ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများတွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

 

နေပြည်တော်   ဩဂုတ်   ၁၄


ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့်  သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက်     တိုင်းစစ်ဌာနချုပ်   နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေး နှင့် တည်းခိုရေးစခန်းများ၌  ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက် ရှိရာ  ပြီးစီးသည့်နေရာများတွင်  စနစ်တကျလက်ခံ၍   ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ   ဆောင်ရွက်ပေးလျက်ရှိသည်။   ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့်     အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ  မြို့နယ်များ၌ Quarantine Center များကိုလည်း  ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ 
ယင်းသို့    ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့်     ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို  ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ  တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊ အာဟာရ ဖြည့် စားသောက်ဖွယ်ရာများနှင့် အလှူငွေများ  ပေးအပ်ကာ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။   
ထိုသို့       ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ    ယနေ့ည ၇ နာရီအထိ နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌  သီးသန့် စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၉၂ ဦးနှင့်  အမျိုးသမီး ၁၅၅ ဦး စုစုပေါင်း ၃၄၇ ဦးကို လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ခုနစ်ဦး၊ စုစုပေါင်း ၂၆ ဦးတို့ကို  လည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်စစ်ကြောရေးနှင့်  တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၂၀၂ ဦးနှင့် အမျိုးသမီး ၁၆၁ ဦး စုစုပေါင်း ၃၆၃ ဦးကို  လည်းကောင်း၊  ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲ အတည်ပြု ပိုးတွေ့ လူနာအမျိုးသား ၆၄ ဦးနှင့် အမျိုးသမီး ၃၄ ဦး၊ စုစုပေါင်း ၉၈ ဦးကို လည်းကောင်း  အသီးသီး လက်ခံထားရှိကြောင်း သိရှိရသည်။
အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများ၏ နေထိုင်စားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို   သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ်များရှိ   နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက   ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်