
နေပြည်တော် ဩဂုတ် ၆
လက်ရှိအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အများစုတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုသည် ယခင်ကထက်စာလျှင် ၄၅ ရာခိုင်နှုန်းခန့် အထိ ကျဆင်းလာသည်ကို တွေ့ရှိနေရပါကြောင်း၊ အချို့ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင်မူ ရောဂါဖြစ်ပွားမှုတန်းနေခြင်းကို တွေ့ရှိ နေရပါကြောင်း၊ ရောဂါဖြစ်ပွားမှုများ ဆက်လက်ကျဆင်းလာရေး အတွက်လည်း ပိုမိုအားစိုက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင် ဝင်းက ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံရေး အစည်းအဝေး ကို ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video conferen-cing စနစ်ဖြင့် ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင် ဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ လူနာသေဆုံးမှုများသည် ပိုးတွေ့လူနာများအနေဖြင့် မိမိနေအိမ်တွင် ကုသသူများတွင် မြင့်မား နေသည်ကို တွေ့ရှိရပါကြောင်း၊ အိမ်တွင် ကုသခြင်းသည် ရောဂါ ကြောင့် သေဆုံးမှုနှုန်းများစေသလို အိမ်တွင်းရောဂါကူးစက်မှုနှုန်းကို လည်း မြင့်မားစေပါကြောင်း။
အထူးသဖြင့် အတူနေသက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ အား ကူးစက်ရာမှတစ်ဆင့် ၎င်းတို့တွင် အသက်အန္တရာယ်ရှိသည်အထိဖြစ်စေပါကြောင်း၊ အဆိုပါပုဂ္ဂိုလ်များအနေဖြင့် ယခုအချိန် ကဲ့သို့ ကူးစက်မြန် ပြင်းထန်မျိုးဗီဇပြောင်းရောဂါပိုးကြောင့် ရောဂါ ဖြစ်ပွားမှုများပြားချိန်၌ မိမိအိမ်တွင် နေထိုင်သည့်အချိန်တွင် ပါးစပ် နှင့် နှာခေါင်းစည်း (Mask) ကို အချိန်ပြည့်တပ်ထားရန် လိုအပ်ပါ ကြောင်း။
ပိုးတွေ့သူအားလုံးကို ပြည်သူလူထုအခြေပြု အတည်ပြုလူနာ ကိုဗစ်လူနာကုသရေးစင်တာများသို့ ရောဂါပြင်းထန်မှုအလိုက် အချိန် နှင့်တစ်ပြေးညီ ပို့ဆောင်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူများအနေဖြင့် ဆေးဝါးများဝယ်ယူသုံးစွဲရာတွင် မူလကပင် ဈေးနှုန်းမြင့်မားသည့် Branded ဆေးဝါးများကို အလွန် မြင့်မားသည့် ဈေးနှုန်းများပေးကာ ဝယ်ယူသုံးစွဲခြင်းမပြုဘဲ အရည် အသွေးတူ၍ ဈေးနှုန်းချိုသာကာ အလွယ်တကူဝယ်ယူရရှိနိုင်သည့် အလားတူ ဆေးဝါးများ သုံးစွဲလာတတ်စေရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှုန်းမှာ အားရစရာအခြေအနေဖြစ်၍ တစ်နိုင်ငံလုံး နေ့စဉ် ပျမ်းမျှထိုးနှံနိုင်မှု ၁၅၀၀၀၀ ခန့် ရရှိထိုးနှံနိုင် နေသည်ကို သိရှိရပါကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် လုပ်ငန်း လမ်းညွှန်များအတိုင်း တိကျစွာထိုးနှံနိုင်ရေး အရေးကြီးပါကြောင်း၊ စာရင်းဇယားများလည်း သေချာစွာ မှတ်တမ်းထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးထိုးအပ်များလည်း လုံလောက်စွာ ဖြန့်ဝေပြီး ဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်နိုင်ငံလုံး ရည်မှန်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်း ထိုးနှံသွားနိုင်ရေး ဆက်လက် ကြိုးပမ်းသွားရန် ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်