
နေပြည်တော် ဩဂုတ် ၁၀
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ်၊ မတ် ၃၀ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၂၀ ဖြင့် အရေးကြီးကုန်စည်များ အဖြစ်သတ်မှတ်ပြီး ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက် ဖြင့် သိုလှောင်ခြင်းမပြုရန် တားမြစ်ထားသည်။ ထို့အတူ ဆေးဝါးအတု များ၊ အရည်အသွေးမပြည့်မီသော စံမညီဆေးဝါးများ ထုတ်လုပ်၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းမပြုရန် အမျိုးသားဆေးဝါးဥပဒေ၌ တားမြစ်ထားသည်။
ယခုအခါ အချို့သောစီးပွားရေးသမားများသည် မိမိ၏အကျိုး စီးပွားအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအထောက်အကူ ပြုပစ္စည်းများ၊ ဆေးဝါးများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ဆေးဝါးအတု များ၊ အရည်အသွေးမပြည့်မီသော စံမညီဆေးဝါးများ ရောင်းချခြင်း များပြုလုပ်နေကြောင်း သိရှိရသည်။ သို့ဖြစ်၍ ထိုသို့ ပြုလုပ်သည်ကို တွေ့ရှိရပါက သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာက အသိပေးထားကြောင်း သိရသည်။
သတင်းစဉ်