
နေပြည်တော် ဇူလိုင် ၂၀
ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ အရေးပေါ် ကုသရာတွင် အသုံးပြုရန်အတွက် National Strategic Investment Corporation Co.,Ltd.(NSIC)မှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ လှူဒါန်းသည့် Remdesivir ကုသဆေးအလုံးပေါင်း သုံးသောင်းသည် အိန္ဒိယနိုင်ငံ ဟိုက် ဒရာဘတ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် နေပြည်တော်လေဆိပ်သို့ ယနေ့ညပိုင်း တွင် ရောက်ရှိလာသည်။
လက်ခံရယူ
အဆိုပါ Remdesivir ကုသဆေးများ ကို နေပြည်တော်လေဆိပ်၌ National Strategic Investment Corporation Co.,Ltd. မှ အထွေထွေမန်နေဂျာက လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လက်ခံ ရယူသည်။
သေဆုံးမှုနှုန်းကို လျှော့ချနိုင်
ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားလျက် ရှိသော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ အား Remdesivir ဆေးဖြင့် ကုသရာတွင် အထိရောက်ဆုံးနှင့် လူသေဆုံးမှုနှုန်းကို
လျှော့ချနိုင်မှုအရှိဆုံးဖြစ်ကြောင်း၊ အဆိုပါ Remdesivir ကုသဆေးကို အမေရိကန်နိုင်ငံ Gileat Sciences, Inc မှ တီထွင်ထုတ်လုပ်ပြီး အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် FDA ထောက်ခံချက်ရရှိခဲ့ကာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကုသမှုတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။
ထို့ပြင် Remdesivir ကုသဆေးကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသုံးပြု ရန်အတွက် Gileat Sciences, Inc က ထုတ်လုပ်မှုလိုင်စင်ကို အိန္ဒိယ နိုင်ငံ Hetero Labs Limited မှ ဝယ်ယူ၍ Remdesivir ဆေးဝါးကို ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြောင်း၊ Remdesivir ကုသဆေးကို National Strategic Investment Corporation Co.,Ltd. အနေဖြင့် မြန်မာကျပ်ငွေ သုံးဘီလီယံတန်ဖိုးခန့်ရှိ ဆေးအလုံးပေါင်း သုံးသောင်းအား အိန္ဒိယနိုင်ငံ က မှာယူ၍ မြန်မာနိုင်ငံပြည်သူများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှတစ်ဆင့် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်