ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပ

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပ

============================================================================

 

နေပြည်တော် ဒီဇင်ဘာ ၃

 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၂၀)ကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပ သည်။

 

တက်ရောက်

 

အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်သော စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်း​ဆွေ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော် မောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။

 

အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက လုပ်ငန်းကော်မတီအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ ဆောင်ရွက်ရန် ကိစ္စရပ်များကို ပုံမှန်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိခဲ့သည့် ကဏ္ဍ များမှ စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေ ထုတ်ပေးရေးကိုလည်း ဆက်လက်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပထမအကြိမ်အဖြစ် လုပ်ငန်းပေါင်း ၃၃၉၄ ခုသို့ ငွေပမာဏ ငွေကျပ် ၁၀၁ ဒသမ ၉၂၈၃ ဘီလီယံကိုလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် လုပ်ငန်းပေါင်း ၂၉၃၉ ခုသို့ ချေးငွေကျပ် ၆၄ ဒသမ ၆၆၈၀ ဘီလီယံ ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်း ကော်မတီသို့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကဏ္ဍနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနက တင်ပြလာသည့် ကိစ္စရပ်များ အပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလို ကြောင်း၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ လုပ်ငန်း ကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်သင့် သည့် လုပ်ငန်းများကို ကြိုတင်တွက်ဆကာ ညှိနှိုင်းဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆွေးနွေးတင်ပြ

 

ဆက်လက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်နေသည့် စီးပွားရေး ဆိုင်ရာသက်ရောက်မှုများအပေါ် ဝန်ကြီးဌာန က ပံ့ပိုးဆောင်ရွက်ပေးနေသည့် အခြေအနေ များနှင့် ပတ်သက်၍လည်းကောင်း၊ ထုတ်ပေး ထားသည့် ချေးငွေများအပေါ် ထိရောက်မှု ဆန်းစစ်ရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်၍ လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှုဆိုင်ရာ အခြေအနေများ၊ စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ် များနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ငွေရေး ကြေးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။

 

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ပြုစုရေးဆွဲထားသော ကိုဗစ်-၁၉ ဆိုင်ရာ ခရီးသွားလုပ်ငန်းကုစားမှု အစီအစဉ်အရ “ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံသော ဝန်ဆောင်မှုလုပ်ငန်းများ” ဆောင်ရွက်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းပုံရိပ် မြှင့်တင်ရေးဆောင်ရွက် မည့်အစီအစဉ်နှင့် ပတ်သက်၍ လည်းကောင်း၊ လုပ်ငန်းကော်မတီသို့ ဝန်ကြီးဌာန၊ အဖွဲ့အစည်း အသီးသီးမှ ပေးပို့တင်ပြလာသည့် ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

 

သတင်းစဉ်