
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ
ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူရေးကော်မတီ တတိယအကြိမ် အစည်းအဝေး ကျင်းပ
==============================================
နေပြည်တော် ဒီဇင်ဘာ ၂
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူရေးကော်မတီ၏ တတိယအကြိမ် အစည်းအဝေး(၃/၂၀၂၀) ကို ယနေ့နံနက်ပိုင်း တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ကော်မတီအတွင်းရေးမှူး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင်တို့ တက်ရောက်ကြ သည်။
အစည်းအဝေး၌ COVID Emergency Response Plan(CERP)အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အရည်အသွေးပြည့်မီ၍ ဈေးနှုန်းမှန်ကန်သည့် ဆေးနှင့် ကုသရေးပစ္စည်းများ ဝယ်ယူသုံးစွဲခဲ့ သည့် အခြေအနေများ၊ လိုအပ်နေသေးသည့် ဆေးနှင့် ဆေးပစ္စည်းများကို ထပ်မံဝယ်ယူမည့် ကိစ္စရပ်များနှင့် နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများ၏ အကူအညီ၊ ချေးငွေများဖြင့် ဝယ်ယူနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေမှု များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး အပါအဝင် ကာကွယ်ကုသရေးနှင့် သက်ဆိုင်သည့် ဝယ်ယူ ထားသည့် ဆေးနှင့် ဆေးကိရိယာများ သတ်မှတ်ကာလအတွင်း အချိန်မီရောက်ရှိ ဖြန့်ဝေနိုင်ရေး အရည်အသွေးမီစွာ ထိန်းသိမ်း သိုလှောင်နိုင်ရေး ကိစ္စရပ်များအပေါ် အဖွဲ့ဝင် များက ဆွေးနွေးကြသည်။
ဆက်လက်၍ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက ကာကွယ်ဆေးရရှိလာပါက သတ်မှတ် ထားသည့် အအေးခန်းသိုလှောင်မှုစနစ်ဖြင့် ထိန်းသိမ်းသယ်ဆောင်နိုင်ရေးအတွက် လိုအပ် သည်များကို ကြိုတင်စီစဉ်ဆောင်ရွက်ထားနိုင် ရေး၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များတွင် ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်းပါဝင် လာရေးအတွက် လိုအပ်သော စံသတ်မှတ်ထား သည့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲနိုင်ရေး၊ Mask Campaign ဆောင်ရွက်နေသည့် နေရာ များတွင် Glucometer နှင့် pulse oxymeter များကိုထားရှိ၍ ပြည်သူများကို ဆန္ဒအလျောက် စစ်ဆေးပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေး
ထို့နောက် ကာကွယ်ဆေးနှင့်စပ်လျဉ်း၍ ကမ္ဘာတစ်ဝန်း ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှု အခြေအနေများအရ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအသီးသီးမှ ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ ကာကွယ်ဆေးရရှိရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့်လည်းကောင်း၊ နှစ်နိုင်ငံ အနေဖြင့်လည်းကောင်း ဆွေးနွေးဆောင်ရွက် နေမှုများ၊ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး အလားအလာများနှင့် သိုလှောင်ဖြန့်ဖြူးရေး နှင့် ကာကွယ်ဆေးထိုးနှံရေး ကိစ္စများကို ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် ဘက်စုံ လွှမ်းခြုံသည့် မဟာဗျူဟာတစ်ရပ် ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြ လမ်းညွှန်မှုခံယူရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ကာကွယ်ဆေးနှင့် စပ်လျဉ်း၍ မိမိနိုင်ငံ၏ ဆောင်ရွက်နေမှုများကို အများ ပြည်သူများသို့ အသိပညာပေးသည့် လုပ်ငန်း များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအပေါ် အကြံပြုဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်