုက် ဖျက်ဆီးခဲ့ကြသည်။ ရဲစခန်းအများစုမှာလည်း ဖျက်ဆီးခံခဲ့ရပြီး လက်နက်ခဲယမ်းများလည်း လုယူ ခံရကာ ရဲတပ်ဖွဲ့ဝင်များလည်း လူအုပ်ကြီး၏ တိုက်ခိုက်မှုမှလွတ်ကင်းရန် ထွက်ပြေးရှောင်ပုန်း နေခဲ့ကြရသည်။
ဩဂုတ်လ ၅ ရက်နေ့ နေ့လယ်ပိုင်းတွင်မူ လူအုပ်ကြီးက ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ အိမ်တော်ဘက်သို့ ဦးတည်လာခဲ့သည်။ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာဥဇမန်က ဝန်ကြီးချုပ် ကို ရာထူးမှနုတ်ထွက်၍ နိုင်ငံမှ ထွက်ခွာသွားရန် တောင်းဆိုခဲ့ပြီး ထိုသို့ ထွက်ခွာရန်အတွက် ပြင်ဆင် ချိန် ၄၅ မိနစ်သာပေးခဲ့သည်ဟု ဆိုသည်။
နောက်ဆုံးတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာမှာ ဘင်္ဂလားဒေ့ရှ် တပ်မတော်မှ စီစဉ်ပေးသည့် ရဟတ် ယာဉ်ဖြင့် ကသုတ်ကရက် “ထွက်တော်မူ နန်းကခွာ” ခဲ့ရတော့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆယ်စုနှစ် နှစ်ခုပင် မပြည့်မီကာလအတွင်း ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံဘဝမှ ဖွံ့ဖြိုးမှုအမြန်ဆုံး ထွန်းသစ်လာမည့် နိုင်ငံတစ်ခုအဖြစ် ဆွဲတင်ပေးခဲ့သော အမျိုးသမီး ကြီးမှာ ရက်သုံးဆယ်ခန့် လူအုပ်စုအုံကြွမှုကြောင့် ရာထူးမှ နုတ်ထွက်၍ မျက်ရည်စက်လက်ဖြင့် နိုင်ငံမှ ထွက်ခွာသွားရသည်မှာ နိုင်ငံရေးသံဝေဂ ပွားဖွယ်ဖြစ်တော့သည်။
ရှေ့အလားအလာ
လက်ရှိအခြေအနေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၅ နှစ်ကျော် အုပ်ချုပ်ခဲ့သည့် အဝါမီလိဂ်ပါတီမှာ ရုတ်ခြည်းဆိုသလိုပင် တောပုန်းပါတီ ဖြစ်သွားရ လေပြီ။ ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာမှာ နိုင်ငံရေးခိုလှုံရန် မူလရည်မှန်း ထားသည့် ဗြိတိန်နိုင်ငံနှင့် အနောက်အုပ်စုနိုင်ငံများ အားလုံးလိုလိုက လက်မခံသဖြင့် အိန္ဒိယနိုင်ငံတွင် သောင်တင်လျက်ရှိနေဆဲဖြစ်သည်။
အဝါမီလိဂ်ပါတီမှ ခေါင်းဆောင်များကိုလည်း စွဲချက်အမျိုးမျိုးဖြင့် ဖမ်းဆီးထိန်းသိမ်းလျက် ရှိသည်။ ရှိတ်ဟာဆီနာနှင့် နီးစပ်သည်ဟု ယူဆရ သော ဘင်္ဂလားဒေ့ရှ် တပ်မတော်အရာရှိကြီးများ မှာလည်း ရာထူးမှဖယ်ရှားခံကြရသည်။ အလားတူ ပင် ရှေ့နေချုပ်၊ တရားသူကြီးချုပ်၊ ဗဟိုဘဏ် ဥက္ကဋ္ဌ စသော ထိပ်တန်းပုဂ္ဂိုလ်များမှာလည်း လူအုပ်စုဖြင့် ခြိမ်းခြောက်ဖိအားပေးမှုကြောင့် နုတ်ထွက်သွားခဲ့ကြရသည်။ အစိုးရဌာနအသီးသီး တွင်လည်း မိမိဆန္ဒအလျောက် နုတ်ထွက်သွားသူ၊ ထုတ်ပယ်ခံရသူ၊ ဖိအားပေး၍ နုတ်ထွက်ခိုင်းခံရသူ စသည်တို့ကြောင့် အုပ်ချုပ်မှုယန္တရားတစ်ခုလုံး ပရမ်းပတာဖြစ်နေသည်ဟု ဆိုသည်။
ရှေးယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေအနေကို ထိန်းသိမ်းပေးနိုင်သည့် ဩဇာကြီးမားသော တပ်မတော်မှာလည်း ယခုအရေးအခင်းတွင် ကျောင်းသားခေါင်းဆောင်များအား မလွန်ဆန်နိုင် တော့သည်ကို တွေ့ရသည်။
ရှိတ်ဟာဆီနာ ထွက်ခွာသွားပြီးနောက် ကျောင်းသားခေါင်းဆောင်များက ရှိတ်ဟာဆီနာနှင့် လုံးဝအဆင်မပြေခဲ့သည့် စီးပွားရေးပညာရှင်နှင့် ဂရာမင်းဘဏ်လုပ်ငန်းရှင် နိုဘယ်ငြိမ်းချမ်းရေးဆုရ ဒေါက်တာမိုဟာမက်ယူနွတ်စ်ကို ကြားဖြတ်အစိုးရ အဖွဲ့ခေါင်းဆောင် အကြံပေးအရာရှိချုပ် ခန့်အပ် ပေးရန် တောင်းဆိုခဲ့ရာ တောင်းဆိုသည့်အတိုင်း ခန့်အပ်ပေးခံရသည်။ ကျောင်းသားခေါင်းဆောင် များက တပ်မတော်မှ တင်မြှောက်သည့် အစိုးရကို လုံးဝလက်ခံမည်မဟုတ်ဟု ရာဇသံပေးခဲ့သည့် အတိုင်း လိုက်နာခဲ့ရပြီး ကာကွယ်ရေးဝန်ကြီး အပါအဝင် ဝန်ကြီးအဖွဲ့ဝင်အားလုံးကို ကျောင်းသား များ၏ အတည်ပြုချက်ဖြင့်သာ ခန့်အပ်ခဲ့ရသည်။ ကျောင်းသားခေါင်းဆောင် နှစ်ဦးကိုလည်း အစိုးရ အဖွဲ့တွင် ထည့်သွင်းခဲ့ရကာ တစ်ဦးလျှင် ဝန်ကြီး ဌာနနှစ်ခုစီ ကိုင်တွယ်တာဝန်ယူထားသည်ကို တွေ့ရသည်။
လက်ရှိအနေအထားအရ အနောက်အုပ်စုနှင့် အထူးနီးစပ်သည့် အသက် ၈၄ နှစ်အရွယ် မိုဟာမက် ယူနွတ်စ် ဦးဆောင်ပြီး ဆန္ဒပြကျောင်းသားများက ကြိုးကိုင်ထားသော ကြားဖြတ်အစိုးရက ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို အချိန်ကာလအတိုင်းအတာတစ်ရပ် အထိ အုပ်ချုပ်နေဦးမည့်သဘော ရှိနေသည်။ ဘင်္ဂလားဒေ့ရှ်ပြည်သူများကို ဩဂုတ်လ ၁၈ ရက် နေ့က ရုပ်သံလွှင့်ပြောကြားခဲ့သည့် ယူနွတ်စ်၏ မိန့်ခွန်းတွင် ရွေးကောက်ပွဲကျင်းပမည့်ကာလကို နိုင်ငံရေးအရ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အောက်ခြေသိမ်းပြုပြင်ပြောင်းလဲမှု (ခေတ်ပြောင်းတော်လှန်ရေး) ပြုလုပ်ပြီးစီးကာ သတင်းအချက်အလက်စီးဆင်းမှုမှာလည်း အဖြတ် အတောက် အဆီးအတားမရှိ ချောမွေ့လာသည့် အခါမှသာ ရွေးကောက်ပွဲကျင်းပနိုင်မည်ဟု ပြောကြားသွားခဲ့သည်။ ယူနွတ်စ်သည် အမေရိကန် သမ္မတဟောင်းကလင်တန်နှင့် ဇနီး နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန်၊ သမ္မတဟောင်း အိုဘားမားတို့နှင့် အထူးရင်းနှီးပြီး ဂျော့ဆိုရော့စ်၏ လူရင်းလည်းဖြစ်ရာ ဘင်္ဂလားဒေ့ရှ်ကို အနောက် လစ်ဘရယ်အုပ်စုများအကြိုက် ပြုပြင်ပြောင်းလဲ သွားရန် ကြိုးပမ်းလိမ့်မည်ဟု ယူဆရသည်။ နိုင်ငံ ရေးအပိုင်းတွင် ထိုင်းနိုင်ငံမှ လူငယ်မျိုးဆက်သစ် တို့၏ Future Forward ပါတီကဲ့သို့ လူငယ်ပါတီသစ် ထူထောင်ရန်လည်း ကျောင်းသားခေါင်းဆောင်များ က ပြောကြားလာခဲ့ကြခြင်းကြောင့် ယင်းသို့ ပေါ်ပေါက်လာမည့် လူငယ်ပါတီသစ် အင်အားခိုင်မာ သည်အထိ ရွေးကောက်ပွဲမကျင်းပသေးဘဲ စောင့်ဆိုင်း နေဖွယ်ရှိကြောင်း မှန်းဆရပါသည်။
သို့ရာတွင် ထိုသို့ ရွေးကောက်ပွဲကာလ မသေချာမှုအပေါ် အာဏာလိုချင်လှပြီဖြစ်သော BNP ပါတီက စိတ်မရှည်နိုင်ဖြစ်သကဲ့သို့ အဝါမီလိဂ်ပါတီ ထောက်ခံသူများကလည်း အဝါမီ လိဂ်ကို နိုင်ငံရေးပါတီအဖြစ်မှ ပိတ်ပင်တားမြစ်ခြင်း မရှိသေးသဖြင့် ပါတီကို ပြန်လည်ထူထောင်ရန် ရွေးကောက်ပွဲဝင်ခွင့်ရရန် လိုလားလျက်ရှိကြသည်။ သို့ဖြစ်ရာ အနာဂတ်တွင် အနောက်လိုလားသော လစ်ဘရယ်လူငယ်အုပ်စု၊ ပါကစ္စတန်လိုလားသော ဘာသာရေးအခြေခံဝါဒီ BNP နှင့် ဂျမ္မတ်အုပ်စု၊ အိမ်နိမ့်စံ အဝါမီလိဂ်အုပ်စုဟူ၍ အုပ်စုကြီး သုံးခု၏ သုံးပွင့်ဆိုင်နိုင်ငံရေး ကျားကစားကွက်များကို တွေ့မြင်ရဖွယ်ရှိသည်။
နိုင်ငံတကာဆက်ဆံရေးတွင်မူ အမေရိကန်နှင့် အနောက်အုပ်စု၏ ထောက်ခံအားပေးမှုရရှိထား သော ကျောင်းသားအုပ်စုသာ အာဏာရလာပါက အနောက်လိုလားသည့် နိုင်ငံခြားဆက်ဆံရေး ပေါ်ထွက်လာပြီး တရုတ်နှင့်ဆက်ဆံရေး ယိုယွင်း ကျဆင်းသွားနိုင်ဖွယ်ရှိသည်။
ပါကစ္စတန် လိုလားသော BNP နှင့် ဂျမ္မတ်အုပ်စု တက်လာပါက အိန္ဒိယနှင့်ဆက်ဆံရေး တင်းမာလာ မည်မှာ သေချာသလောက်ရှိသည်။
အဝါမီလိဂ်ပါတီအနေဖြင့်မူ လတ်တလော ကာလတွင် လူထုသဘောထား ပြောင်းပြန် ပြောင်းလဲသွားကာ ပြည်သူ့ချဉ်ဖတ်သဖွယ် ဖြစ်သွားခဲ့သဖြင့် အချိန်အတိုင်းအတာတစ်ခု အထိ နိုင်ငံရေးဆောင်းခိုကာလ (Political Hibernation) ကို ဖြတ်သန်းရဖွယ်ရှိကြောင်း သုံးသပ်ရပါသည်။
အဝါမီလိဂ်အစိုးရနှင့် နှစ်ရှည်လများ မဟာမိတ် ဖြစ်ခဲ့သော တရုတ်နိုင်ငံအနေဖြင့် မိမိ၏ အကျိုး စီးပွားအရ မူဝါဒပြန်လည်ထိန်းညှိမှု ပြုလုပ်ရဖွယ် ရှိပြီး မည်သူပင်အနိုင်ရစေကာမူ အလုပ်ဖြစ်နိုင်သည့် လုပ်ငန်းသဘောဆက်ဆံရေးကို ထူထောင်ရဖွယ် ရှိပါသည်။
သို့ရာတွင် ကျွဲလေးကောင်ခတ်သည့်အကြားမှ မြေစာပင်ဖြစ်နေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အပေါ်ယံမြင်တွေ့ရန်ခက်ခဲသော ကန့်လန့်ကာ နောက်ကွယ်တွင်မူ ဇာတ်ရှုပ်များ ပေါ်ပေါက်နိုင်ဖွယ် ရှိသည်။ ပထဝီနိုင်ငံရေးအရ ဘင်္ဂလားဒေ့ရှ်ကုန်းမြေ နယ်နိမိတ်၏ အများစုကို ဝိုင်းရံထားသော အိန္ဒိယ နိုင်ငံကို ကလန်ကဆန်ပြုမိသည်နှင့် အိန္ဒိယနိုင်ငံမှ စီးဆင်းလာသောမြစ်ရေကို မှီခိုနေရသည့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံအတွက် အကြောင်းဆိုးသွားနိုင်သည်များ လည်းရှိသည်။
အလားတူပင် ဘင်္ဂလားပင်လယ်အော် ထွက်ပေါက်ကို မဖြစ်မနေလိုအပ်နေသည့် တရုတ် နိုင်ငံအား နတ်မြစ်ဝထိပ်မှ အနောက်အုပ်စုက ထိန်းချုပ်ရန် အခွင့်ပေးလိုက်ပါက နိုင်ငံကာကွယ် ရေးတွင် တရုတ်စစ်လက်နက်ပစ္စည်းများကို အားပြုနေရပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် တရုတ်ရင်းနှီးမြှုပ်နှံမှု၊ တရုတ်နည်းပညာနှင့် တရုတ်ချေးငွေကို လိုအပ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် အိပ်မက်ဆိုးများ ရောက်ရှိလာနိုင် သည်။
လက်ရှိ အခြေအနေမှာ အရေးအခင်းကာလတွင် မင်းမဲ့စရိုက်များကြောင့် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ဖိုးခန့် အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံး ခဲ့ရပြီး အရေးအခင်းအလွန်ကာလတွင် အိန္ဒိယ ဘက်မှ မြစ်ရေလျှံကျစီးဆင်းလာမှုကြောင့် လူပေါင်း ၅ သန်းကျော် ရေဘေးကြုံတွေ့နေရကာ အစား အစာ၊ ဆေးဝါးနှင့်အဝတ်အထည် စသည့်အထောက် အပံ့များ အရေးပေါ်လိုအပ်နေသည်ဟု ဆိုသည်။ စီးပွားရေးဘက်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဓိက ဝင်ငွေရလမ်းတစ်ခုဖြစ်သည့် အထည်ချုပ် လုပ်ငန်းမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အထိနာ ခဲ့ပြီး အော်ဒါမှာယူမှုများလည်း ကျဆင်းနေသည်ဟု ဆိုသည်။
ဘဏ္ဍာရေးဘက်၌ နိုင်ငံခြားကြွေးမြီ ဒေါ်လာ ဘီလီယံ ၁၀၀ ရှိနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြွေးမြီနှင့် ပို့ကုန်အချိုးမှာ ၁၁၆ ဒသမ ၆ ရာခိုင်နှုန်း သို့ ရောက်ရှိနေသည်။ နိုင်ငံခြားသုံးငွေ အရန်ပမာဏ မှာလည်း များစွာကျဆင်းနေပြီး ဒေါ်လာ ၁၈ ဘီလီယံခန့်သာရှိရာ သွင်းကုန် သုံးလစာခန့်အတွက် သာ လုံလောက်ရုံရှိသည်ဟု ဆိုသည်။ ထို့ကြောင့် ရှိတ်ဟာဆီနာ မနုတ်ထွက်ရမီကာလက တရုတ်နိုင်ငံမှ ဒေါ်လာဘီလီယံ ၂၀ ချေးယူရန် စီစဉ်ခဲ့သည်ဟု ဆို၏။
အချုပ်အားဖြင့် သုံးသပ်ရပါမူ နှစ်ရှည်လများ အထိုင်ကျနေသည့် တိုးတက်ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို ရုတ်ခြည်းပြောင်းပြန်လှန်ကာ အရာခပ်သိမ်း ဖျက်သိမ်းမြေလှန်၍ အသစ်ပြန်လည်တည်ဆောက် မည်ဟု ကြုံးဝါးနေချိန်တွင် နိုင်ငံအခြေအနေမှာ “သည်မိုး၊ သည်လေ၊ သည်လူတွေ”နှင့် ရေရှည် မည်သို့ကူးခတ်ကြမည်ကို စောင့်ကြည့်ရန်သာ ရှိပါတော့သတည်း။ ။
- Log in to post comments