
နေပြည်တော် ဇူလိုင် ၂၁
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြား ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်း များ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက် ပေးနေမှုများကို ယနေ့တွင် သက်ဆိုင်ရာ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ် ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီထိ နေပြည်တော်စစ်ကြောရေး နှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့် ရမည့်သူ အမျိုးသား ၁၁၆ ဦးနှင့် အမျိုးသမီး ၁၃၆ ဦး စုစုပေါင်း ၂၅၂ ဦးကိုလည်းကောင်း၊ ဥတ္တရ သီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၄၀ ကို လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၂၇၄ ဦးနှင့် အမျိုးသမီး ၁၉၉ ဦး စုစုပေါင်း ၄၇၃ ဦး ကို လည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၄၈ ဦး နှင့် အမျိုးသမီးရှစ်ဦး စုစုပေါင်း ၅၆ ဦးကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအမျိုးသား ၂၇ ဦး၊ အမျိုးသမီးခုနစ်ဦး စုစုပေါင်း ၃၄ ဦးကို လည်းကောင်း အသီးသီးလက်ခံ ထားရှိကြောင်းနှင့် ယနေ့တွင် ကျန်းမာရေး ကောင်းမွန်လာသည့် စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၉၈ ဦးတို့ကို သက်ဆိုင်ရာ ရပ်ကွက်များသို့ ပို့ဆောင်ပေးနိုင်ခဲ့ ကြောင်း သိရသည်။
အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်