ကိုဗစ်-၁၉ ကပ်ရောဂါ၏ မူလဇာစ်မြစ်ထွက်ပေါ်လာရေး ထပ်မံစစ်ဆေးရန် အမေရိကန်က ထောက်ပံ့သွားမည်

ဝါရှင်တန် ဇူလိုင် ၃၀ 


ကိုဗစ်-၁၉ ကပ်ရောဂါ၏  မူလဇာစ်မြစ်  ထွက်ပေါ် လာရေးအတွက် ထပ်မံစစ်ဆေးမှုပြုရာတွင်  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏      ဆောင်ရွက်ချက်များအပေါ် အမေရိကန်က  ထောက်ပံ့မှုများ  ပြုလုပ်သွားမည် ဖြစ်ကြောင်း        အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်က ဆိုသည်။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ      တီဒရော့စ် အက်ဒါနွမ် ဂါဘရီယီဆက်စ်နှင့် ကူဝိတ်မြို့တော်၌ ယမန်နေ့တွင်     တွေ့ဆုံစဉ်     အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 


 ကိုဗစ်-၁၉ ရောဂါ၏  မူလဇာစ်မြစ်ကို ထပ်မံ စစ်ဆေးမှုများပြုလုပ်ရာတွင်      ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဦးဆောင်ကာ  သက်သေခံအထောက်အထားများအပေါ်အခြေခံပြီး  ပွင့်လင်း မြင်သာမှုရှိစွာဖြင့်  ဆောင်ရွက်ရန်  နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်က အလေးပေးပြောကြားသည်။ 
အမေရိကန်သမ္မတဟောင်း  ဒေါ်နယ်ထရမ့်က ကိုဗစ်-၁၉ ရောဂါသည်     တရုတ်နိုင်ငံဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းတစ်ခုမှ ယိုစိမ့်ထွက်လာနိုင်ဖွယ်ရှိသည်ဟု အခိုင်အမာပြောကြားခဲ့သော်လည်း ယင်းဖြစ်စဉ်မှာ လုံးဝမဟုတ်ကြောင်း       ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်ပညာရှင်များက မတ်လတွင် အစီရင်ခံစာ တစ်ရပ်ထုတ်ပြန်ခဲ့သည်။ 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်ကို  ထပ်မံစုံစမ်းစစ်ဆေးရန်  ကြိုးပမ်း လျက်ရှိသည်။ 


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကိုဗစ်-၁၉ ရောဂါ၏     မူလဇာစ်မြစ်ကို     ဖော်ထုတ်ရန်    စုံစမ်း စစ်ဆေးရေးအဖွဲ့တာဝန်ရှိသူများအား  ညွှန်ကြား ထားပြီး  အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး  သတင်း အချက်အလက်များ ဝေမျှပေးရန် တရုတ်အစိုးရအား ဂျိုးဘိုင်ဒင်က   တိုက်တွန်းပြောကြားထားကြောင်း သိရသည်။              

 

  ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်