ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိရန် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက် ပြီးစီးသည့်စင်တာများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော်    ဩဂုတ်    ၂၂


ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများထားရှိရန်အတွက် တိုင်း စစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ  များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေး နှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများ  လုပ်ဆောင်လျက်ရှိရာ   ပြီးစီးသည့်နေရာများတွင်  စနစ်တကျလက်ခံ၍  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့်    အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊      ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့်      ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ ကန့်သတ်စောင့်ကြည့်ရေး စခန်းများကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ 


သွားရောက်ကြည့်ရှု


ယင်းသို့ ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့်  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများကို   ယနေ့တွင်   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊    အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။  


ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီထိ နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၂၀၇ ဦးနှင့် အမျိုးသမီး ၁၂၁ ဦး စုစုပေါင်း ၃၂၈ ဦးကို လည်းကောင်း၊   ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌    ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး  စုစုပေါင်း လေးဦးတို့ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး လှိုင်မြို့နယ် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း ၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ၉၈ ဦးနှင့်  အမျိုးသမီး ၉၈ ဦး  စုစုပေါင်း ၁၉၆ ဦးကို လည်းကောင်း၊   ရဲမွန်တပ်မြို့ရှိ  နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအမျိုးသား ၄၇ ဦး နှင့် အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၆၄ ဦးကို လည်း ကောင်း လက်ခံထားရှိကြောင်း သိရသည်။


အဆိုပါ   စောင့်ကြည့်လူနာများနှင့်  ဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ်များရှိ   နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ဧရာဝတီတိုင်း ဒေသကြီး ဟိုင်းကြီးကျွန်းမြို့ အခြေခံပညာအထက် တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် လူထုအခြေပြု ဖျားနာကုဆေးခန်း ပြင်ဆင်ထားရှိမှုနှင့် ကုသပေး နေမှုကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။    

                                   
သတင်းစဉ်