
ထက်လျှံ
===
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆောင်ရွက်ချက် များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။ ။ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ
တတိယလှိုင်း ဖြစ်ပွားနေတာ နဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ပထမဆုံးမေးခွန်းအနေနဲ့ ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေ၊ သံသယ ရှိသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ဘယ်လိုစီစဉ် ဆောင်ရွက်နေတယ်ဆိုတာကို သိပါရစေ။
ဒေါက်တာသန်းနိုင်စိုး။ ။ ကျန်းမာရေးနှင့် အား
ကစားဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားတာရှိပါတယ်။ ကိုဗစ် - ၁၉ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူတွေ၊ ကိုယ့်ကိုယ် ကိုယ် ရောဂါလက္ခဏာရှိတယ်လို့ သံသယရှိတဲ့သူ ဒီလူတွေကို စီစဉ်ထားမှုအနေနဲ့ ကိုဗစ် - ၁၉ ရောဂါ သံသယရှိသူတွေက အရင်ဆုံး သက်ဆိုင်ရာဒေသန္တရ ကျန်းမာရေးဌာနတွေနဲ့ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးရုံးတွေကို ဆက်သွယ်ဖို့လိုပါတယ်။
ဒီလိုဆက်သွယ်ပြီး သက်ဆိုင်ရာကျန်းမာရေး ဌာနက လိုအပ်တဲ့ ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုတွေကို ဆောင်ရွက်ပေးပါတယ်။ ဒီလိုစစ်ဆေးပေးတဲ့နေရာ မှာလည်း သက်ဆိုင်ရာ ဒေသန္တရကျန်းမာရေးဌာနမှာ စစ်ဆေးပေးတဲ့အပြင် ၎င်းဌာနနဲ့ ချိတ်ဆက်ထားတဲ့ ပုဂ္ဂလိကဓာတ်ခွဲအတည်ပြုရာဌာနတွေကိုလည်း ရည်ညွှန်းပေးပို့ စစ်ဆေးတာတွေကို ဆောင်ရွက် ပေးပါတယ်။ သက်ဆိုင်ရာက စစ်ဆေးလို့ ပိုးမတွေ့ (Negative)ဖြစ်တယ်ဆိုရင် အိမ်မှာ မိသားစုတွေနဲ့ ခပ်ခွာခွာနေပြီး ရောဂါလက္ခဏာကို ဆက်လက် စောင့်ကြည့်ပါတယ်။
ချိတ်ဆက်စီစဉ်ပေး
ပိုးတွေ့(Positive)ဖြစ်တယ်ဆိုရင် သက်ဆိုင်ရာ ကျန်းမာရေးဌာနကနေ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသ ကြီးနဲ့ ပြည်နယ် ကိုဗစ်ကော်မတီကို သတင်းပေးပို့ပါ တယ်။ နောက်လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး လူနာနဲ့ သင့်တော်တဲ့ဆေးရုံတွေ၊ ကိုဗစ်စင်တာတွေကို ပို့ဆောင်ပေးပါတယ်။ ရောဂါ လက္ခဏာ ပြင်းထန်မယ်ဆိုရင် ပြည်သူ့ဆေးရုံများမှာ လူနာခုတင်တက်ရောက်မှုကုသနိုင်ရေး စီမံခန့်ခွဲမှု ကော်မတီက သတ်မှတ်ပေးတဲ့ဆေးရုံနဲ့ ကိုဗစ် ကုသရေးစင်တာတွေကို ပို့ဆောင်ကုသပေးနိုင်ရေးချိတ်ဆက်စီစဉ်ပေးပါတယ်။
ဒီနေရာမှာ ကိုဗစ်-၁၉ ရောဂါ သံသယရှိပြီး အိမ်ပြန်သွားတဲ့သူတွေမှာနဲ့ ရုတ်တရက် အိမ်မှာ နေရင်း အောက်ဆီဂျင်ထိုးကျတာမျိုးတွေဖြစ်တဲ့လူနာတွေစတဲ့ အရေးပေါ်လူနာတွေကို သက်ဆိုင် ရာ ပြည်သူ့ဆေးရုံတွေကနေ လက်ခံပေးဖို့ ဝန်ကြီး ဌာနကနေ ကုသရေးဦးစီးဌာနမှတစ်ဆင့် ညွှန်ကြား ထားပါတယ်။ ဒါကြောင့် အရေးပေါ်လူနာတွေ အနေနဲ့ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံတွေကို သွားရောက်နိုင်ကြောင်းကို သတင်းကောင်းပေးလို ပါတယ်။ အရေးပေါ်ဖြစ်လာချိန်မှာ ဘယ်သွားရမှန်း မသိတဲ့ လူနာတွေအနေနဲ့ ယခုအချိန်မှာ နီးစပ်ရာ ဆေးရုံကိုသွားလို့ရပြီ။ ဆေးရုံတွေမှာလည်း အရေးပေါ် ကုသမှုပေးဖို့အတွက် စီစဉ်ဆောင်ရွက် ထားကြောင်းကို ကျွန်တော့်အနေနဲ့ အသိပေးတင်ပြ လိုပါတယ်။
အတိုချုပ်ပြန်ပြောရရင်တော့ လူနာတွေအတွက် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စစ်ဆေးမှုကို ခံယူရမယ့်နေရာတွေ ဒါကို ကျန်းမာရေးစောင့်ရှောက် မှုစနစ်ရဲ့အောက်မှာ ထည့်သွင်းထားပါတယ်။ အရေးပေါ်ဖြစ်လာရင်လည်း အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုခံယူရမယ့် လမ်းကြောင်းတွေကို ဖွင့်လှစ်ထားတယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ဒီနေရာကနေ အသိပေးပြောကြားလိုပါတယ်။
အစီအစဉ်မှူး။ ။ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ
အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့ သူတွေ ကွာရန်တင်းစင်တာကို ရောက်တဲ့အခါ ဘယ်လိုမျိုး နေထိုင်စားသောက်သင့်တယ်ဆိုတာကို ကျန်းမာရေးအမြင်အရ ဖြေကြားပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး။ ။ ကျွန်တော်တို့ ကွာရန်
တင်း စင်တာတွေအနေနဲ့ လိုက်နာဆောင်ရွက်ရမယ့် လုပ်ငန်းလမ်းညွှန် ဗားရှင်း (၃ ဒသမ သုည)ကို ဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဇူလိုင် ၅ ရက်မှာ ထုတ်ပြန်ပေးထားပြီး ဖြစ်ပါတယ်။ အဲဒီမှာ အသွားအလာကန့်သတ် ထားတဲ့ Community Based Facility Quarantine Center တစ်ခု ပြင်ဆင်တဲ့အပိုင်းပါတယ်။ ဒီစင်တာ ကို ဝင်ရောက်တဲ့သူတွေအနေနဲ့ လိုက်နာရမယ့် စည်းကမ်းတွေ ပါပါတယ်။
ကျွန်တော့်အနေနဲ့ ဒီနေရာမှာ ဝင်ရောက်သူ တွေ လိုက်နာရမယ့် အချက်တွေကို ပြောသွားပါ မယ်။ စင်တာကို ရောက်ရှိပြီဆိုရင် ကိုယ့်အတွက် သတ်မှတ်ထားတဲ့နေရာမှာပဲ နေရပါမယ်။ စင်တာ မှာရှိတဲ့ တခြားအခန်းတွေကို သွားရောက်ခြင်း၊ တခြားသူတွေနဲ့ အတူတကွ စားသောက်ခြင်း၊ ဝိုင်းဖွဲ့ပြီးစကားပြောခြင်း၊ ပြင်ပကို ခိုးထွက်ခြင်း တွေကို လုံးဝ(လုံးဝ)မလုပ်ရပါဘူးဆိုတာ နံပါတ် (၁)အနေနဲ့ ပြောကြားထားပါတယ်။
အချိန်ပြည့် တပ်ဆင်ထားဖို့လို
အသွား/အလာ ကန့်သတ်ခြင်းခံရသည့်သူ တစ်ဦးချင်းသည် ရောဂါလက္ခဏာမပြသော ရောဂါပိုးသယ်ဆောင်သူဖြစ်နိုင်တဲ့အတွက် တစ်ဦးနဲ့ တစ်ဦး အနည်းဆုံး ခြောက်ပေအကွာ ခပ်ခွာခွာနေရ ပါမယ်။ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စားသောက်ချိန်နှင့် အိပ်ချိန်မှအပ အချိန်ပြည့် တပ်ဆင်ထားဖို့ လိုပါတယ်။ ဒါမှသာလျှင် ကွာရန်တင်း စင်တာအတွင်း နေထိုင်ကြသူအချင်းချင်း ရောဂါပိုး မကူးစက်မှာ ဖြစ်ပါတယ်။
နောက်တစ်ခုက လက်ကို ဆပ်ပြာနှင့် ရေ (သို့မဟုတ်)အနည်းဆုံး အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါသော ရေမလိုလက်သန့်စင်ဆေးရည်ကို အသုံးပြု၍ စက္ကန့် ၂၀ ကြာအောင် မကြာခဏ စနစ် တကျ ဆေးကြောရပါမယ်။ အများသုံးပစ္စည်းများ မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း၊ အိမ်သာ အသုံးပြုပြီးတိုင်း၊ အစာမစားမီတိုင်း၊ နှာချေ၊ ချောင်းဆိုး၊ နှာရည်ညှစ်ပြီးသည့်အခါတိုင်း၊ ပါးစပ် နှင့် နှာခေါင်းစည်း(Mask)ကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း လက်ကိုစနစ်တကျ ဆေးကြော ရမယ်။ နှာချေ၊ ချောင်းဆိုးတဲ့အခါတိုင်း တစ်ရှူး (သို့မဟုတ်)တံတောင်ကွေးနဲ့ ပါးစပ်နဲ့ နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ရမယ်။ အသုံးပြုပြီးတစ်ရှူးကို အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ရမယ်။ လက်ကို စနစ်တကျပြန်လည်ဆေးကြာရမယ်။ ကိုယ်အပူချိန် တိုင်းခြင်းနဲ့ ကျန်းမာရေးအခြေအနေ စစ်ဆေးခြင်း တို့ကို မပျက်မကွက် ပါဝင်ဆောင်ရွက်ရမယ်။ တစ်နေ့ (၂)ကြိမ်ခံယူရမယ်။ ဖြစ်နိုင်ပါက ကိုယ်အပူချိန် တိုင်းတာခြင်းနဲ့ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းကို မိမိကိုယ်တိုင် ဆောင်ရွက်ပြီး တာဝန်ရှိသူတွေထံ သတင်းပို့ရပါမယ်။ ဖျားနာခြင်း (ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် (သို့မဟုတ်) ၁၀၀ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်အထက်ရှိခြင်း)၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ရုတ်တရက်အနံ့အရသာ ပျောက်ဆုံးခြင်း၊ အသက် ရှူရခက်ခဲခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ ၉၂ ရာခိုင်နှုန်း အောက်ကျဆင်းခြင်းစတဲ့ လက္ခဏာ တွေဖြစ်ပေါ်ပါက သက်ဆိုင်ရာစင်တာက တာဝန် ရှိသူထံ ချက်ချင်းဆက်သွယ် အကြောင်းကြားပြီး ဆေးကုသမှုခံယူရပါမယ်။ စည်းကမ်းမဲ့ တံတွေး ထွေးခြင်း၊ စည်းကမ်းမဲ့အမှိုက်ပစ်ခြင်း၊ ကွမ်းယာ စားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက် ခြင်းတွေကို လုံးဝရှောင်ကြဉ်ရပါမယ်။
ရှောင်ကြဉ်သင့်တဲ့ကိစ္စဖြစ်
ဒီလိုရှောင်ကြဉ်တာတွေက အပြင်မှာရှိတဲ့ လူတွေအတွက်လည်း တော်တော်အရေးကြီးပါ တယ်။ ကွမ်းယာစားမယ်ဆိုရင် ကွမ်းယာစားတဲ့ အချိန်မှာ မက်စ်က ချွတ်ရပြီ၊ ကွမ်းယာကို ငုံရပြီ၊ အဲဒီအခါ မက်စ်ကမရှိတော့ဘူး။ ကွမ်းသွေးထွေးမယ် ဆိုရင်လည်း မက်စ်ကို ချွတ်ရတယ်။ ချွတ်တဲ့၊ တပ်တဲ့ အချိန်နဲ့ နောက်ပြီး ကိုယ့်မှာ ပိုးရှိနေတယ်ဆိုရင် တံတွေးထွေးတဲ့အခါ ပိုးတွေပါသွားပြီး ကိုယ့်တံတွေး ထဲမှာ ပိုးကရှိနေမယ်။ အဲဒီလိုပဲ ဆေးလိပ်သောက်တဲ့ လူက ပိုပြီးအန္တရာယ်များပါတယ်။ ဆေးလိပ်သောက် တဲ့အခါ ဆေးလိပ်ငွေ့က အဆုတ်ကိုထိတယ်။ သောက်နေတဲ့အချိန်မှာလည်း မက်စ်က တပ်လို့ မရဘူး။ အဆုတ်ကိုထိပြီး အဆုတ်က ဆေးလိပ်ငွေ့ တွေနဲ့ ဒဏ်ရာရနေတဲ့အချိန်မှာ ပိုးကထပ်ဝင်မယ် ဆိုရင် ပိုပြီးဆေးလိပ်သောက်တဲ့ သက်တမ်းရင့် လေလေ ရောဂါကိုပိုပြီး ပြင်းပြင်းထန်ထန် ခံစားရ လေလေ ဖြစ်ပါတယ်။ ဒီကိစ္စကလည်း ရှောင်ကြဉ် သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ တံတွေးထွေးတာ၊ ကွမ်း စားတာ၊ ဆေးလိပ်သောက်တာတွေကို စင်တာမှာ နေတဲ့အချိန်ပဲဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် အခုလို ကိုဗစ်ရောဂါဖြစ်ပွားစဉ်ကာလမှာ အထူးသတိပြုပြီး ရှောင်ကြဉ်ရမယ့်အချက်တွေ ဖြစ်ပါတယ်။
အစီအစဉ်မှူး။ ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်
ထိန်းချုပ်ကုသရေးအတွက် ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေကို Volunteer အနေနဲ့ ဖိတ်ခေါ်ထားတာရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ဖြေကြားပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး။ ။ ကျွန်တော်တို့မှာလည်း
လူနာတွေကို ကုသ စောင့်ရှောက်တဲ့နေရာမှာ၊ ရောဂါထိန်းချုပ်တဲ့နေရာ မှာ လူ့စွမ်းအားအရင်းအမြစ်တွေအများကြီးလိုပါတယ်။ ဆေးရုံတွေမှာ ကုသတဲ့နေရာမှာ အခုဆိုရင် လူဦးရေက ၅၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းနဲ့ လုပ်နေ ရတဲ့နေရာတွေလည်း အများကြီးပါ။ အဲဒီအခါ လူနာတွေများလာတာနဲ့အမျှ တစ်ဖက်က လက်ရှိ လုပ်ငန်းမှာ တာဝန်ထမ်းဆောင်နေတဲ့လူတွေက တော်တော်ကို ဝန်ပိပါတယ်။ အလုပ်များပါတယ်။ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့လူတွေကို ဒီနေရာကနေ လေးစားပါတယ်၊ ချီးကျူးဂုဏ်ပြုတဲ့ အကြောင်းကို ဒီနေရာကနေ တင်ပြလိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရောဂါကာကွယ် ထိန်းချုပ် ကုသတဲ့လုပ်ငန်းစဉ်မှာ ကာကွယ်တဲ့အပိုင်းမှာ အရေးကြီးတဲ့အချက်က လူတိုင်းလူတိုင်းက ကိုဗစ်- ၁၉ တတိယလှိုင်းဖြစ်ပွားနေပြီဆိုရင် ဒီရောဂါကြီး ကို ကာကွယ်ထိန်းချုပ်ချင်ကြပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒါဟာ ကိုယ်နဲ့လည်းဆိုင်တယ်။ ကိုယ့်မိသားစုနဲ့လည်း ဆိုင်တယ်။ ကိုယ့်မြို့၊ ကိုယ့်တိုင်းနဲ့ ပြည်နယ်၊ ကိုယ့်နိုင်ငံနဲ့လည်း ဆိုင်တယ်။ အဲဒီတော့ ကာကွယ်ချင်တဲ့စိတ်က လူတိုင်းမှာရှိကြတယ်။ နံပါတ်(၁) ကိုယ့်ကိုယ်ကိုယ် စပြီး ကာကွယ်လိုက်ကတည်းက ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်ထဲမှာပါပြီ။ ပထမဦးဆုံး အောင်မှတ်စရပြီ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ။ မိသားစုကိုကာကွယ်ပေးပါ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်တာနဲ့ ကာကွယ်ရေးလုပ်ငန်းစဉ် ထဲမှာ ပါဝင်တဲ့လူတစ်ယောက် ဖြစ်ပါတယ်။
ပူးပေါင်းပါဝင်ဖို့လို
ဒီထက်ပိုပြီး ကာကွယ်ဖို့က ကိုယ့်လို မကာ ကွယ်နိုင်တဲ့လူတွေ၊ ကံမကောင်းအကြောင်းမလှလို့ ရောဂါဖြစ်ပွားတဲ့ လူတွေရှိမယ်။ ရောဂါဖြစ်ပွားတဲ့ လူတွေ အရေအတွက်နည်းအောင်က ထိန်းချုပ်တဲ့ လုပ်ငန်းစဉ်တွေရှိပါတယ်။ ကိုယ်က ကိုယ့်ကိုယ် ကိုယ်လည်း ကာကွယ်တတ်တယ်။ တစ်ဖက်က အခြားလူတွေ ဖြစ်နေတာကိုလည်း ကျွန်တော်တို့ နိုင်ငံမှာ စေတနာ့ဝန်ထမ်းရှိတဲ့လူတွေ မရှားပါဘူး။ တဖက်သားကို ကူညီချင်တယ်။ ကိုယ့်မှာ ပိုနေရင် လည်း သူများကို လှူတယ်။ ဝေမျှစားသောက်တယ်။ ကျွန်တော်တို့လူမျိုးက အတော့်ကို စေတနာကောင်း တဲ့ လူမျိုးဖြစ်ပါတယ်။ ကိုယ်က ကာကွယ်ရေးနည်း လမ်းတွေ နားလည်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်တတ်လို့ ရောဂါမဖြစ်ဘူး။ အဲဒီလို အနေ အထားမျိုးမှာ တခြားလူတွေခံစားနေရတာတွေကို လည်း တတ်နိုင်သမျှ လျော့ပါးစေဖို့ ရောဂါထိန်းချုပ် တဲ့အပိုင်းမှာ ပူးပေါင်းပါဝင်ဖို့လိုပါတယ်။
နောက်တစ်ခုက ကိုယ်က ဆေးပညာ၊ လူနာ ပြုစုမှုပညာတွေ တတ်ကျွမ်းတယ်ဆိုရင် တစ်ဖက် က ကိုယ့်လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုမောင်နှမတွေ က ဆေးရုံတွေမှာ လူနာတွေများလို့ မနိုင်ဝန်ထမ်းနေ ရတဲ့အချိန်မှာ v စာမျက်နှာ ၁၀ မှ
ကိုယ်ကလည်း တစ်တပ်တစ်အား ကိုယ်တတ်ထား တဲ့ ဆေးပညာနဲ့ ဝင်ရောက်ကူညီမယ်ဆိုရင် ကာကွယ်တဲ့ လုပ်ငန်းရော၊ ထိန်းချုပ်တဲ့လုပ်ငန်း ရော၊ ကုသတဲ့လုပ်ငန်းပါ အချိန်တိုအတွင်းမှာ အောင်မြင်မှာ ဖြစ်ပါတယ်။
အဲဒီအခါကျတော့ ကျွန်တော်တို့အနေနဲ့ ပြည်သူတွေ ကိုယ့်ကိုယ်ကိုယ်စပြီး ကာကွယ်ကြ တယ်ဆိုကတည်းကိုက အောင်မှတ်အပြည့်ပေး လိုက်ပါပြီ။ ခုနပြောတဲ့ ထပ်ပြီး ဂုဏ်ထူးအမှတ် ရဖို့ဆိုတာက အခြားလူတွေကို ကူညီဖို့လိုပါတယ်။ အဲဒီလိုနေရာမှာ အခြားလူတွေကို ကူညီပေးပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတာရှိပါတယ်။ မည်သူမဆို စေတနာ့ ဝန်ထမ်းတွေ ကူညီကြပါ။ ကျွန်တော်တို့မှာ ဝန်ထမ်းနည်းတဲ့အပိုင်းတွေ ရှိပါတယ်။ စေတနာ့ ဝန်ထမ်းတွေအနေနဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေလိုပါတယ်၊ နောက်တစ်ခု က အင်ဂျင်နီယာတွေ လိုပါတယ်၊ အခုလို Oxygen Plant တွေ ထုတ်လုပ်ရတယ်။ အောက်ဆီဂျင်တွေ ထိန်းသိမ်းရတယ်။ Oxygen Plant အတွက် အဆောက်အဦ ဆောက်ရတယ်။ စက်ပိုင်းဆိုင်ရာ၊ အဆောက်အဦပိုင်းဆိုင်ရာ၊ လျှပ်စစ်ပိုင်းဆိုင်ရာ တတ်ကျွမ်းတဲ့ အင်ဂျင်နီယာတွေလည်း အများကြီး လိုပါတယ်။ နောက်တစ်ခုက သတင်းအချက်အလက် စီမံခန့်ခွဲတဲ့ Covid-19 Database တွေ ဆောင်ရွက် ပေးနိုင်မယ့် IT ပညာရှင်တွေ လိုပါတယ်။
ပူးပေါင်းဆောင်ရွက်ခြင်းကအရေးကြီး
နောက်တစ်ခုက လူနာတွေလွှဲပြောင်းတဲ့ လုပ်ငန်းပါ။ လူနာတင်ယာဉ်တွေနဲ့ စေတနာ့ ဝန်ထမ်းတွေပူးပေါင်းကူညီခဲ့တာ၊ လူမှုရေးအသင်း တွေ ကူညီခဲ့တာ ဒီနေရာတွေမှာလည်း လိုပါတယ်။ နောက်တစ်ခုက အင်မတန်အရေးပါတဲ့ ကာကွယ် ဆေးထိုးလုပ်ငန်းတွေမှာလည်း ကာကွယ်ဆေးထိုး သတင်းအချက်အလက်စနစ်မှာ မှတ်တမ်းရေးသွင်း တာ၊ ကွန်ပျူတာနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ Data Assistants တွေ လိုပါတယ်။ ဘယ်လုပ်ငန်းမှာ ဖြစ်ဖြစ် ကူညီနိုင်တဲ့လူပေါ့နော်၊ ကိုယ်တိုင်ကလည်း မက်စ်တပ်ထားမယ်။ အခြားလူကိုလည်း ကိုယ့်မှာ ရှိတဲ့ မက်စ်ကို ဝေလိုက်မယ်ဆိုရင် တစ်ဖက်လူက ရသွားမယ်။ အဲဒီလူက စေတနာ့ဝန်ထမ်းကူညီတဲ့ လူဖြစ်ပါတယ်။ ကိုယ့်နေရာနဲ့ကိုယ် စေတနာ့ ဝန်ထမ်းလုပ်နေပေမယ့် ဒီ System ထဲမှာ စနစ်တကျ ကာကွယ်ထိန်းချုပ်ကုသမှုပေးနေတဲ့ လုပ်ငန်းစဉ်မှာ တစ်တပ်တစ်အား၊ တစ်ထောင့် တစ်နေရာက ပါဝင်လိုက်ရင် အင်္ဂလိပ်စကားပုံတစ်ခု ရှိပါတယ်။ ၁ + ၁ = ၅ ဖြစ်သွားပါတယ်။ တစ်နည်း အားဖြင့် အချိန်ကိုက် စနစ်တကျ ပူးပေါင်း ဆောင်ရွက်ခြင်းက အရေးကြီးပါတယ်။ ဒီလိုမျိုး စနစ်ထဲမှာ ဝင်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြမယ် ဆိုရင် ဒီရောဂါကြီးကို အမြန်ဆုံး ထိထိရောက်ရောက် ထိန်းချုပ်နိုင်မယ့်၊ ကုသပေးနိုင်မယ့် အင်အားတွေ ကျွန်တော်တို့ ကောင်းကောင်းရရှိမှာ ဖြစ်ပါတယ်။
အားလုံးပူးပေါင်းပါဝင်
အဲဒီအပြင် ကျွမ်းကျင်ပညာရှင်တွေလည်းရှိပါ တယ်။ စေတနာ့ဝန်ထမ်းဆိုတာကလည်း ရေရှည် လုပ်ဖို့ ခဲယဉ်းပါတယ်။ တချို့ကပြောကြမယ် ကျွန်တော်တို့က ကန်ထရိုက်စနစ်နဲ့ အချိန်တိုပဲ လုပ်နိုင်မယ်။ အချိန်ပြည့်တော့ မလုပ်နိုင်သေးဘူး ဆိုရင်လည်း အချိန်တိုကာလမှာ လုပ်နိုင်မယ့် ကန်ထရိုက်အနေနဲ့ ဒါတွေကိုလည်း ကုသရေး ဦးစီးဌာနအနေနဲ့ ခေါ်နေတာတွေရှိပါတယ်။ နောက်ပိုင်းမှာ စိတ်ပါဝင်စားလို့ နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက် ထမ်းဆောင်မယ်ဆိုရင်လည်း လမ်းကြောင်းတွေ ဖွင့်ပေးထားပါတယ်။ နောက်တစ်ခု က ကိုဗစ်စင်တာတွေမှာ ထမ်းဆောင်မယ်ဆိုရင် လည်း ကိုဗစ်စင်တာနဲ့ပတ်သက်တဲ့ စရိတ်စကတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို အပိုထောက်ပံ့ ပေးတာမျိုးတွေကို ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါမျိုးတွေကိုလည်း ကျွန်တော်တို့က ဖိတ်ခေါ်ပါ တယ်။ ဆရာဝန်တွေရော၊ သူနာပြုတွေရော ဖြစ်ပါ တယ်။ ကိုယ်လုပ်ချင်တဲ့အပေါ်မှာ မူတည်ပြီး စေတနာ့ဝန်ထမ်းဖြစ်ဖြစ်၊ ကန်ထရိုက်စနစ်ဖြစ်ဖြစ် အားလုံးပူးပေါင်းပါဝင်ရင် Synchronized Coordination ကိုရမယ်၊ ဟိုနေရာတစ်စ၊ ဒီနေရာ တစ်စပြန့်ကျဲနေတာမျိုး Piecemeal မဟုတ်တော့ ဘဲ စနစ်ထဲမှာ အားလုံးပူးပေါင်းပြီး အလွန်အင်အား ရှိတာကို ရလာမှာဖြစ်ပါတယ်။ လုပ်ငန်းတွေကို အောင်အောင်မြင်မြင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်လာမှာ ဖြစ်ပါတယ်။
အစီအစဉ်မှူး။ ။ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောကြား
ချင်တာရှိရင်လည်း ပြောပြပေးပါ။
ဒေါက်တာသန်းနိုင်စိုး။ ။ ကာကွယ်တဲ့ အပိုင်း၊
ထိန်းချုပ်တဲ့အပိုင်း၊ ကုသတဲ့အပိုင်းတွေမှာ တစ်ဦးတစ်ယောက်ချင်းစီက ပါဝင်ဖို့လိုပါတယ်။ အိမ်တိုင်းအိမ်တိုင်း၊ လူတိုင်း လူတိုင်း၊ မိသားစုတိုင်း ပါဝင်ဖို့လိုပါတယ်။ ဒီရောဂါ ကူးစက်မှုရဲ့အခြေခံက တစ်ဦးနဲ့ တစ်ဦး ထိတွေ့ ကူးလူးဆက်ဆံမှုက ကူးစက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ တတ်နိုင်သရွေ့ အိမ်မှာနေပေး ပါ။ အကြောင်းကိစ္စမရှိဘဲ အပြင်မထွက်ပါနဲ့။ အပြင် ထွက်ရရင်လည်း မက်စ်ကို မဖြစ်မနေတပ်ထားပါ။ လက်ကို ခဏခဏဆေးပါ။ အခြားလူတွေနဲ့ ခပ်ခွာခွာ ခြောက်ပေအကွာနေပါ။ မဖြစ်မနေသွားရ၊ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ရရင်လည်း ကိုယ့် အချင်းချင်း အသိပေးပါ။ သတိပေးပါ။ လေဝင် လေထွက် မကောင်းတဲ့နေရာတွေ ရှောင်ကြဉ်ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာ ပြတင်းပေါက် ဆိုရင်လည်း တစ်ဖက်တည်း ဖွင့်ထားတာနဲ့စာရင် မျက်နှာချင်းဆိုင် နှစ်ဖက်ဖွင့်ထားရင် လေက ဖြတ်တိုက်သွားရင် Cross ventilation ရရှိပြီး ပိုပြီး တော့ ရောဂါကာကွယ်ရေးအတွက် ကောင်းပါတယ်။ ဒါတွေကို ကျွန်တော်တို့ အားလုံးက လိုက်နာပေးကြ ပါလို့ပန်ကြားအပ်ပါတယ်။
လိုက်နာမှုအားကောင်းရင်
ဒီလိုလိုက်နာမှုအားကောင်းရင် ရောဂါဖြစ်ပွား မှုတွေ နည်းမယ်၊ ရောဂါကုသရေးအပိုင်းမှာလည်း လူနည်းနည်းကို ကုတဲ့အခါ အရည်အသွေးပြည့်ပြည့် ဝဝနဲ့ကုနိုင်ရင် သေဆုံးမှုတွေလည်း လျော့ကျမယ်။ လူနာတွေ တန်းစီနေရတာတွေလည်း လျော့မယ်။ ထိန်းချုပ်ရေးလုပ်ငန်းတွေ ကောင်းရင်ကောင်းသလို ဖြစ်ပွားတဲ့နေရာတွေလည်း တစ်နေ့တခြား နည်းသထက် နည်းလာမယ်။ ဒါဆိုရင် တတိယလှိုင်း ကို အထိအခိုက်အနည်းဆုံးနဲ့ ကျွန်တော်တို့ ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။
အစီအစဉ်မှူး။ ။ ဟုတ်ကဲ့ပါ။ အခုလို ပြည်သူတွေ
သိရှိလိုသမျှ မေးမြန်းချက်တွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။