
ခင်မိုးခက်၊ အောင်ဝင်းငြိမ်း(ပြန်/ဆက်)
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာနေမိုးအား ဇူလိုင် ၃၁ ရက်တွင် တွေ့ဆုံမေးမြန်းပါသည်။
မေး။ ကန့်ဘလူမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှု အခြေ အနေကို သိချင်ပါတယ်။
ဖြေ။ လက်ရှိ ဆောင်ရွက်နေတာကတော့ ကန့်ဘလူမြို့ရဲ့ မြို့အဝင်ဂိတ်နှစ်ခုမှာ မြို့တွင်းဝင်ရောက်လာသူများကို ကိုယ်အပူချိန် တိုင်းတာခြင်း၊ ဖျားနေရင် (သို့မဟုတ်) stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ပြန်လာ သူဆိုရင် RDT Test စစ်ဖို့ ကန့်ဘလူ ခုတင် ၁၀၀ ဆေးရုံရှိ ဓာတ်ခွဲခန်းနဲ့ ချိတ်ဆက်ပြီး RDT Test နဲ့ ရောဂါ ရှိမရှိ စစ်ဆေးပါတယ်။ သံသယရှိသူတွေ၊ stay at home ကလာတဲ့သူတွေ၊ လူနာနဲ့ထိတွေ့ ဆက်စပ်သူတွေကို CBFQ သွင်းပြီး သုံးရက်မြောက် နဲ့ ခုနစ်ရက်မြောက်မှာ RDT စစ်ဆေးပါတယ်။ အဲဒီက Positive ထွက်ရင်တော့ ကုသရေးစင်တာ တွေဖြစ်တဲ့ ခုတင် ၁၀၀ သံဃာဆောင်၊ တိုင်းရင်း ဆေးရုံ၊ အားကစားခန်းမ၊ အလေးမရုံ (၁)နဲ့(၂)၊ GTI ကျောင်းသားအဆောင်တွေကို ပို့ပြီး ကုသမှုခံယူ စေပါတယ်။ Negative လူတွေကတော့ ခုတင် ၁၀၀ ဆေးရုံရှိ လေးခန်းတွဲလေးထပ်ဆောင်မှာ Quarantine ဆက်လက်ထားရှိပါတယ်။ နောက် သံသယလူနာတွေ၊ ပိုးရှိသူနဲ့ ထိတွေ့ဆက်စပ်မိသူ တွေ၊ Stay Home သတ်မှတ်မြို့နယ်က ပြန်လာ သူတွေကို နေ့စဉ် RDT နဲ့ စစ်ဆေးပေးလျက်ရှိပါ တယ်။ ပြီးတော့ လူထုကို အသိပေးနှိုးဆော်တဲ့အနေနဲ့ အသံချဲ့စက်နဲ့ နှိုးဆော်အသိပေးတာကိုလည်း မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တွေက ဆောင်ရွက်ပေးနေပါတယ်၊ Mask Campaign အနေနဲ့ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဈေးတွေမှာ အခါအားလျော်စွာ အသိပေးနှိုးဆော်ခြင်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ကိုဗစ်-၁၉ ရောဂါ ဖြစ်လာရင် ဘယ်လိုနေ ထိုင်စားသောက်သင့်ပါသလဲဆရာ။
ဖြေ။ ကိုဗစ်-၁၉ ရောဂါဖြစ်လာရင် ကုသရေး စင်တာတွေမှာ သွားရောက်ပြီး စနစ်တကျ ကုသမှု ခံယူရပါမယ်။ ရောဂါအခံတွေဖြစ်တဲ့ ဆီးချို၊ ပန်းနာရင်ကျပ်၊ အသည်း၊ နှလုံးနဲ့ ကျောက်ကပ် ရောဂါ တွေရှိခဲ့ရင် ဆိုးရွားတဲ့အခြေအနေဖြစ်နိုင်လို့ အထူး ကြပ်မတ်ကုသရပါမယ်။ အစားအသောက် အနေနဲ့ကတော့ အားရှိတဲ့ အစားအစာတွေ စားသောက်ပြီး အိပ်ရေးဝအောင်အိပ်၊ အားဆေး သောက် နေထိုင်သင့်ပါတယ်။ ရင်ကျပ်စေတဲ့ အစားအသောက်တွေကို ရှောင်ရှားသင့်ပါတယ်။
မေး။ ဘယ်လို ရောဂါလက္ခဏာမျိုးတွေ့ရင် စိုးရိမ်ရတဲ့ အခြေအနေလို့ ခေါ်ပါသလဲ။
ဖြေ။ ကိုဗစ်လူနာတစ်ဦးဟာ အခံရောဂါတွေဖြစ် တဲ့ ဆီးချို၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အဆုတ် နာတာရှည် ရောဂါတစ်မျိုးမျိုးရှိနေခဲ့ရင် ဆိုးရွားတဲ့အခြေအနေဖြစ်နိုင်လို့ အထူးကြပ်မတ် ကုသရပါမယ်။ အခံရောဂါမရှိဘဲလည်း ကိုဗစ် ကြောင့် ပြင်းထန်အဆုတ်ရောင်ပြီး အောက်ဆီဂျင် ၉၀ ရာခိုင်နှုန်းအောက် ကျခဲ့ရင်လည်း စိုးရိမ်ရတဲ့ အခြေအနေမို့ အထူးဂရုစိုက်ကုသဖို့ လိုအပ်ပါတယ်။
မေး။ လူနာတွေအတွက် အောက်ဆီဂျင် လိုအပ် ချက်ကို ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါ သလဲ။
ဖြေ။ ကန့်ဘလူမှာ အောက်ဆီဂျင်ဖြည့်သွင်းဖို့ အောက်ဆီဂျင် Plant မရှိပါဘူး။ အောက်ဆီ ဂျင် ဖြည့်သွင်းဖို့ မန္တလေးနဲ့ မုံရွာမြို့တွေမှာ သွား ရောက်ဖြည့်တင်းရပါတယ်။ လူနာတွေအတွက် O2 concentrator လေးလုံးနဲ့ O2 Cylinder ၂၁ လုံးနဲ့ လည်ပတ်ပေးနေရပါတယ်။ ကန့်ဘလူ အောက်ဆီ ဂျင် ပရဟိတအသင်း၊ မြို့မိမြို့ဖအသင်းကနေပြီး တော့ O2 concentrator ခြောက်လုံး ဝယ်ယူဖို့ စီစဉ် ဆောင်ရွက်နေပါတယ်။
မေး။ ပိုးတွေ့လူနာနဲ့ထိတွေ့သူတွေကို Quaran- tine ဝင်ဖို့အတွက် စီစဉ်ထားရှိမှုအခြေအနေ ကိုလည်း သိချင်ပါတယ်။
ဖြေ။ ပိုးတွေ့လူနာနဲ့ထိတွေ့သူများကို Quaran- tine ၁၀ ရက် ဝင်ရပါတယ်။ ၁၀ ရက်ပြည့်လို့ ပြန်သွားရင် အိမ်မှာ Home Quarantine ခုနစ်ရက် ဆက်ထားပါတယ်။
မေး။ ပိုးတွေ့လူနာတွေကို ဆေးရုံမှာ ဘယ်လို ဆောင်ရွက်ပေးပါသလဲ။
ဖြေ။ စိုးရိမ်ရတဲ့ ပိုးတွေ့လူနာတွေအတွက် တိုင်းရင်းဆေးရုံမှာထားပြီး ကြပ်မတ်ကုသ ပေးပါတယ်။ သာမန်ပိုးတွေ့လူနာတွေကတော့ ပိုးတွေ့ကုသစင်တာတွေမှာ ကုသပေးပါတယ်။
မေး။ လက်ရှိဆေးရုံတက်နေတဲ့ လူနာဦးရေနဲ့ ပြန်လည် ကျန်းမာလာမှုအခြေအနေ စာရင်းလေး သိချင်ပါတယ်။
ဖြေ။ လက်ရှိဆေးရုံတက်နေတဲ့လူဦးရေက ၂၉၁ ဦးရှိပြီး ပြန်လည်ကျန်းမာလာသူကတော့ ၁၄၀ ရှိပါတယ်။ ကန့်ဘလူမှာ ပိုးတွေ့လူနာပေါင်း ၄၄၁ ဦး ရှိပြီဖြစ်ပါတယ်။
မေး။ ကာကွယ်ဆေးထိုးဖို့ ကျန်ရှိနေသေးတဲ့ သူများကို ထိုးနှံနိုင်ဖို့အတွက် ဘယ်လိုများ စီစဉ်ဆောင်ရွက်ထားပါသလဲ။
ဖြေ။ ဩဂုတ်လထဲမှာ ကာကွယ်ဆေးထိုးနှံပေး ရာမှာ ဦးစားပေးအနေနဲ့ အသက် ၆၅ နှစ် အထက်ရှိသူတွေကို ထိုးနှံပေးမှာဖြစ်တဲ့အတွက် စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ညွှန်ကြားပြီးဖြစ်ပါတယ်။ စာရင်းကောက်ယူရရှိပြီးရင် ကာကွယ်ဆေးများကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။