
ကျိုက်ထို ဩဂုတ် ၂
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဩဂုတ် ၁ ရက်က ရန်ကုန် - မော်လမြိုင်သွားကားလမ်း မိုင်တိုင်အမှတ် (၁၀၆/၂) (၁၀၆/၃)အကြားရှိ မြို့နယ်တရားရုံးရှေ့ ကားလမ်းမ ကြီးပေါ်တွင် ရေခြောက်လက်မခန့်နှင့် အလျားပေ ၃၀၀ ခန့် ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ကားလမ်းရေကျော်မှုကြောင့် ခရီးသွား ပြည်သူများ သွားလာမှုအဆင်ပြေစေရန်နှင့် အန္တရာယ်ကင်းဝေးစေရန်အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးမှူး ဦးကျော်မျိုးသူနှင့် အဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်း အဖွဲ့များ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ ရွှေသံလွင်ကုမ္ပဏီတို့ ပူးပေါင်း၍ လမ်းကြောင်းရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ဝင်းမောင်(ပြန်/ဆက်)