ကျိုင်းတုံမြို့၌ သက်ကြီးပူဇော်ပွဲ ကျင်းပ

 

 

နေပြည်တော်   ဧပြီ   ၁၈
၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကျိုင်းဖောင်း ရွာရှိ ကျိုင်းဖောင်းချောင်းတွင်  ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပရာ ကျိုင်းတုံမြို့  သီလဓမ္မကုန်းသာတောရ ကျောင်းတိုက် ဦးစီးပဓာန နာယက ဝစီပိတ် ဆရာတော် ဘဒ္ဒန္တကောဝိဒ ကြွရောက်၍  ဇီဝိတဒါန ကုသိုလ် ပြုလုပ်ပေးသည်။
အခမ်းအနားတွင်  ဝစီပိတ်   ဆရာတော် ဘဒ္ဒန္တ ကောဝိဒ အမှူးပြုသည့် ဆရာတော် သံဃာတော်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်    တိုင်းမှူး   ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်ဇနီး      ရှမ်းပြည်နယ်အစိုးရအဖွဲ့ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်ဇနီး၊ ဌာနဆိုင်ရာများက     ကျိုင်းဖောင်းချောင်းအတွင်း ဇီဝိတဒါနအဖြစ် ငါးကောင်ရေ ၆၅၀၀ ကို လွှတ်ပေး ခဲ့သည်။
ဆက်လက်၍ မြို့တော်ခန်းမ၌  သက်ကြီးပူဇော်ပွဲ ကို  ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်ဇနီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်ဇနီး၊  ဌာနဆိုင်ရာများက  ကျိုင်းတုံမြို့မှ အသက်(၇၅)နှစ်အထက်    အဘိုး ၂၀ နှင့်   အဘွား ၂၇ ဦးတို့ကို   တစ်ဦးလျှင်  ပစ္စည်းတန်ဖိုး ငွေကျပ် တစ်သောင်းနှင့်    ငွေကျပ် သုံးသောင်းစီ    ပူဇော် ကန်တော့ကြပြီး   အခမ်းအနားသို့    တက်ရောက် လာသူများကလည်း     ဘိုးဘွား   တစ်ဦးချင်းစီကို ငွေသားများ ထောက်ပံ့လှူဒါန်းကြသည်။
ထို့အပြင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊  အမှတ် (၃) တပ်မတော် ဆေးရုံခုတင်(၃၀၀)၊ အမှတ် (၁၂) စစ်မြေပြင်ဆေးတပ်ရင်း နယ်လှည့်ဆေးကုသရေး အဖွဲ့၊    ကျိုင်းတုံပြည်သူ့ဆေးရုံကြီးနှင့်   တိုင်းရင်း ဆေးကုဌာနတို့မှ ပါရဂူ၊ ဆရာဝန်၊ သူနာပြုများက  ဘိုးဘွားများကို   ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ   ဆောင်ရွက်ပေး ကြောင်း သိရသည်။                      သတင်းစဉ်