
ထွန်းကျော်
အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွား မှုတွေ တိုးလာတဲ့အချိန်မှာ တချို့ပညာရှင်တွေက အင်ဒိုနီးရှားနိုင်ငံအနေနဲ့ သီးသန့် ကန့်သတ် စောင့်ကြည့်မှုတွေကို အပြည့်အဝ လုပ်ဆောင် သင့်တယ်လို့ အကြံပေးထားပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားအစိုးရကတော့ အစုလိုက်လှုပ်ရှား ဆောင်ရွက်မှုတွေအပေါ် အလုံပိတ်ကန့်သတ်လိုက် တာထက်စာရင် တင်းကျပ်စွာ ကန့်သတ်တားဆီး ဖို့ကို ပိုပြီး လိုလားတာကို တွေ့ရပါတယ်။
သီးသန့်ကန့်သတ်စောင့်ကြည့်မှုတွေ
လုပ်ဆောင်သင့်
ကျန်းမာရေးဝန်ကြီးဌာနက အင်ဒိုနီးရှားနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီက ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ ၂၁ဝ၉၅ ဦးရှိတယ်လို့ ဇွန် ၂၆ ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီပမာဏဟာ နိုင်ငံ အတွင်း ကိုဗစ်-၁၉ ပထမဆုံး စတင်တွေ့ရှိခဲ့တဲ့ လွန်ခဲ့တဲ့နှစ် မတ်လမှစကာ အမြင့်ဆုံး တစ်နေ့ အတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ပမာဏပဲ ဖြစ်ပါတယ်။
အခုတော့ နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်းဟာ ၂ဝ၉၃၉၆၂ ဦး ရှိလာခဲ့ပါပြီ။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို လုံးဝ ရပ်တန့်သွားဖို့ အထူးသဖြင့် ဒယ်တာပလက်စ် ကိုဗစ်- ၁၉ အသွင်ပြောင်းမျိုးစိတ်သစ်ကို လုံးဝ ရပ်တန့်နိုင်ဖို့ သီးသန့်ကန့်သတ် စောင့်ကြည့်မှုကို အပြည့်အဝ လုပ်ဆောင်သင့်တယ်လို့ အကြံပေးခဲ့တဲ့ အင်ဒိုနီးရှားတက္ကသိုလ်ရဲ့ ကူးစက်ရောဂါဆိုင်ရာ ပြန့်ပွားခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာ ပညာရှင် ကတော့ ထရီယူနစ်မီကို ဝါယိုနိုဖြစ်ပါတယ်။
အင်တိုက်အားတိုက်လုပ်ဆောင်သင့်
ကိုဗစ်- ၁၉ မျိုးစိတ်သစ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဖို့ဆိုရင်တော့ ပိုပြီး အင်တိုက်အားတိုက် လုပ်ဆောင်သင့်ပါတယ်။ နိုင်ငံအတွင်းမှာရှိတဲ့ ပြည်နယ်အတော်များများမှာ အလုံပိတ်ကန့်သတ် ပိတ်ဆို့မှုတွေလုပ်ဆောင်သင့်ပါတယ်လို့ ဝါယိုနိုရဲ့ အကြံပြုချက်တွေကို အန်တာရာ သတင်းအေဂျင်စီ က ဒီသီတင်းပတ်ရဲ့ အစောပိုင်းမှာ ဖော်ပြထား ပါတယ်။
သူ့ရဲ့ အကြံပြုပြောကြားချက်အရ ကိုဗစ်- ၁၉ မျိုးစိတ်သစ်က ပိုပြီးကူးစက်မှုမြန်ဆန်တဲ့အတွက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက်ဟာ မကြာသေးမီအချိန်လေးအတွင်း တစ်ဟုန်ထိုးတက် လာခဲ့ပါတယ်။ ဒါကြောင့်မို့ အလုံပိတ်ကန့်သတ် ပိတ်ဆို့ရမယ်လို့ သူက ပြောပါတယ်။ အလုံပိတ် ကန့်သတ် ပိတ်ဆို့တာက ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုကို လျှော့ချရုံတင်မဟုတ်ဘဲ နောက်ထပ် ကိုဗစ်-၁၉ မျိုးစိတ်သစ် ကူးစက်ဖြစ်ပွားမှုကို ရပ်တန့်ဖို့ဖြစ်ပါတယ်။
ရန်ပုံငွေတိုးမြှင့်သင့်
အစိုးရအနေနဲ့ ကိုဗစ်- ၁၉ ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ရန်ပုံငွေတိုးမြှင့်သင့် တယ်လို့ သူက ပြောပါတယ်။ အလုံပိတ်ကန့်သတ် ပိတ်ဆို့ခြင်းကို အကောင်အထည်ဖော်တဲ့အခါ ကိုဗစ်-၁၉ စစ်ဆေးမှုတွေကိုလည်း အရှိန်မြှင့် လုပ်ဆောင်သင့်ပြီး ပြည်သူတွေကိုလည်း ထောက်ပံ့ သင့်တယ်လို့ သူက အကြံပြုပြောကြားထား ပါတယ်။
အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အစိုးရအနေနဲ့ အလုံပိတ်ကန့်သတ်ပိတ်ဆို့မှုတွေကို အကောင် အထည်ဖော်ဖို့ ပါတီအတော်များများရဲ့ အကြံပေး ချက်တွေကို လက်ခံရရှိခဲ့တယ်လို့ ဇွန် ၂၃ ရက်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လူထုလှုပ်ရှား ဆောင်ရွက်မှုတွေအပေါ် အသေးစိတ်ကန့်သတ် ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး စဉ်းစားနေရပါ တယ်။
အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစား
သမ္မတက အစိုးရတစ်ရပ်အနေနဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ စီးပွားရေးအခြေအနေ၊ လူမှုရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေတွေနဲ့ တခြားနိုင်ငံတွေရဲ့ ကိုဗစ်-၁၉ ဖြစ်စဉ်တွေကို ထည့်သွင်းစဉ်းစားပြီး ရွေးချယ်မှုအတော်များများကို လုပ်ဆောင်နေတယ် လို့ ပြောပါတယ်။
အစိုးရဟာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ရပ်တန့်စေဖို့ အသေးစိတ်ကန့်သတ်ပိတ်ဆို့မှုတွေကို ကျေးရွာအဆင့်မှာလုပ်ရင် အသင့်တော်ဆုံးလား ဒါမှမဟုတ် လူမှုအသိုင်းအဝိုင်းထဲမှာရှိတဲ့ ပြဿနာရင်းမြစ်ကိုပဲ တိုက်ရိုက်ဦးတည်မလား ဆိုတာကို စဉ်းစားခဲ့ပါတယ်။
လက်ရှိအချိန်မှာအသင့်တော်ဆုံးဖြစ်
အစိုးရဟာ အင်ဒိုနီးရှားနိုင်ငံအတွင်းမှာရှိတဲ့ ပြည်နယ်ပေါင်း ၃၄ ခုမှာ ဇွန် ၂၂ ရက်ကနေပြီး ဇူလိုင် ၅ ရက်အထိ အသေးစိတ်ကန့်သတ်ပိတ်ဆို့မှုကာလကို တိုးမြှင့်လိုက်ပါတယ်။
အသေးစိတ်ကန့်သတ်ပိတ်ဆို့မှု မူဝါဒဟာ လက်ရှိအခြေအနေမှာ အသင့်တော်ဆုံးပဲဆိုတာ အစိုးရက တွေ့ရှိခဲ့ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် ပြည်သူတွေရဲ့စီးပွားရေးကိုလည်း မထိခိုက်နိုင်ပါ ဘူးလို့ အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက ပြောပါတယ်။
အသေးစိတ်ကန့်သတ်ပိတ်ဆို့ခြင်းနဲ့ အလုံပိတ် ကန့်သတ်ပိတ်ဆို့ခြင်းဟာ ဆန့်ကျင်ဘက်တော့ မဟုတ်ပါဘူး။ သူတို့ဟာ အနှစ်သာရအားချင်းတော့ တူကြပါတယ်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနှုန်းကို ထိန်းချုပ်ဖို့ ပြည်သူတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုကို ကန့်သတ်လိုက်ခြင်းပဲဖြစ်ပါတယ်။
မှန်ကန်တဲ့နည်းလမ်းတစ်ခုဖြစ်
ဒါပေမယ့် အသေးစိတ် ကန့်သတ်ပိတ်ဆို့ မှုကို အင်ဒိုနီးရှားနိုင်ငံရဲ့ ဒေသအားလုံးမှာ ကျင့်သုံးသွားမှာ မဟုတ်ဘူးလို့ သမ္မတက ပြောပါ တယ်။ မြို့တော်အုပ်ချုပ်ရေးမှူးများနဲ့ ဒေသန္တရ အုပ်ချုပ်ရေးမှူးများကို ဒီမူဝါဒကို အကောင်အထည် ဖော်ဖို့ တိုက်တွန်းသွားမှာပါလို့ ပြောပါတယ်။
သမ္မတရဲ့ ပြောကြားချက်အတိုင်းပါပဲ ကိုဗစ်-၁၉ ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ရဲ့ အကြီးအကဲ ဆိုနီဟာရီဘီ ဟာမာဒီကလည်း အသေးစိတ်ကန့်သတ်ပိတ်ဆို့မှုကို အကောင် အထည်ဖော်တာက နိုင်ငံတစ်ဝန်းမှာရှိတဲ့ ဒေသ အတော်များများမှာ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှု တိုးလာတာကို တုံ့ပြန်တဲ့နေရာမှာ မှန်ကန်တဲ့ ပုံသေနည်းတစ်ခုပဲလို့ ပြောပါတယ်။
အချက်သုံးချက်ပါဝင်
ကိုဗစ်-၁၉ အသေးစိတ် ကန့်သတ်ပိတ်ဆို့မှု မူဝါဒမှာ အဓိကအားဖြင့် အချက်သုံးချက်ပါဝင်ပြီး ကျန်းမာရေးလုပ်ထုံးလုပ်နည်းများ၊ လူထုရွေ့လျားမှု ကန့်သတ်ခြင်း၊ ဆောင်ရွက်ချက်များကန့်သတ်ခြင်း တို့ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများနေတဲ့ ဒေသ တွေမှာ ဒီလိုမျိုး အသေးစိတ်ကန့်သတ်ပိတ်ဆို့မှုကို အကောင်အထည်ဖော်ခြင်းအားဖြင့် အလုံပိတ် ကန့်သတ်ပိတ်ဆို့တာထက် ပိုမိုကောင်းပါတယ်လို့ သမ္မတ ဝီဒိုဒိုက ပြောပါတယ်။ ။
ကိုးကား - ဆင်ဟွာ