
ကျိုက်မရော ဩဂုတ် ၂၈
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယနေ့နံနက် ၉ နာရီက ကျိုက်မရောမြို့နယ် နိတုံကျေးရွာ မိုးစပါးရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် စပါးစိုက်ခင်းများအတွက် ပြန်လည်စိုက်ပျိုး မည့် တောင်သူများသို့ မျိုးစပါး တင်း ၁၄၈၀ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက် သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်၌ နှစ်စဉ်မိုးစပါးဧက ခြောက်သိန်း ငါးသောင်းကျော်နှင့် နွေစပါးဧက လေးသောင်းကျော် စိုက်ပျိုးလျက်ရှိကြောင်း၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ပြည်နယ် တစ်ခုလုံး၏ မြို့နယ် ခုနစ်မြို့နယ်တွင် မိုးစပါး စိုက်ဧက ၄၂၄၃၇ ဧက ရေလွှမ်းမိုးခဲ့ပြီး ၉၈၂၅ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ကျိုက်မရောမြို့နယ်အနေဖြင့် ရေနစ်မြုပ်ကာလ ကြာမြင့်ခြင်းကြောင့် စပါးစိုက်ခင်း များ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ တောင်သူများ အနေဖြင့် စိုက်ဧကပြည့်မီရေး၊ အထွက်နှုန်း ကောင်းမွန်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားပြီး မျိုးစပါး တင်း ၁၄၈၀ ထောက်ပံ့ပေးအပ် သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိ သူများကို မိုးစပါးအထွက်နှုန်း တိုးတက်စေရေး အတွက် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို ပေါင်းစပ်ပြီး အချိုးကျအသုံးပြုနိုင်ရေး၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာပေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ကြရန် မှာကြားကာ တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
မွန်ပြည်နယ်၌ ဩဂုတ်လအထိ မိုးစပါး ၆၆၈၇၄၉ ဧက စိုက်ပျိုးပြီးစီးခဲ့၍ ၉၇ ဒသမ ၁၆ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေလျှံခြင်းတို့ ကြောင့် ကျိုက်မရောမြို့နယ်၌ မိုးစပါး ၁၁၀၆၉ ဧက ရေလွှမ်းမိုးခဲ့ပြီး ၅၅၇၁ ဧက ပျက်စီးခဲ့၍ ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးများကို ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်
(ပြန်/ဆက်)