ကိုယ်ပြုသည့်ကံ ကိုယ်ပြန်ခံရခြင်းသာတည်း

Type
99

 

 မောင်သောမန

 

ကျွန်ုပ်တို့သည် မွေးသည်မှ သေသည်အထိ ဘဝတစ်လျှောက်လုံး အလုပ်များကို ဆက်တိုက်လုပ်ကြရသည်။ ကြားပြတ်သည်ဟူ၍မရှိ။  အလုပ်ကို ပါဠိဝေါဟာရဖြင့် ‘‘ကံ’’ဟု ဆိုသည်။ ကံကို မြန်မာပြန်ဆိုလျှင် ‘‘အမှု’’ဟု ဆိုကြသည်။ ကိုယ်ဖြင့်လုပ်သောအမှုကို ‘‘ကာယကံအမှု’’၊ နှုတ်ဖြင့်လုပ်သောအမှုကို ‘‘ဝစီကံအမှု’’၊ စိတ်ဖြင့်လုပ်သောအမှုကို ‘‘မနောကံအမှု’’ဟု ဆိုကြသည်။ 

 

‘‘ကံ’’သည် ကမ္မနိယာမအရ တူသော အကျိုးကို ပေး၏။ တူသောအကျိုးဆိုသည်မှာ မိမိပြုလုပ်သည့် ကောင်းကံ၊ မကောင်းကံအရ ထပ်တူပြန်ရသည်ဟု ဆိုလိုခြင်းဖြစ်၏။ ကံအကျိုးပေးသည် ပိုလည်းမပို၊ လိုလည်းမလို၊ လျှော့၍လည်းမရ၊   တိုး၍လည်း မရပေ။ ကံကို လိမ်ညာ၍မရ၊  အရှိကို အရှိအတိုင်း ခံစားကြရ၏။ ပုထုဇဉ်တို့သည် မိမိလုပ်သော အမှု ကို အကောင်းချည်းဟုသာ ထင်တတ်၏။ အမှန်ကို မမြင်သဖြင့် ပုထုဇဉ်ဖြစ်ကြသည်။ ပြုလုပ်သောအမှု မှန်မမှန် သေခါနီးအခါမှ သိရ၏။

 


အကုသိုလ်အမှု


မကောင်းမှုပြုထားသော    ဝရမ်းပြေးသည် ရာဇဝတ်ဘေးမှ ပြေးလျှင်   လွတ်ချင်လွတ်နေပေ လိမ့်မည်။ မလွတ်လျှင် ဥပဒေ၏ စီရင်ခြင်းကို မလွဲ မသွေခံရမည် ဖြစ်သည်။ အပြစ် အကြီး၊ အသေးပေါ် မူတည်၍ ပြစ်ဒဏ် အကြီး၊ အသေးခံရ၏။ အမှုသေး ကို အပြစ်ကြီးကြီးချ၍မရသလို အမှုကြီးကို အပြစ် သေးသေးချ၍မရပေ။ သံသရာတွင်လည်း အကုသိုလ် အမှု၊  ကုသိုလ်အမှုတို့သည်      အလားတူဖြစ်၏။ ရာဇဝတ်ဘေးမှာ ပြေး၍လွတ်နိုင်သေးသော်လည်း သံသရာဘေးမှာ  ၃၁ ဘုံ၌    ဘယ်နေရာပြေးပြေး အကုသိုလ် အပြစ်ဒဏ်မှ လွတ်နိုင်လိမ့်မည် မဟုတ် ချေ။ အပယ်လေးပါးအပြစ်ဒဏ်ကို   အကုသိုလ် အမှုအကြီးအသေးအလိုက် ကျခံကြရသည်။

 


လောကတွင်  မည်သည့်လူမျိုး၊    မည်သည့် ဘာသာဝင်မဆို၊ မိမိပြုလုပ်ခဲ့သောအလုပ်၏ အကျိုး ပေးအတိုင်း ကောင်းမွေ၊ ဆိုးမွေတို့ကို တိတိကျကျ ခံစားကြရသည်။ မည်သည့်ဘာသာဝင်၊ မည်သည့် လူမျိုးဖြစ်စေ ကိုယ်ပြုလုပ်ခဲ့သည့်  အကုသိုလ်ကံ အကျိုးပေးတို့ကို ဖျောက်ဖျက်ပစ်၍မရပေ။ အဆစ် တောင်း၍လည်းမရပေ။ ခြွင်းချက်အားဖြင့်   မိမိ ပြုလုပ်ခဲ့သော ကောင်းကံအနည်း၊ အများအလိုက် လျှော့ပေါ့သက်သာခွင့်တော့ ရနိုင်ပါသည်။ လောက ဓမ္မတာ ကမ္မနိယာမအရဖြစ်စေ၊ ဥပဒေကြောင်းအရ စီရင်ဆုံးဖြတ်ချက်အရဖြစ်စေ   မိမိပြုသမျှ အမှု ‘‘ကံ’’အရ အညီအမျှသာ ခံကြရသည်သာဖြစ်သည်။ 

 


မျက်မှောက်ကာလတွင် တိုင်းပြည်ကို ပျက်စီး စေသော၊ လူအများကို သေကျေပျက်စီးစေသော အမှုများအား ပြုလုပ်နေကြသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ပျက်စီးစေသောအမှုများသည် မကောင်း သောအမှု၊ မကောင်းသောကံများဖြစ်၍    ဓမ္မအရ ဖြစ်စေ၊   ဥပဒေအရဖြစ်စေ     တူညီသောအကျိုး၊ ထိုက်သင့်သည့်ပြစ်ဒဏ်များကို      ခံကြရမည် ဖြစ်သည်။ ကိုယ်ပြုသည့်   ‘‘ကံ’’   အမှုအလိုက် ထိုက်တန်သည့်အပြစ်ကို ခံရခြင်းဖြစ်၍ စောဒက တက်စရာ အကြောင်းမရှိပေ။ လတ်တလောတွင် သေဒဏ်ကျခံရမည့်    အကျဉ်းသားလေးဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ   ပြစ်ဒဏ် စီရင်ဆောင်ရွက်ပြီးစီးကြောင်း    သက်ဆိုင်ရာမှ သတင်းထုတ်ပြန်လိုက်သည့်အခါ ကံ ကံ၏ အကျိုး ကို   နားမလည်သော၊     နားလည်ပါလျက်နှင့် နားမလည်ချင်ယောင်ဆောင်နေသော ပြည်တွင်း၊ ပြည်ပမှပုဂ္ဂိုလ်များက အမျိုးမျိုးအဖုံဖုံ စောကြော ဝေဖန်နေကြသည်ကို ကြားသိရပေသည်။

 


ကျူးလွန်ခဲ့သည့် အပြစ်


အကျဉ်းသားလေးဦးသည်   ၎င်းတို့ပြုခဲ့သော ကျူးလွန်ခဲ့သည့်အတိုင်း ဥပဒေနှင့်အညီ စီရင်သော ခံရခြင်းဖြစ်၍ ဝမ်းသာစရာလည်းအကြောင်းမရှိ၊ ဝမ်းနည်းစရာလည်း အကြောင်းမရှိပေ။ နိုင်ငံတကာ မှာ သေဒဏ်ထိုက်သည့်    အပြစ်ကျူးလွန်သူကို သေဒဏ်အပြစ်ပေးမှုများရှိနေသည်ကို သိပါလျက် နှင့် ယခုသေဒဏ်စီရင်ခဲ့သည့် အမှုကို မတရားဘူး၊ ရက်စက်မှု၊ ယုတ်မာမှု၊ လူသားမဆန်မှု စသည်ဖြင့် ဝေဖန်စောကြောမှုများ ပြုလုပ်နေခြင်းသည် မြန်မာ နိုင်ငံ၌ အပြစ်မဲ့ပြည်သူများအား    အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်နေသည့် အကြမ်းဖက် သမားများ အတင့်ရဲလာအောင်၊ ဆက်လက်ကျူးလွန် လာအောင် အားပေးနေသည့် သဘောသက်ရောက် နေသည်ကို သတိပြုမိဖို့လိုပါသည်။ 

 


 ထို့ကြောင့် သေဒဏ်စီရင်ခံရသည့် အကျဉ်း သား လေးဦး ကျူးလွန်ခဲ့သည့်အမှုများကို အများ သိပြီးသားဖြစ်သော်လည်း ထပ်မံ၍ အကျဉ်းချုပ် တင်ပြလိုက်ရပါသည်။

 


၂၀၂၁ ခုနှစ် မတ် ၁၄ ရက်နေ့မှစတင်၍ နိုင်ငံတော် အတွင်း   အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပွားလာခဲ့ရာ ယင်းလုပ်ရပ်များတွင် ဖြိုးဇေယျာ သော်(ခ) မောင်ကျော်(ခ)ရေခဲ၊   ကျော်မင်းယု(ခ)ဂျင်မီ၊     လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီးနှင့် အောင်သူရဇော်(ခ)ကတုံး(ခ)သူရတို့သည် ရက်စက် ပြီး လူမဆန်သည့်  အကြမ်းဖက်သတ်ဖြတ်မှုများ ကို ကျူးလွန်ရာတွင်   စီစဉ်ညွှန်ကြားခြင်း၊   စီမံ ဆောင်ရွက်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင် ပါဝင်ကျူးလွန်ခြင်းတို့ကြောင့်   အပြစ်မဲ့ပြည်သူ အမြောက်အမြား သေဆုံးခဲ့ရသည်။   ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင် အကြမ်းဖက် NUG အဖွဲ့ဝင် ဖြိုးဇေယျာသော်အား   ၎င်းနေအိမ်တွင်   ပစ္စတို နှစ်လက်၊  ကျည် ၄၈ တောင့်၊  M-16 သေနတ် တစ်လက်၊  ကျည်  ၇၄  တောင့်နှင့်အတူ   ဖမ်းဆီး ရမိခဲ့သည်။

 


ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ ရန်ကုန် တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသော  တရားခံ ၂၉၃   ဦးတို့ကို လက်နက်မျိုးစုံ ၁၆၉ လက်၊ လက်လုပ်သေနတ်မျိုးစုံ ၂၃၁ လက်၊   လက်လုပ်စိန်ပြောင်း၊   ကျည်မျိုးစုံ၊ လက်ပစ်ဗုံးမျိုးစုံ၊ လက်လုပ်မိုင်းမျိုးစုံ၊ ဗုံးသီးမျိုးစုံ၊ ယမ်းမျိုးစုံစသည့်    လက်နက်ခဲယမ်းအမြောက် အမြားနှင့်ဆက်စပ်ပစ္စည်းများ၊ လုပ်ကြံသတ်ဖြတ် မည့်  စာရင်းစာအုပ်များနှင့်      မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ အကြမ်းဖက်   NUG    အဖွဲ့ဝင် ရည်မွန်နှင့် လွင်ကိုလတ်မှ ရန်ကုန်တိုင်းဒေသကြီး အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် လက်နက်ငယ်မျိုးစုံ ၃၅၃ လက်၊ ကျည်အိမ်မျိုးစုံ ၄၇၆ ခု၊ ခဲယမ်းမျိုးစုံနှင့် ဖောက်ခွဲဖျက်ဆီးရေးမျိုးစုံ တို့ကို ပို့ဆောင်ပေးခဲ့သည်။

 


လုပ်ကြံသတ်ဖြတ်


ဖြိုးဇေယျာသော်သည် အကြမ်းဖက်အဖွဲ့ ၂၀ အား NUG ထံမှရရှိခဲ့သော လက်နက်ခဲယမ်းများ ထုတ်ပေးကာ   ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အကြမ်းဖက်လုပ်ငန်းများနှင့် အပြစ်မဲ့ပြည်သူများ အား လုပ်ကြံသတ်ဖြတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

 

နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန်  တာဝန်ထမ်းဆောင်နေသော     မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများအား သတ်ဖြတ်ခြင်း၊ ပြည်ခိုင်ဖြိုးပါတီဝင်များအပါအဝင်  မတူကွဲပြားသောပါတီဝင် များနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ် ခြင်းများကျူးလွန်ခဲ့သည့်အပြင်  အစိုးရအဆောက် အအုံများ   ဖောက်ခွဲဖျက်ဆီးခြင်း  အကြိမ်   ၃၀၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးများ ဖောက်ခွဲဖျက်ဆီး ခြင်း ၃၂ ကြိမ်၊ လျှပ်စစ်ရုံးနှင့်   အနီးပတ်ဝန်းကျင် ဖျက်ဆီးမှု ကိုးကြိမ်၊ ကညနရုံးနှင့် အနီးပတ်ဝန်းကျင် ဖောက်ခွဲဖျက်ဆီးမှု ကိုးကြိမ်၊ ယာဉ်ထိန်းရုံးများအား
ဖောက်ခွဲဖျက်ဆီးမှု ၁၂ ကြိမ်၊ CCTV Control Box များ ဖောက်ခွဲဖျက်ဆီးမှု ငါးကြိမ်၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ     ဖောက်ခွဲဖျက်ဆီးမှု အကြိမ် ၆၀၊ ဘာသာရေး အဆောက်အအုံဖျက်ဆီးမှု နှစ်ကြိမ်၊ စာသင်ကျောင်းများ ဖောက်ခွဲဖျက်ဆီးမှု သုံးကြိမ်     ဆောင်ရွက်ခဲ့ပြီး       လုပ်ကြံသတ်ဖြတ် ဖျက်ဆီးရေးအဖွဲ့များ  Mission ဆောင်ရွက်မည့် တင်ပြချက်အပေါ်မူတည်၍ လက်နက်ခဲယမ်းများ ထုတ်ပေးခဲ့ပြီး အပြစ်မဲ့ပြည်သူများအား လုပ်ကြံ သတ်ဖြတ်မှု ၂၈ ကြိမ် ကျူးလွန်ခဲ့သည်။
အကြမ်းဖက် CRPH နှင့် NUG အဖွဲ့ဝင်များက နည်းလမ်းပေါင်းစုံဖြင့်    ငွေကြေးများရှာဖွေပြီး ၎င်းထံသို့ တရားမဝင်လမ်းကြောင်းမှ ပို့ဆောင်ပေး ခဲ့သည်။ ရငွေများကို လက်နက်ခဲယမ်းနှင့် ဖောက်ခွဲ ရေးပစ္စည်းများ ဝယ်ယူခြင်း၊  လိုင်စင်မဲ့မော်တော် ယာဉ်များ ဝယ်ယူခြင်း၊ အကြမ်းဖက်အဖွဲ့ဝင်များ ပုန်းခိုနေထိုင်ရန် နေအိမ်များ    ငှားရမ်းပေးခြင်း၊ ဖောက်ခွဲရေးလုပ်ငန်းများနှင့် အပြစ်မဲ့ပြည်သူများ အား လုပ်ကြံသတ်ဖြတ်ရာတွင် အောင်မြင်မှုအပေါ် မူတည်၍ အကြမ်းဖက်သမားများအား ချီးမြှင့်ငွေများ ထောက်ပံ့ပေးခြင်းနှင့် အချို့ကို ကိုယ်ကျိုးအတွက် ရယူသုံးစွဲခဲ့ကြောင်း သိရသည်။ ဖြိုးဇေယျာသော်၏ စေခိုင်းမှုဖြင့် အကြမ်းဖက်သမားများက ရန်ကုန် တိုင်းဒေသကြီးအတွင်း   အကြမ်းဖက်သတ်ဖြတ် မှုများ ဆောင်ရွက်ခဲ့ရာ  လုံခြုံရေးတပ်ဖွဲ့ဝင် ကိုးဦး၊ အပြစ်မဲ့ပြည်သူ ၂၁ ဦး သေဆုံးခဲ့ပြီး    လုံခြုံရေး တပ်ဖွဲ့ဝင်နှင့် ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

 


အကြမ်းဖက်အဖွဲ့ဖွဲ့စည်း


အကြမ်းဖက် CRPH နှင့် NUG ၏ နိုင်ငံရေးနှင့် လုံခြုံရေးအကြံပေး ကျော်မင်းယု(ခ)ဂျင်မီကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် ၎င်း၏နေအိမ် ၌ AK-47 သေနတ်ခြောက်လက်၊ M-16 သေနတ် ရှစ်လက်၊ ၁၂-ဗို့ သေနတ်နှစ်လက်၊    ဒေသန္တရ လုပ်သေနတ် တစ်လက်၊ ကျည်အိမ် ၁၈ ခုတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။ ကျော်မင်းယုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့်မတ်လအတွင်း ဆူပူဆန္ဒပြ လှုပ်ရှားမှုများနှင့် ဝန်ထမ်းများ CDM လှုပ်ရှားမှု တွင် ပါဝင်လာစေရန် ဝါဒဖြန့်လှုံ့ဆော်မှုများ ပြုလုပ် ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်း ဖက်လုပ်ငန်းများလုပ်ဆောင်ရန် ၂၀၂၁ ခုနှစ် ဧပြီလ တွင် Moon Light Operation အဖွဲ့ကို စတင်ဖွဲ့စည်း ခဲ့သည်။

 


ကျော်မင်းယု စီမံညွှန်ကြားသည့် ၎င်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း    အခြေခံပညာ အဆင့် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ များ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက် ခြင်း၊ အုပ်ချုပ်ရေးမှူးများကို သတ်ဖြတ်ခြင်း၊ အခြား ပါတီဝင်များအား သတ်ဖြတ်ခြင်း၊ ၎င်းတို့ပါတီအား မထောက်ခံသူများကို သတင်းပေး၊   ဒလန်အဖြစ် စွပ်စွဲသတ်ဖြတ်ခြင်း၊  ဓာတ်အားပေးစက်ရုံများ၊ အစိုးရအဆောက်အအုံများ၊ ပုဂ္ဂလိကဘဏ်များ စသည့် အရပ်ဘက်ပစ်မှတ်များနှင့်အပြစ်မဲ့ပြည်သူများကို ဦးတည်တိုက်ခိုက်ခြင်းများ ကျူးလွန်ခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်ရေးအတွက် ၎င်းအဖွဲ့အား လွင်ကိုလတ်က AK-47 နှင့် M-16 သေနတ် အလက် ၃၀၊ ကျည်တောင့် ၆၀၀၊   ကျည်ကတ်   ၉၀  နှင့် ဗုံးဖောက်ရန် ကတ်သီး ၅၀၀ ကို ကျော်မင်းယုအား ပေးအပ်ခဲ့သည်။ ၎င်းအဖွဲ့သည် ဖြိုးဇေယျာသော် ဦးဆောင်သည့် ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့နှင့် ပူးပေါင်း၍   ရန်ကုန်မြို့အတွင်း    အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။    ကြီးမားသော အကြမ်းဖက်လုပ်ငန်းရှစ်ခုကို လုပ်ဆောင်ရန်  အစီ အစဉ် ရေးဆွဲပြီး ညွှန်ကြားစေခိုင်းခဲ့သည်။  

 


အကြိမ်ကြိမ်ဆောင်ရွက်


ကျော်မင်းယုသည်    ရန်ကုန်တိုင်းဒေသကြီး အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေ သည့် နွေဦးကံ့ကော်အဖွဲ့သို့ လက်နက်ခဲယမ်းများ ဝယ်ယူရန် ငွေကျပ် ၅၅ သိန်း ထောက်ပံ့ပေးခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အင်အားစုအဖွဲ့နှင့် ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ သိန်းတစ်ထောင်ခန့် တန်ဖိုးရှိ သေနတ်ထုတ်လုပ်နိုင်သော 3D  Printer ဝယ်ယူရန် NUG ထံသို့ ဆက်သွယ်တောင်းခံခဲ့ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများအား     ငွေကြေး ထောက်ပံ့ရန် အမေရိကန်ဒေါ်လာများဝယ်ယူ၍ မြန်မာကျပ်ငွေဖြင့် လဲလှယ်ခြင်းများကို အကြိမ်ကြိမ် ဆောင်ရွက်ခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်မှုများ ဖော်ဆောင်နိုင်ရန် လိုအပ်သည့် လက်နက်၊ ခဲယမ်း၊ C-4 ယမ်းတောင့်၊ လက်ပစ်ဗုံး၊ ကတ်သီး၊ Drone၊ ဂြိုဟ်တုဖုန်း၊ ရေဒီယိုစကားပြောစက်၊ ငွေကြေးနှင့် နည်းပညာပံ့ပိုးပေးနိုင်ရေးအတွက် အကြမ်းဖက် NUG/CRPH/NUCC   အဖွဲ့ဝင်တို့နှင့်    အပတ်စဉ် Zoom Meeting ဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ 

 


၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့ ည ၉ နာရီခန့် တွင် လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီး ခေါင်းဆောင် ပြီး လှိုင်သာယာမြို့နယ်   အောင်မေတ္တာရပ်ကွက် အတွင်းရှိ ဆူပူအကြမ်းဖက်သူ ၂၀  ခန့်သည် အဆိုပါ ရပ်ကွက်တွင် နေထိုင်သည့် အပြစ်မဲ့ပြည်သူ အမျိုး သမီး တစ်ဦးနှင့် အိမ်အကူအမျိုးသမီးတစ်ဦးတို့ကို သံပုံးမတီးခြင်းကို အကြောင်းပြကာ သူလျှို၊ ဒလန် ဟု စွပ်စွဲ၍ လက်ပြန်ကြိုးတုပ်ပြီး   ဘုန်းကြီးကျောင်း တစ်ကျောင်းသို့ခေါ်ဆောင်၍   ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်။ ကျောင်းအတွင်း ရှိ သံဃာတော်များက ရိုက်နှက်ညှဉ်းဆဲခြင်း မပြု လုပ်ရန် မေတ္တာရပ်ခံသဖြင့်    အဆိုပါအမျိုးသမီး နှစ်ဦးကို ရပ်ကွက်အတွင်းရှိ ဓမ္မာရုံသို့ ပြောင်းရွှေ့ ခေါ်ဆောင်ကာ   ထပ်မံ   ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ ထို့နောက် အမျိုးသမီး၏နေအိမ်သို့   ပြန်လည် ခေါ်ဆောင်ကာ  ရိုက်နှက်ညှဉ်းဆဲမှုများ   ပြုလုပ်ခဲ့ သည်။ 

 


မသေမချင်းသတ်ဖြတ်


မတ်လ ၁၅ ရက်နေ့ နံနက်တွင် လှမျိုးအောင်(ခ)ကိုမျိုး(ခ)ဝက်ကြီးနှင့် အောင်သူရဇော်(ခ)ကတုံး(ခ)သူရ တို့သည် အိမ်အကူအမျိုးသမီးကို နေအိမ်တွင် ပိတ်လှောင်ထားခဲ့ပြီး အပြစ်မဲ့ပြည်သူအမျိုးသမီး အား တွံတေးမြို့နယ်   ဗျောက်ရိုးကျေးရွာအနီးသို့
မော်တော်ယာဉ်ဖြင့်ခေါ်ဆောင်ပြီး အသင့်ယူဆောင် လာသော ကိုးလက်မ နှစ်ဖက်သွားဓားဖြင့် ငါးချက် 
ထိုးခဲ့သည်။  

 


အမျိုးသမီးမှာ     ဒဏ်ရာဖြင့်     ရုန်းကန်နေစဉ် အောင်သူရဇော်(ခ)ကတုံး(ခ)သူရက အမျိုးသမီး ဝတ်ဆင်ထားသော  ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလက်စွပ် တစ်ကွင်းတို့ကို      ဖြုတ်ယူပြီး    ကားအောက်သို့ ဆွဲချကာ ဓားဖြင့်နှစ်ချက် ထပ်မံထိုးပြီး ရက်စက် စွာ     မသေမချင်းသတ်ဖြတ်ခဲ့သည်။      ထို့နောက် အမျိုးသမီးအလောင်းအား ချုံပုတ်အတွင်း  ပစ်ထား ခဲ့သည်။ 

 


အထက်ပါ တရားခံလေးဦး၏ ကျူးလွန်ခဲ့သော အမှုများသည် အလွန်ကြီးလေးသော အမှုများကို ကျူးလွန်ခဲ့ခြင်းဖြစ်၍ သေဒဏ်စီရင်ခဲ့ခြင်း ဖြစ်ပေ သည်။     ၎င်းတို့ကျူးလွန်ခဲ့သော   ပြစ်မှုများနှင့် ထိုက်တန်သော စီရင်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ပေ သည်။ လူအများကို ရက်စက်စွာသတ်ဖြတ်နိုင်ရန် အတွက် ကြံစည်အားထုတ် ကြိုးပမ်းခဲ့သူများ အပေါ် တွင် ဝမ်းနည်း၊ ဝမ်းသာစရာ ဖြစ်ရန်မလိုအပ်ပေ။ ကံ ကံ၏အကျိုးပေးကို ပြန်လည်ခံစားရခြင်း ဖြစ်ပေ သည်။ အကျဉ်းသားလေးဦးအား သေဒဏ်စီရင်လိုက် သည့်အပေါ်တွင် ကရုဏာပွား၊ ဝေဖန်နေကြသည့် ပြည်ပနိုင်ငံကြီးအချို့၏   ပြောဆိုနေကြမှုများမှာ လည်း အထူးအဆန်းတော့မဟုတ်ပါ။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လိုသလိုဖွင့်ဆိုသည့် အနောက် အုပ်စုက အကြမ်းဖက်သမားများကို   ဒီမိုကရေစီ သူရဲကောင်းသဖွယ် ပွဲထုတ်လာကြပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်သော အစိုးရကို  အကြမ်းဖက်လုပ်ရပ် အဖြစ် အပြစ်ပုံချသည့် လမ်းကြောင်းကို ဖော်ဆောင် လာခြင်းဖြစ်သည်။

 


တရားမျှတမှုရှိရမည်


အမေရိကန်နိုင်ငံ၌ အပြစ်မဲ့ပြည်သူများအား ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် သမားအား အမေရိကန်တရားရေးက မည်သို့တရား စီရင်သည်ကိုမူ မည်သူမျှ  မေးခွန်းမထုတ်ကြချေ။ ဒီမိုကရေစီရေး   တက်ကြွလှုပ်ရှားသူဆိုသည်မှာ ဒီမိုကရေစီ အခွင့်အရေးရရှိရေးအတွက် တက်ကြွစွာ လှုံ့ဆော်စည်းရုံးနေသူသာဖြစ်ပြီး  အကြမ်းဖက် သမားဆိုသည်မှာ အများပြည်သူ အဆောက်အအုံ များကို ဗုံးခွဲဖျက်ဆီးသူနှင့် အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်ရက်စက်စွာ သတ်ဖြတ်သူများဖြစ်သည် ကို ခွဲခြားသိမြင်ဖို့လိုပါသည်။   အကြမ်းဖက်သမား ဖြစ်စေ၊     အခြားပြစ်မှုကြီးကျူးလွန်သူဖြစ်စေ      သေဒဏ်ချမှတ်ခံရခြင်းသည်      လူသားချင်းစာနာမှု အရ ဝမ်းမြောက်စရာမရှိဘဲ ကျူးလွန်သည့်ပြစ်မှုနှင့် ညီမျှသော ပြစ်ဒဏ်ကို  ခံကြရမည်သာဖြစ်သည်။ သေဒဏ်ကျခံရမည့် အကြမ်းဖက်သမား၏ အသက် တစ်ချောင်းကို   တန်ဖိုးထားသလို    အကြမ်းဖက် သမားလုပ်ရပ်ကြောင့်    သေဆုံးခဲ့ရသည့်  အပြစ်မဲ့ ပြည်သူများ၏    အသက်ပေါင်းများစွာကိုလည်း တန်ဖိုးထားကြောင်း   ပြသနိုင်မှသာ   တရားမျှတမှု ရှိပေမည်။

 


အများပြည်သူ အသက်ခန္ဓာ အမြောက်အမြား သေကျေပျက်စီးစေရန် ကာယကံ၊ ဝစီကံ၊ မနောကံ ကံသုံးပါးမြောက်အောင် ကျူးလွန်ခဲ့သော အကြမ်း ဖက်သမားများအား သေဒဏ်စီရင်လိုက်ခြင်းသည် ၎င်းတို့ပြုသည့်ကံအရ    ၎င်းတို့ပြန်လည်ခံရခြင်း ဖြစ်ရာ ယင်းကို   မဆင်ခြင်ဘဲ ၎င်းတို့အပေါ်တွင် ကရုဏာသက်ဝင်၊ တရားစီရင်မှုအပေါ်တွင် ဝေဖန် စောကြော ပြစ်တင်နေကြသည့် ပုဂ္ဂိုလ်များအနေဖြင့် အကြမ်းဖက် အားပေးသည့်အပြစ် အဆစ်မထိုက် ကြပါစေရန် သတိပေးလိုရင်းဖြစ်ပါသည်။        ။