ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကျယ် (ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး၊ စူပါဆိုင်ကလုန်း)

Type
8

 

ကိုကိုလှိုင်

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးကို Two Begums’ War (ဘွားတော်ကြီးနှစ်ဦး၏ စစ်ပွဲ)ဟု နိုင်ငံတကာရေးရာလေ့လာသူများက ဝိဂြိုဟ်ပြုလေ့ရှိကြသည်။ ဤအဆို သည်လည်း   မမှားပါ။  ၁၉၇၁  ခုနှစ်တွင်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ပေါ်ပေါက်လာပြီးနောက်ပိုင်း  အဓိကနိုင်ငံခေါင်းဆောင် ငါးဦးသာရှိခဲ့ရာ ရှိတ်မူဂျီဘူရာမန်၊ ဗိုလ်ချုပ်ကြီး ဇီယာရာမန်၊  ဒုတိယဗိုလ်ချုပ်ကြီး ဟူစိန် မိုဟာမက် အာရှတ်၊ ဘီဂမ်ခါလီဒါဇီယာ (ဗိုလ်ချုပ်ကြီး ဇီယာရာမန်၏ ဇနီး)နှင့် ဘီဂမ်ရှိတ်ဟာဆီနာ (ရှိတ်မူဂျီ ဘူရာမန်၏ သမီး)တို့ ဖြစ်ကြသည်။ ရှိတ်မူဂျီ ဘူရာမန်မှာ ၁၉၇၅ ခုနှစ်တွင် လုပ်ကြံခံခဲ့ရပြီး ဗိုလ်ချုပ်ကြီး ဇီယာရာမန်မှာ ၁၉၈၁ ခုနှစ်တွင် လုပ်ကြံခံခဲ့ ရသည်။ ယင်းနောက် ဆက်ခံသည့် ဒုတိယဗိုလ်ချုပ်ကြီး အာရှတ်မှာ ၁၉၉၀ ပြည့်နှစ်တွင် အတိုက်အခံနိုင်ငံရေးပါတီများ၏ အုံကြွဆန့်ကျင်မှုကြောင့် ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။
ထိုမှနောက်ပိုင်းတွင်    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အဓိကနိုင်ငံရေးပါတီကြီး   နှစ်ခုဖြစ်သော  ခါလီ ဒါဇီယာ ဦးဆောင်သည့် BNP ပါတီနှင့် ရှိတ်ဟာဆီနာ ဦးဆောင်သည့် အဝါမီလိဂ်ပါတီတို့ကသာ အားပြိုင် နေခဲ့ကြကာ တစ်လှည့်စီ အာဏာရနေခဲ့ကြသည်။ ပါတီစုံဒီမိုကရေစီဟုဆိုသော်လည်း   တစ်ပါတီ အာဏာရလျှင်   အတိုက်အခံပါတီက  လွှတ်တော် မတက်ဘဲ   သပိတ်မှောက်သည်။  ရွေးကောက်ပွဲ လုပ်သည့်အခါ    တစ်ဖက်နှင့်တစ်ဖက်   လုံးဝ မယုံကြည်သဖြင့် သမ္မတက ကြားဖြတ်အစိုးရဖွဲ့ကာ ရွေးကောက်ပွဲလုပ်ပေးရသည်။
ခါလီဒါဇီယာ၏ ပါတီက ၁၉၉၁ မှ ၁၉၉၆ အထိ အာဏာရခဲ့ပြီး ရှိတ်ဟာဆီနာက ၁၉၉၆ မှ ၂၀၀၁ အထိ အာဏာရခဲ့သည်။ တစ်ဖန် ခါလီဒါဇီယာက ၂၀၀၁ မှ ၂၀၀၆ ခုနှစ်အထိ အာဏာရခဲ့ပြီး နိုင်ငံရေး မတည်ငြိမ်သဖြင့် ၂၀၀၆ မှ ၂၀၀၉ နှစ်စပိုင်းအထိ ကြားဖြတ်အစိုးရများက အုပ်ချုပ်ခဲ့ရသည်။ ၂၀၀၉ ခုနှစ်တွင်    ရှိတ်ဟာဆီနာ၏ ပါတီရွေးကောက်ပွဲ အနိုင်ရပြီးသည့် နောက်ပိုင်းမှစ၍ ခါလီဒါဇီယာ၏ ပါတီမှာ  ခေါင်းမထောင်နိုင်တော့ပေ။  ကြားဖြတ် အစိုးရက ရွေးကောက်ပွဲလုပ်ပေးရသည့် အခြေခံ ဥပဒေပြဋ္ဌာန်းချက်ကို ၂၀၁၁ ခုနှစ်တွင် အဝါမီလိဂ် ပါတီက  ပယ်ဖျက်လိုက်သည့်နောက်ပိုင်း၊  ၂၀၁၄ ခုနှစ်တွင်   BNP  ပါတီက  ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲ တွင်   BNP  က  ရွေးကောက်ပွဲဝင်ခဲ့သော်လည်း မရှုမလှအရေးနိမ့်ခဲ့သည်။ BNP ပါတီက ရွေးကောက် ပွဲတွင် မဲမသမာမှု အလွန်များပြားကြောင်း စွပ်စွဲခဲ့ သည်။   ၂၀၂၄   ရွေးကောက်ပွဲ၌  BNP  ပါတီက ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်ခဲ့ပြန်သည်။
ဤသို့ဖြင့် ဘင်္ဂလားဒေ့ရှ်၏ နှစ်ပါတီနိုင်ငံရေး ဘတစ်ပြန်၊ ကျားတစ်ပြန် အုပ်စီးမှု (Duopoly) မှာ အာဏာရပါတီက လွှတ်တော်၌ တစ်ဖက်သတ် အုပ်စီးထားချိန်တွင်          အတိုက်အခံပါတီက လွှတ်တော်ကို   သပိတ်မှောက်၊ ရွေးကောက်ပွဲကို သပိတ်မှောက်၊ တစ်နိုင်ငံလုံး အိမ်ထဲမှ အပြင်မထွက် ရဟု  အတင်းအကျပ်  အကြမ်းဖက်ပိတ်ဆို့သည့် ဟာတားလ် (Hatel)ခေါ် အထွေထွေသပိတ်ပြုလုပ် စသည်ဖြင့် ရွေးကောက်ပွဲပြင်ပလူအုပ်စု နိုင်ငံရေး ပြုလုပ်ကာ နိုင်ငံရေးတည်ငြိမ်မှု ကင်းမဲ့နေခဲ့သည်။ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား စသည့် လူ့ အဖွဲ့အစည်းအသီးသီးတွင် နိုင်ငံရေးပါတီအလိုက် အသင်းအပင်းများ    ဖွဲ့စည်းကာ   အချင်းချင်း တိုက်ခိုက်နေခဲ့ကြသည်။
အကြမ်းဖက်အဖွဲ့အစည်းများနှင့် တရားမဝင် လက်နက်ခဲယမ်းများ   ရောယှက်ပါဝင်လာသော အခါ         တက္ကသိုလ်ကျောင်းဝင်းများအတွင်း ကျောင်းသားအဆောင် တစ်ဆောင်နှင့် တစ်ဆောင် လက်နက်ငယ်များနှင့်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွား သည်အထိ ဖြစ်ခဲ့သည်။ နိုင်ငံရေးပါတီများ၏ လူထု စည်းဝေးပွဲများတွင် ဗုံးဖောက်ခွဲမှု၊ ဗုံးပစ်လောင်ချာ ဖြင့် ပစ်ခတ်မှု စသည့် နိုင်ငံရေးအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ ရှိတ်ဟာဆီနာ ကိုယ်တိုင်ပင်လျှင် အတိုက်အခံခေါင်းဆောင်ဘဝက ၂၀၀၄ ခုနှစ်တွင် လူထုစည်းဝေးပွဲတစ်ခု၌ လက်ပစ်ဗုံးဖြင့်  ပစ်ခတ် လုပ်ကြံခံခဲ့ရဖူးပြီး   အသက်ဘေးမှ  သီသီလေး လွတ်ခဲ့ရဖူးသည်။ ထိုအချိန်မှစ၍ ရှိတ်ဟာဆီနာနှင့် ခါလီဒါဇီယာတို့မှာ ကမ္ဘာကြေသော်လည်း ရန်ငြိုး မပြေသည့် ကမ္ဘာရန်များ ဖြစ်သွားခဲ့ကြရလေသည်။
၂၀၀၉ ခုနှစ်နောက်ပိုင်း ရှိတ်ဟာဆီနာ၏ အဝါမီ လိဂ်ပါတီ ဆက်တိုက်အာဏာကို ကိုင်စွဲထားနိုင်ခဲ့ သောအခါ    အတိုက်အခံပါတီများနှင့်  ဘာသာရေး အစွန်းရောက်   အကြမ်းဖက်အဖွဲ့အစည်းများကို အင်အားသုံး၍   ဖိနှိပ်ချေမှုန်းခြင်းဖြင့်   နိုင်ငံရေး တည်ငြိမ်မှုကို အကြမ်းနည်းဖြင့် တည်ဆောက်ခဲ့ သည်။ အခြားတစ်ဖက်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး နှင့် စီးပွားရေးတိုးတက်မှုကို ဦးစားပေးဆောင်ရွက် ခဲ့သည်။
အကျိုးဆက်အနေဖြင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးမှာ   ရှိတ်ဟာဆီနာ၏   လက်ထက်တွင် သိသိသာသာ  တိုးတက်ခဲ့သည်။   ရှိတ်ဟာဆီနာ စတင်တာဝန်ယူသည့် ၂၀၀၉ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဂျီဒီပီတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ   ၅   ဘီလီယံသာ  ရှိခဲ့ရာမှ  ၂၀၂၃  ခုနှစ်သို့ ရောက်သောအခါ ၄၃၇ ဒသမ ၄၂ ဘီလီယံ ရှိလာ ခဲ့ပြီး လေးဆကျော် ဖြစ်လာခဲ့သည်။ တစ်ဦးချင်း ဝင်ငွေမှာ ၂၀၀၉ ခုနှစ်တွင် ၆၉၈ ဒသမ ၅ ဒေါ်လာ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၂၆၈၈ ဒေါ်လာသို့ ရောက်ရှိ လာခဲ့သည်။ ထိုသို့ အထင်ကြီးလေးစားလောက်ဖွယ် အောင်မြင်မှုများရရှိလာသည်နှင့်အမျှ ရှိတ်ဟာဆီနာ က “ဘင်္ဂလားဒေ့ရှ်၏   ၂၀၄၁   မျှော်မှန်းချက်” (Bangladesh Vision 2041) ဆိုသည်ကို ထုတ်ဖော် လာခဲ့သည်။ အဆိုပါ မျှော်မှန်းချက်အရ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ၂၀၃၀ ပြည့်နှစ်တွင် အလယ်အလတ် အမြင့်ပိုင်း  ဝင်ငွေရှိသည့်နိုင်ငံ (တစ်ဦးကျဝင်ငွေ ဒေါ်လာ ၅၇၀၀)၊ ၂၀၄၁ ခုနှစ်တွင် ဖွံ့ဖြိုးပြီး ဝင်ငွေ မြင့်မားသည့်နိုင်ငံ (တစ်ဦးကျဝင်ငွေ ဒေါ်လာ ၁၂၅၀၀) အဖြစ် ရောက်ရှိလာစေရန် မျှော်မှန်းခဲ့ခြင်းဖြစ်သည်။
အခြေခံအဆောက်အအုံ        အပိုင်းတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခင်က မမြင်ဖူး၊ မကြားဖူး သည့် မြစ်ကူးတံတားကြီးများ၊ အဝေးပြေးလမ်းမ ကြီးများ၊ ဒါကာ-စစ်တကောင်း မြန်နှုန်းမြင့် ရထား လမ်း၊ ဒါကာမြို့ပတ်မြေအောက်ရထားလမ်း စသည် တို့ကို   (တရုတ်နိုင်ငံ၏   ချေးငွေနှင့်  နည်းပညာ အကူအညီဖြင့်) တည်ဆောက်ခဲ့သည်။ စွမ်းအင် အပိုင်းတွင်လည်း   ဒါကာအနောက်မြောက်ဘက် ရုပ္ပူးဒေသ၌    စက်ရုံတစ်ရုံလျှင်   ၁၂၀၀  မဂ္ဂါဝပ် စွမ်းအားရှိ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ နှစ်ရုံကို(ရုရှားနည်းပညာဖြင့်) တည်ဆောက် ခဲ့သည်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ တတိယသက်တမ်း (၂၀၁၉-၂၀၂၃) ကုန်ဆုံးလုနီးကာလ၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အနေအထားမှာ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုတွင်လည်း ကမ္ဘာပေါ် ၌ စီးပွားရေးတိုးတက်မှုနှုန်း အမြန်ဆုံးနှင့် အမြင့်ဆုံးနိုင်ငံတစ်ခု ဖြစ်နေသကဲ့သို့ နိုင်ငံရေးအပိုင်းတွင်လည်း အတိုက်အခံမှန်သမျှကို ခေါင်းမထောင်နိုင်အောင်   နှိပ်ကွပ်ထားမှုကြောင့် အတော်ပင် တည်ငြိမ်နေပြီဖြစ်သည်။ အကြမ်းဖက် အုပ်စုများကိုလည်း RAB (Rapid Action Battalion)အထူးတပ်ဖွဲ့ဖြင့်     ပိုက်စိပ်တိုက်နှိမ်နင်းခဲ့သဖြင့် အကြမ်းဖက်ခေါင်းဆောင်အများစုမှာ သေသူသေ၊ ထောင်ကျသူကျ၊ တောထဲတောင်ထဲသို့ ထွက်ပြေးသူ ပြေးဖြင့် အင်အားပြိုကွဲလျက်ရှိသည်။ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအပေါ် လူထု၏ထောက်ခံမှုမှာလည်း လူထုသဘောထားစစ်တမ်းများအရ ၇၀ ရာခိုင်နှုန်း ရှိနေရာ  ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက်  သပိတ်ဝင်အိတ်ဝင်  အနိုင် ရမည့်အခြေအနေဟု ဆိုနိုင်လေသည်။
သို့တိုင်အောင်   ၂၀၂၄   ခုနှစ်   ဇန်နဝါရီလ ရွေးကောက်ပွဲ၌   အနိုင်ရပြီး   ရှစ်လအကြာတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာမှာ ချက်ပြီး ထမင်းဟင်း များကိုပင်    မစားလိုက်ရဘဲ   အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် နိုင်ငံမှ ထွက်ခွာသွားခဲ့ရသည့်အဖြစ် မှာ မယုံနိုင်လောက်အောင်ပင်  ဆန်းကြယ်လွန်း လှသည်။  အဘယ် အကြောင်းတရားများကြောင့် ထိုသို့ ဖြစ်ခဲ့ရပါသနည်း။
အတိုက်အခံတို့၏ နည်းဗျူဟာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို “ဇိကုပ်၍ နတ်ပြည်တင်” လိုသည့် ရှိတ်ဟာဆီနာ၏ စီမံကိန်းမှာ ခြောက်ပြစ် ကင်း သဲလဲစင် အောင်မြင်သည်တော့ မဟုတ်ပေ။ နှစ်ရှည်လများ နှိပ်ကွပ်ခံခဲ့ကြရသည့် အတိုက်အခံ များက     ရှိတ်ဟာဆီနာနှင့်   အဝါမီလိဂ်ပါတီကို ဆတ်ဆတ်ခါအောင် နာကြည်းခဲ့ကြသည်။ ၂၀၂၄ ရွေးကောက်ပွဲနီးကပ်လာချိန်၌ အတိုက်အခံတို့၏ နိုင်ငံရေးနည်းဗျူဟာမှာ     ပြည်တွင်းလွှတ်တော် နိုင်ငံရေး၌ အဝါမီလိဂ်ပါတီကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်သဖြင့်    လွှတ်တော်ပြင်ပ   လူထုအုံကြွ ဆန့်ကျင်လှုပ်ရှားမှုဖြင့်      ရှိတ်ဟာဆီနာ အစိုးရကို ဖြုတ်ချရန်၊ နိုင်ငံတကာနယ်ပယ်တွင် အဝါမီလိဂ် ပါတီ၏ လူ့အခွင့်အရေးဖောက်ဖျက်မှု၊ ရွေးကောက် ပွဲမသမာမှုနှင့် ဒီမိုကရေစီကိုဆန့်ကျင်၍ အတိုက် အခံများကို အဓမ္မဖိနှိပ်မှုများကို အကြောင်းပြု၍ နိုင်ငံတကာဒီမိုကရေစီ         ဦးဆောင်နိုင်ငံများ (အနောက်နိုင်ငံများ)နှင့် နိုင်ငံတကာအဖွဲ့အစည်း များထံ    ချဉ်းကပ်ကာ    ရှိတ်ဟာဆီနာအစိုးရကို ဖိအားပေးစေရန်ဟူသည့်     နည်းလမ်းနှစ်မျိုးဖြင့် ဆောင်ရွက်ရန် ဖြစ်လေသည်။
ရွေးကောက်ပွဲမတိုင်မီကာလ       လူထုအုံကြွ ဆန့်ကျင်မှုနည်းလမ်းမှာမူ  များစွာမအောင်မြင်လှ ပေ။ အဓိကအကြောင်းရင်းမှာ အတိုက်အခံ BNP ၏ ခေါင်းဆောင်ပိုင်း   အားလုံးလိုလိုမှာ  လှုပ်မရ အောင် ဖိနှိပ်ခံထားရသဖြင့် ဦးဆောင်မှု ကင်းမဲ့နေ ခြင်းကြောင့်ဖြစ်၏။ BNP ပါတီ ဥက္ကဋ္ဌ ခါလီဒါဇီယာ မှာ    အဂတိလိုက်စားမှုဖြင့်   ပြစ်ဒဏ်ကျနေပြီး ကျန်းမာရေးလည်း   အကြီးအကျယ်ချို့ယွင်းကာ ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ နှလုံးရောဂါပေါင်းစုံ ဖြင့် အိပ်ရာထဲ၌ လဲနေသည်။ ခါလီဒါဇီယာ၏ သား တာဂျစ်ရာမန်မှာလည်း     အဂတိလိုက်စားမှုဖြင့် မျက်ကွယ်တွင် တရားစီရင်ပြစ်ဒဏ်ချခံထားရကာ ဗြိတိန်နိုင်ငံတွင်   တိမ်းရှောင်နေရသည်။  အခြား ထိပ်တန်းပါတီခေါင်းဆောင်များနှင့်      အလယ် အလတ်တန်း ခေါင်းဆောင်များမှာလည်း ရာနှင့်ချီ၍ ထိန်းသိမ်းခံထားရသည်။ ထို့ကြောင့် လူထုအုံကြွမှု ပြုလုပ်သော်လည်း မှန်းသလောက် လူမစုနိုင်သည့် အပြင် ရဲတပ်ဖွဲ့၏ အင်အားသုံး နှိမ်နင်းမှုကိုခံရသဖြင့် အရေးနိမ့်ခဲ့ရသည်။
လူ့အခွင့်အရေးနှင့်ပတ်သက်သည့် နိုင်ငံတကာဖိအားပေးရေးနည်းလမ်းမှာမူ    အတော်အတန် အလုပ်ဖြစ်ခဲ့သည်ဟု    ဆိုနိုင်သည်။  အမေရိကန် ဦးဆောင်သည့်  အနောက်နိုင်ငံများက  တရုတ်နှင့် ရုရှားနိုင်ငံတို့အပေါ် ပိုမိုမှီခိုလာသည့် ဘင်္ဂလားဒေ့ရှ် အစိုးရအား          အမြင်မကြည်လင်တော့သည့် အလျောက်  လူ့အခွင့်အရေးကို အကြောင်းပြကာ သံတမန်ရေးနှင့် နိုင်ငံရေးအရ လှည့်ပတ်၍ ပြဿနာ ရှာကာ  ဖိအားပေးခဲ့သည်။  ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်ခဲ့သည်ဟု ကျော်စောသတင်းရှိသူ များနှင့် အကြမ်းဖက်အုပ်စုများအား နှိမ်နင်းရာတွင် အလွန်အကျွံအင်အားသုံးသည်ဟု  စွပ်စွဲခံရသည့် RAB အထူးတပ်ဖွဲ့ခေါင်းဆောင်များကို အမေရိကန် သို့ ပြည်ဝင်ခွင့်ဗီဇာ ရုပ်သိမ်းခဲ့သည်။ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃   ခုနှစ်တွင်   အမေရိကန်၌  ကျင်းပသည့် ဒီမိုကရေစီနိုင်ငံများ ထိပ်သီးညီလာခံသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို  မဖိတ်ကြားဘဲ  ဖယ်ကြဉ်ထားခဲ့သည်။ အမေရိကန်ထိပ်တန်းအရာရှိများကို စေလွှတ်၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အလေးမထားလျှင် ဘင်္ဂလားဒေ့ရှ်နှင့်  ပူးပေါင်းဆောင်ရွက်မှုများကို လျှော့ချမည်ဟု ခြိမ်းခြောက်ခဲ့သည်။
ရှိတ်ဟာဆီနာနှင့် အဝါမီလိဂ်ပါတီ ခေါင်းဆောင် များကလည်း အနောက်နိုင်ငံများ၏ ဖိအားပေးမှုကို ခေါင်းငုံ့မခံဘဲ တုံ့ပြန်ခဲ့ကြသည်။ ၂၀၂၃ ခုနှစ် ဧပြီလ တွင်    ဘင်္ဂလားဒေ့ရှ်လွှတ်တော်၌   ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက        မိန့်ခွန်းပြောကြားခဲ့ရာတွင် အမေရိကန်နိုင်ငံကို တဲ့တိုးပင်ဖော်ထုတ်၍ ပြစ်တင် ဝေဖန်မှုများ    ပြုလုပ်ခဲ့သည်။   ရှိတ်ဟာဆီနာက အမေရိကန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်တွင် ဒီမိုကရေစီ ကို ဆိတ်သုဉ်းအောင် ပြုလုပ်နေပြီး  ဒီမိုကရေစီ မကျင့်သုံးသည့် အစိုးရတစ်ရပ် ပေါ်ထွက်လာစေရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။ အမေရိကန်သည် ဒီမိုကရေစီစံနှုန်းများအား    အတ္တလန္တိတ်သမုဒ္ဒရာ ကို ကျော်လွန်၍ ကျင့်သုံးမှုမရှိ (ပြည်ပနိုင်ငံများတွင် ဒီမိုကရေစီကို    ဘေးချိတ်ထားကာ   ဝင်ရောက် စွက်ဖက်သည်)ဟု   ဆိုခဲ့သည်။  “သူတို့က  ဘယ် နိုင်ငံက   အစိုးရကိုမဆို  ဖြုတ်ချနိုင်တယ်။  အထူး သဖြင့်  မွတ်စလင်နိုင်ငံတွေကတော့  ပိုပြီးဆိုးတာ ပေါ့”ဟု ဟာဆီနာက ပြောကြားခဲ့သည်။
အမေရိကန်နှင့်   အနောက်အုပ်စုနိုင်ငံများက ရှိတ်ဟာဆီနာ၏   အာဏာရပါတီကို  တစ်ဖက်က ဖိအားပေးခဲ့သလို    အခြားတစ်ဖက်တွင်လည်း အတိုက်အခံအုပ်စုများနှင့် ပိုမိုထိတွေ့ဆက်သွယ် လာခဲ့ရာ  အဝါမီလိဂ်နှင့် အမေရိကန်ဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့လေသည်။
၂၀၂၄ ခုနှစ်ရွေးကောက်ပွဲနှင့်
နောက်ဆက်တွဲ ဖြစ်ရပ်များ
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် အဓိက အတိုက်အခံ BNP ပါတီက ၄၈ နာရီ ပြည်လုံးကျွတ် သပိတ်မှောက်ကြရန် လှုံ့ဆော်နေသည့်အကြားမှ ဇန်နဝါရီလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပ ခဲ့သည်။   ဆန္ဒမဲပေးရန်  မှတ်ပုံတင်ထားသူ ၁၁၉ သန်းအနက်မှ သန်း ၅၀ ကျော်လာရောက် မဲပေး ခဲ့ကြပြီး ဆန္ဒမဲပေးသူ ရာခိုင်နှုန်းမှာ ၄၁  ရာခိုင်နှုန်း ကျော် ဖြစ်သည်ဟုဆိုသည်။ လွှတ်တော်တစ်ရပ် တည်းသာရှိသော         ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရွေးကောက်ခံအမတ်နေရာ  ၃၀၀  ရှိသည့်အနက် ရှိတ်ဟာဆီနာ၏ အဝါမီလိဂ်ပါတီက ၂၂၄ နေရာ (၇၄ ဒသမ ၆) ရာခိုင်နှုန်း အနိုင်ရရှိသည်။   အာရှတ် ထူထောင်ခဲ့သည့်   ဂျာတီယပါတီက   ၁၃  နေရာ၊ ပါတီငယ်သုံးခုက   သုံးနေရာနှင့်   အဝါမီလိဂ်နှင့် နီးစပ်သော  တစ်သီးပုဂ္ဂလများက  ၆၂  နေရာ ရရှိ သည်ဟုဆိုသည်။    အဓိကအတိုက်အခံပါတီများ ဖြစ်သော BNP နှင့် ဂျမ္မတ်အီ အစ္စလာမီပါတီတို့က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။  
ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အစိုးရအဖွဲ့သစ်နှင့် အတူ အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် ရှိတ်ဟာဆီနာ သည် စတုတ္ထသက်တမ်းအတွက် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။  အသက်အရွယ်အနေ အထားအရ ဤသက်တမ်းသည် ရှိတ်ဟာဆီနာ၏ နိုင်ငံရေးဘဝတွင် နောက်ဆုံးတာဝန်ထမ်းဆောင် ခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။
သို့ရာတွင် အတိုက်အခံများနှင့် အဝါမီလိဂ် အစိုးရကို     ဖြုတ်ချလိုသူ   ပယောဂများကမူ ဤနောက်ဆုံး သက်တမ်းပြီးဆုံးသွားသည်အထိပင် စောင့်ဆိုင်းလိုဟန် မရှိပေ။ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ အကြိုနှင့်  ရွေးကောက်ပွဲလွန်ကာလများတွင် နိုင်ငံ ရေးလှုပ်ရှားမှုများကို  သိုသိပ်စွာ စတင်ခဲ့ကြသည်။
ကျွဲလေးကောင်အကြားမှ မြေစာပင်ဘဝ
အင်အားကြီးအုပ်စုနှစ်ခု၏ အားပြိုင်မှုအကြားမှ နိုင်ငံငယ်တစ်ခု၏ဘဝကို ကျွဲနှစ်ကောင်ခတ်သည့် အကြားမှ မြေစာပင်နှင့် နှိုင်းကြသည်ဟုဆိုပါလျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဖြစ်သနစ်မှာမူ “ကျွဲလေး ကောင်အကြားမှ မြေစာပင်” ဟု ဆိုရဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော်        ကမ္ဘာ့မဟာဗျူဟာ အင်အားကြီးနိုင်ငံများဖြစ်သော       တရုတ်နှင့် အမေရိကန်တို့၏ အားပြိုင်မှုအကြား၌လည်းကောင်း၊ တောင်အာရှ အင်အားကြီးနှစ်နိုင်ငံဖြစ်သော အိန္ဒိယ နှင့်  ပါကစ္စတန်တို့၏  အားပြိုင်မှုအကြား၌လည်း ကောင်း ကျရောက်နေခဲ့ရသောကြောင့် ဖြစ်ပါ၏။
ရှိတ်ဟာဆီနာ၏     အဝါမီလိဂ်ပါတီအစိုးရမှာ နောက်ပိုင်းတွင် အိန္ဒိယ၊ တရုတ်တို့နှင့် ပိုမို နီးကပ် စွာ ဆက်ဆံခဲ့သည်ကို တွေ့မြင်ရသည်။ အတိုက်အခံ ဖြစ်သော BNP နှင့် ဂျမ္မတ်အီ အစ္စလာမီပါတီတို့မှာ ပါကစ္စတန်နှင့် အနောက်အုပ်စုတို့နှင့် ပို၍ အလွမ်း သင့်သည်။
ရှိတ်ဟာဆီနာနှင့်       အနောက်အုပ်စုတို့၏ သဘောထားကွဲပြားတင်းမာမှုမှာ ရွေးကောက်ပွဲလွန် ကာလတွင် ပို၍ထင်ရှားသိသာလာသည့်သဘောကို တွေ့မြင်ရပါသည်။   ၂၀၂၄   ခုနှစ်  ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲရလဒ်ကို အိန္ဒိယ၊ တရုတ်နှင့် ရုရှား နိုင်ငံတို့က  လျင်မြန်စွာ အသိအမှတ်ပြု ချီးကျူး ဂုဏ်ပြုခဲ့ကြသော်လည်း၊ အမေရိကန်နှင့် ဗြိတိန်တို့ ကမူ လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲမဟုတ်ဟု ပြစ်တင်ဝေဖန်ခဲ့ကြသည်။
ရှိတ်ဟာဆီနာကလည်း     အနောက်အုပ်စု၏ လျှို့ဝှက်ကြံစည်မှုကို      ၂၀၂၄   ခုနှစ်  မေလတွင် ထုတ်ဖော်ဖွင့်ချခဲ့သည်။   မေလ  ၂၃  ရက်နေ့တွင် မဟာမိတ် ၁၄ ပါတီ တွေ့ဆုံသည့် အစည်းအဝေး၌ ရှိတ်ဟာဆီနာက   “ဘင်္ဂလားဒေ့ရှ် (စစ်တကောင်း ဒေသ)နှင့်  မြန်မာနိုင်ငံမှ  နယ်မြေများပါဝင်သည့် အရှေ့တီမောကဲ့သို့ အလားတူ ခရစ်ယာန်နိုင်ငံသစ် တစ်ခုကို ဖန်တီးရန်အတွက် ဘင်္ဂလားဒေ့ရှ်ပင်လယ် အော်ဒေသ၌ လေတပ်စခန်းတစ်ခု တည်ဆောက်ခွင့် ပေးရန်  လူဖြူတစ်ဦးက  ရွေးကောက်ပွဲမတိုင်မီ ကာလက မိမိထံလာရောက် ကမ်းလှမ်းခဲ့ကြောင်း၊ ဤကိစ္စကို   သဘောတူပါက  ရွေးကောက်ပွဲတွင် မည်သည့်အနှောင့်အယှက်       အဟန့်အတားမျှ မဖြစ်စေဘဲ အောင်မြင်စွာပြီးစီးစေရမည်ဟု အာမခံ ခဲ့ကြောင်း” ပြောကြားခဲ့သည်။ “ထိုကမ်းလှမ်းမှုကို မိမိက  သဘောမတူ  ပယ်ချခဲ့ခြင်းသည်ပင်လျှင် ထိုသူတို့အတွက်    မိမိ၏  အကြီးဆုံးပြစ်မှုကြီး ဖြစ်သွားခဲ့ကြောင်း၊ ရှေ့ဆက်၍လည်း ဒုက္ခပေးလာ ဖွယ်ရှိ‌ကြောင်း၊ သို့သော် မစိုးရိမ်ကြစေလိုကြောင်း” လည်း ဟာဆီနာက ပြောကြားခဲ့သည်။
ရှိတ်ဟာဆီနာက လာရောက်ချဉ်းကပ်သူ လူဖြူ သည် မည်သည့်နိုင်ငံမှ ဖြစ်ကြောင်း ဖော်ထုတ်ခဲ့ခြင်း မရှိသော်လည်း   အဝါမီလိဂ်ပါတီ၏   ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဆာဒ်ရူး အာမက်ခန်း ကမူ အမေရိကန်သည် နတ်မြစ်ဝရှိ စိန့်မာတင်ကျွန်း ၌ ရေတပ်စခန်းဌာနချုပ်တစ်ခု တည်ဆောက်ထားရှိ ခွင့်ရရေး ကြိုးပမ်းနေခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့်  NUG နှင့် PDF ကဲ့သို့ အစိုးရဆန့်ကျင်ရေး အင်အားစုများနှင့် မြန်မာနိုင်ငံ ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင် ကူကီး-ချင်း သူပုန်များကို     ထောက်ပံ့ကူညီနိုင်ရေးအတွက် တောင်အာရှဒေသကိုဖြတ်၍          လမ်းကြောင်း ဖောက်လုပ်ရန်    ကြိုးပမ်းနေသည်မှာ    ထင်ရှား လှကြောင်း၊        အိန္ဒိယသတင်းစာတစ်စောင်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
မဟာမိတ် ၁၄ ပါတီနှင့် တံခါးပိတ်ဆွေးနွေးရာ၌ မိမိတို့အစိုးရကို   ဖြုတ်ချရေးအတွက်  လျှို့ဝှက် ကြံစည်မှုများရှိနေပြီး၊   မိမိသည်လည်း  မိမိ၏ ဖခင် (ရှိတ်မူဂျီဘူရာမန်)ကဲ့သို့ ကံကြမ္မာမျိုးဖြင့် တွေ့ကြုံ ရနိုင်ကြောင်း၊ သို့သော် မိမိကတော့ အောက်ကျို့ အရှုံးပေးမည်မဟုတ်ကြောင်းလည်း ရှိတ်ဟာဆီနာ က ပြောကြားခဲ့သည်ဟု ဆိုသည်။
ယမ်းအိုးနှင့်မီးပွား
ရှိတ်ဟာဆီနာအနေဖြင့်      သူ့ကိုဖြုတ်ချရန် လျှို့ဝှက်ကြံစည်နေမှုအပေါ်   ကြိုတင်သိရှိခဲ့သည့် တိုင်အောင် အခြေအနေကို ကောင်းစွာထိန်းသိမ်း ကျော်လွှားနိုင်လိမ့်မည်ဟု စိတ်ချယုံကြည်ခဲ့ဟန် တူသည်။ ရွေးကောက်ပွဲကိုလည်း သောင်ပြိုကမ်းပြို နိုင်ခဲ့ပြီးပြီ။ လူထုထောက်ခံမှုလည်း ရှိနေသည်။ အတိုက်အခံ အများစုကိုလည်း ထိန်းချုပ်ထားသည်။ ဘင်္ဂလားဒေ့ရှ်ကြည်းတပ်ဦးစီးချုပ်ကိုလည်း ဟာဆီနာ ၏ လူယုံတစ်ဦးဖြစ်၊ တူမဝမ်းကွဲ၏ ခင်ပွန်းလည်း ဖြစ်သော ဗိုလ်ချုပ်ကြီး ဝါကာဥဇမန်ကို စစ်ဦးစီး အရာရှိချုပ်(ကြည်း)အဖြစ်  ရွေးကောက်ပွဲမတိုင်မီ ကလေးတွင်ပင်     ခန့်ထားခဲ့ပြီး    ရာထူးသက် ခြောက်လမျှနှင့်ပင်    ကြည်းတပ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ပေးခြင်းဖြင့် စိတ်ချရအောင် ပြုလုပ် ထားခဲ့သည်။
သို့ရာတွင်  နိုင်ငံရေးစစ်တုရင်ပွဲ၌  တစ်ဖက်မှ ယှဉ်ပြိုင်ကစားနေသူများတွင်လည်း အားသန်သည့် ကစားကွက်များရှိနေသည်။     ရွေးကောက်ပွဲဖြင့် တင်မြှောက်ထားသည့်          အစိုးရတစ်ရပ်တွင် တရားဥပဒေစိုးမိုးရေးနှင့်      ငြိမ်ဝပ်ပိပြားရေးကို တရားဝင်ဆောင်ရွက်ခွင့်ရှိရာ   ယင်းကို  နိုင်ငံရေး အန်တုမှုဖြင့်  လူထုအုံကြွဖြုတ်ချရေးမှာ  လွယ်ကူ သည့် ကိစ္စတော့မဟုတ်ပေ။
ပထမဆုံးလိုအပ်ချက်မှာ အုံကြွမှုတွင်ပါဝင်မည့် လူထု၌  အစိုးရအပေါ်   မကျေနပ်သည့်စိတ်များ အခြေခံအားဖြင့်    ရှိနေရေးဖြစ်သည်။  ယင်းမှာ ပေါက်ကွဲလွယ်သည့်   ယမ်းအိုးကြီးနှင့်  တူသည်။ ထို့နောက် လူထု၏ မကျေနပ်စိတ်များကို ပေါက်ကွဲ သွားအောင် ဖောက်ခွဲပစ်နိုင်သည့် ပြဿနာ မီးပွား တစ်ခု ပေါ်ပေါက်လာပါက ယင်းမီးပွားကို စနက်တံ ၌   ရှို့၍   အစပျိုးပေးလိုက်ကာ  အခြေအနေကို ထိန်းမရအောင်    ဖောက်ခွဲလိုက်ရန်ဖြစ်သည်။ ယင်းလုပ်ငန်းကို   တက်တက်ကြွကြွ  ဦးဆောင် လုပ်ကိုင်ပေးမည့် တက်ကြွလှုပ်ရှားသူများကိုမူ ကြိုတင်မွေးမြူ စုစည်းထားရန်လိုသည်။
ဘင်္ဂလားဒေ့ရှ်    အရေးအခင်းတွင်  အခြေခံ ယမ်းအိုးမှာ အခြေခံပြည်သူလူထု၏ စားဝတ်နေရေး မပြေလည်မှုဖြစ်သည်။ ရှိတ်ဟာဆီနာလက်ထက် တွင် နိုင်ငံ၏စီးပွားရေး တစ်ဟုန်ထိုး တိုးတက်ခဲ့သည် မှန်သော်လည်း၊   စီးပွားရေးတိုးတက်မှုနှင့်အတူ ငွေကြေးဖောင်းပွမှုကလိုက်ပါလာပြီး    အခြေခံ လူသုံးကုန်နှင့် စားကုန်ဈေးနှုန်းတို့ ကြီးမြင့်လာ သည်။  သို့သော် အောက်ခြေလူတန်းစားတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့်ဝင်ငွေက လုံလောက် အောင် တိုးတက်မလာသဖြင့် မကျေနပ်မှုများ ရှိနေ ကြသည်။ ဤအထဲတွင် စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ ယှဉ်တွဲပါလာလေ့ရှိသော  ဗျူရိုကရေစီယန္တရား၏ အကျင့်ပျက်ခြစားမှုနှင့်    အောက်ခြေလူထုအပေါ် ဖိစီးအနိုင်ကျင့်မှုများက  အစိုးရကို အမြင်ဆိုးများ ဖန်တီးပေးခဲ့သည်။   ရွေးကောက်ပွဲအကြိုကာလ နိုင်ငံရေးမတည်ငြိမ်မှုနှင့်    အတိုက်အခံများအား စုပြုံဖမ်းဆီးမှုများကလည်း   အတိုက်အခံဘက်နှင့် နှီးနွှယ်သူများ၏          နာကြည်းမုန်းတီးမှုများကို ကြီးထွားစေခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)