
နေပြည်တော် ဇူလိုင် ၁၆
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နေပြည်တော် ၌ ကျင်းပသည်။
လိုက်နာဆောင်ရွက်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယခုအခါ မိမိတို့နိုင်ငံ အတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပေါ်လျက်ရှိပြီး ကူးစက်မှုမြင့်တက်လာသည့်အတွက် ရောဂါ ကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်ရန်နှင့် ကူးစက် မှု လျော့နည်းစေရေးအတွက် သက်ဆိုင်ရာမြို့နယ် များအား Stay at Home သတ်မှတ်ခြင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှလည်း ဇူလိုင် ၁၇ ရက်မှ ၂၅ ရက်အထိကို အများပြည်သူတို့၏ အလုပ်ပိတ်ရက် များအဖြစ် သတ်မှတ်ထားပြီးဖြစ်ရာ ပြည်သူများ အနေဖြင့် ရုံးပိတ်ရက်ရှည်ကာလအတွင်း ခရီးသွား လာခြင်းမပြုဘဲ မိမိတို့၏ နေအိမ် သို့မဟုတ် အဆောင် များတွင် နေထိုင်ခြင်းဖြင့် လည်းကောင်း၊ ဝန်ကြီးဌာန များမှ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်မှအပ ခရီးမသွားရန်နှင့် ယခု ရုံးပိတ်ရက်ရှည်အတွင်း မိမိအိမ်တွင်မိမိနေထိုင်ခြင်း၊ မိမိအိမ်သို့ မလိုအပ်ဘဲ ဧည့်သည်လက်မခံခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားမှု ကို ထိန်းချုပ်နိုင်ရေး တာဝန်တစ်ရပ်အနေဖြင့် လိုက်နာဆောင်ရွက်သွားရန်၊ ဆေးရုံများအနေဖြင့် လူနာလက်ခံရာတွင် မလိုလားအပ်သော နှောင့်နှေးမှု များ မရှိစေရေးနှင့် ဦးစားပေးလူနာအလိုက် အရေးပေါ်ကုသမှုရရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း။
ပုဂ္ဂလိကဆေးရုံများမှလည်း ကိုဗစ်-၁၉ လူနာ များအား လက်ခံကုသပေးသွားရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကုသမှုနှင့်သက်ဆိုင်သည့် အရေးကြီးဆေးဝါးနှင့် ဆေးပစ္စည်းများ မပြတ်လပ် စေရေးနှင့် အခက်အခဲမရှိစေရေး အထူးဂရုပြုစီစဉ် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များအလိုက် အောက်ဆီဂျင်လိုအပ်ချက် ကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူ့စွမ်းအားအရင်း အမြစ်ကိစ္စရပ်နှင့်ပတ်သက်၍ စေတနာ့ဝန်ထမ်းများ၊ ဆရာဝန်၊ သူနာပြုနှင့် ကျွမ်းကျင်ဝန်ထမ်းများအား ဝန်ကြီးဌာနမှ ဖိတ်ခေါ်ထားပါကြောင်း၊ လုပ်ငန်းခွင်မှ ပျက်ကွက်နေသူများအနေဖြင့် မိခင်ဝန်ကြီးဌာနသို့ ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်လိုပါက စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပြန်လည်ဝင်ရောက်နိုင်ပြီး ပြည်သူ့ဆေးရုံများနှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေး ဌာနများတွင် တာဝန်ထမ်းဆောင်နိုင်ရန် စီစဉ်သွား မည်ဖြစ်ပါကြောင်း၊ ဘွဲ့လွန်သင်တန်းမှ ရပ်ဆိုင်း ခံထားရသည့် သင်တန်းသားများ ပြန်လည်သင်တန်း တက်ရောက်လိုပါက သတ်မှတ်ထားသည့်ရက် အတွင်း ပြန်လည်လျှောက်ထားပါက သီးခြားအစီ အစဉ်တစ်ရပ်အနေဖြင့် လက်ခံနိုင်ရန်စီစဉ်ပေးမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်း
ထို့နောက် အစည်းအဝေးသို့ တက်ရောက် လာကြသည့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက ကိုဗစ်-၁၉ ရောဂါကုသရေးဌာနများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သားဖွားဆရာမ ရာထူးနေရာ ၁၀၀၀ အမြန်ဆုံးခန့်ထားနိုင်ရန် စီစဉ် ဆောင်ရွက်နေမှုနှင့် ပြည်သူ့ဆေးရုံများနှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနများသို့ နေ့စဉ် အောက်ဆီဂျင် တင်သွင်းဖြန့်ဝေမှု၊ ရရှိပြီးဆေးနှင့် Test Kit များ အချိန်မီဖြန့်ဝေနေမှုတို့ကို တင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များကို မှာကြားသည်။ အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်