
၁။ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုလှိုင်းတွေ အဆင့်လိုက်၊ အဆင့်လိုက် ဖြစ်နေရာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာတစ်ဝန်းလုံးမှာ ထိန်းချုပ် နိုင်ဖို့ အရေးကြီးဆုံးသော့ချက်နဲ့ တစ်ခုတည်းသော ထွက်ပေါက်လို့ လည်း ပြောလို့ရတာက ကာကွယ်ဆေးဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ နိုင်ငံအတော်များများမှာ ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို အားစိုက် ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါတယ်။
၂။ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးအနေနဲ့ ခန္ဓာကိုယ်ထဲရှိတဲ့ ခုခံအားစနစ်ကို တုံ့ပြန်မှုအားကောင်းအောင် ဆောင်ရွက်ပေးပါတယ်။ ဗိုင်းရပ်စ်တွေက ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေထဲကိုဝင်ပြီး ပွားများလာရင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ပြန်လည်တုံ့ပြန်ပါတယ်။ ဒီလိုတုံ့ပြန်တဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်မှာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ထားရင် ရောဂါပိုးကို ပြန်လည်တုံ့ပြန်ထိန်းချုပ်ချေဖျက်နိုင်မှုက ကာကွယ်ဆေးအပေါ်မှာ မူတည်ပြီး ရောဂါကူးစက်မှုကို ၈၀ ရာခိုင်နှုန်း အထက် အကာအကွယ်ပေးနိုင်ပါတယ်။ ရောဂါဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရမှုကို ၉၅ ရာခိုင်နှုန်းအထက်အထိ ကာကွယ်ပေးနိုင်ပါတယ်။
၃။ ဒါကြောင့် ကာကွယ်ဆေးက အဓိကဖြစ်ပါတယ်၊ ကာကွယ်ရေး နည်းလမ်းတွေထဲမှာ ပါးစပ်၊ နှာခေါင်းစည်းတပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ ဒါတွေက တတ်နိုင်သမျှ ကိုယ့်ခန္ဓာကိုယ်ထဲကို ရောဂါပိုး မဝင်နိုင်အောင်လုပ်တာပါ။ ဒီကြားထဲကမှထပ်ပြီး ပိုးကဝင်လာရင် ကာကွယ်ဆေးထိုးထားတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အသင့်ရှိနေတဲ့ ပဋိပစ္စည်းတွေက ဝင်လာတဲ့ဗိုင်းရပ်စ်ကိုဖမ်းပြီး တားဆီးလိုက်တဲ့ အတွက် ရောဂါရဲ့နောက်ဆက်တွဲဖြစ်တဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်တွေ ပရမ်းပတာဖြစ်ပြီး ရောဂါကြောင့် သေဆုံးမှုနှုန်းကျသွားပါတယ်။ ဒါက ကာကွယ်ရေးမှာ ကောင်းတဲ့အချက်ဖြစ်ပါတယ်။
၄။ နောက်တစ်ခုက မိသားစုထဲမှာ ဘယ်လိုကောင်းကျိုးတွေရမလဲ ဆိုရင် ဗိုင်းရပ်စ်က နှာခေါင်း၊ ပါးစပ်က ဝင်လာတဲ့အခါ ပဋိပစ္စည်းတွေ ချေဖျက်လိုက်တဲ့အတွက် မတော်တဆပိုးဝင်သွားရင်တောင်မှ ဗိုင်းရပ်စ် က သူ့ခန္ဓာကိုယ်ထဲမှာ မရေတွက်နိုင်အောင် အကောင်တွေ အများကြီး ပွားလို့ မရတော့ဘူး။ သူ့နှာခေါင်း၊ ပါးစပ်ကနေထွက်တာ လျော့သွား မယ်။ လျော့သွားရင် သူ့မိသားစု၊ သူနဲ့ထိတွေ့တဲ့သူတွေ ကူးစက်နိုင်ဖို့ အတွက် တော်တော်အခွင့်အလမ်းနည်းသွားပါတယ်။ ဒါကြောင့် ကာကွယ်ဆေးတွေသည် ရောဂါကူးစက်မှုကို လျော့ကျစေပါတယ်။ ရောဂါပြင်းပြင်းထန်ထန်ဖြစ်ပွားမှုကိုလည်း အတော့်ကိုလျော့ကျ သွားစေတယ်။ အလွန်ကောင်းကျိုးရှိတဲ့ကိစ္စပါ။
၅။ ဒါကြောင့် ကမ္ဘာ့နိုင်ငံကြီးတွေအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းမှ ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို သိရှိတဲ့အတွက် သူတို့နိုင်ငံအတွင်းမှာ အရေးတကြီး ထိုးနှံပေးခြင်းဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းရဲ့ ကောင်းကျိုးနောက်တစ်ခုအနေနဲ့ မကြာခင် က အင်္ဂလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ယူရို ၂၀၂၁ ဘောလုံးပြိုင်ပွဲကို တက်ရောက်အားပေးကြတဲ့ ပရိသတ်တွေအနေနဲ့ မည်သည့်အကာ အကွယ်မှ ဝတ်ဆင်စရာမလိုဘဲ ဘောလုံးကွင်းထဲမှာ လွတ်လပ် ပေါ့ပါးစွာနဲ့ ပါဝင်အားပေးနိုင်ကြတာကို တွေ့ရပါတယ်။
၆။ ဒီအတွက် မကြာမီ နိုင်ငံတစ်ဝန်းမှာ ထိုးနှံပေးမည့် ကာကွယ်ဆေးထိုး အစီအစဉ်တွေမှာ မိမိနဲ့ မိမိ မိသားစုအတွက် ရရှိလာမယ့်အခွင့်အရေးကို လက်လွတ်မခံဘဲ ပါဝင်ထိုးနှံပေးကြဖို့ လိုအပ်ပါတယ်။ မိမိတို့နေထိုင်ရာ ဒေသ၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်တစ်ခုလုံး ကာကွယ်ဆေးထိုးနှံပြီးပါက မိမိတို့ရဲ့ နေ့စဉ်ဆောင်ရွက်ဖွယ်ကိစ္စတွေကို ကိုဗစ်ဘေးကဝေးပြီး စိတ်ချယုံကြည်စွာနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
၇။ ကိုဗစ်ကူးစက်နိုင်မှုကင်းစင်သော ရပ်ရွာအဖြစ် ရှင်သန်နိုင်ဖို့ အတွက် အားလုံးက ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေးထိုး လုပ်ငန်းတွေမှာ ပါဝင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။