
နှင်းမိုးအိမ်
ကိုဗစ် -၁၉ ကာကွယ်ဆေးကို တစ်ကမ္ဘာလုံးအနှံ့ ညီညီမျှမျှရရှိရေး အရေးကြီးနေသည့်အချိန်တွင် ဥရောပသမဂ္ဂ(အီးယူ)နှင့် အာဖရိကသမဂ္ဂ(အေယူ) တို့သည် ယခုနှစ် နွေရာသီအတွင်း ကာကွယ်ဆေး တန်းတူရရှိရေးအတွက် အတူတကွ လုပ်ဆောင် သွားမည်ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြား ခဲ့သည်။
နည်းလမ်းအမျိုးမျိုးရှိ
တူညီသည့် ရည်မှန်းချက်အတိုင်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်အတိုင်းရောက်ရှိ အောင် ဆောင်ရွက်ရန်မှာ နည်းလမ်းအမျိုးမျိုး ရှိကြောင်း ၎င်းက ဆက်ပြောသည်။ မတူညီသည့် နည်းလမ်းများကို ပေါင်းကူးရန် လိုအပ်ကြောင်း (၆) ကြိမ်မြောက် အီးယူ-အေယူ ထိပ်သီးအစည်း အဝေးတွင် ဗွန်ဒါလီယန်က ပြောကြားခဲ့သည်။
လာမည့်နွေဦးရာသီတွင် ကာကွယ်ဆေး တန်းတူ ရရှိရေးအတွက် ဘရပ်ဆဲလ်မြို့တွင် နှစ်ဖက်လုံးက ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။ အာဖရိကတိုက်နှင့် ဥရောပတိုက်မှ ခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ထိပ်သီးအစည်းအဝေး ပြုလုပ်ခဲ့ကြသည်။
နည်းပညာများရရှိမည်
ယင်းနေ့မတိုင်မီကလည်း အာဖရိက ခြောက် နိုင်ငံသည် mRNA ကာကွယ်ဆေးကို ထုတ်လုပ်နိုင် ရေးအတွက် လိုအပ်သည့်နည်းပညာများ ရရှိမည် ဖြစ်ကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာခဲ့သည်။
ဝင်ငွေနိမ့်သည့်နိုင်ငံများနှင့် ဝင်ငွေနည်းပါး သည့်နိုင်ငံများ၌ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း များနှင့်အညီ ကိုဗစ် -၁၉ ကာကွယ်ဆေးထုတ်လုပ် နိုင်ရေးအတွက် အီဂျစ်၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါလ်၊ တောင်အာဖရိကနှင့် တူနီးရှားနိုင်ငံ တို့သည် ယခုအစီအစဉ်၏အစိတ်အပိုင်းများ ဖြစ် လာမည်ဖြစ်သည်။
အာဖရိကတိုက်ပြင်ပတွင် ထုတ်လုပ်သည့် ကာကွယ်ဆေးများအပေါ် မှီခိုနေရခြင်းကို လျှော့ချ နိုင်ရေးအတွက် ယခုလို စီစဉ်ခဲ့ရခြင်းဖြစ်သည်။
ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်လိုအပ်
ကပ်ရောဂါမှ ရရှိလာသည့် အထင်ရှားဆုံး သင်ခန်းစာမှာ ကာကွယ်ဆေးကိုပြည်တွင်း၌ပင် တိုး၍ထုတ်လုပ်နိုင်ရန် လိုအပ်နေခြင်းဖြစ်သည်။
အထူးသဖြင့် ဝင်ငွေနိမ့်သော နိုင်ငံများနှင့် အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံများတွင် ပြည်တွင်း၌ပင် ကာကွယ်ဆေးထုတ်လုပ်ရန် လိုအပ် သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ညွှန်ကြား ရေးမှူးချုပ်ဖြစ်သူ တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယက်ဆုက ဘရပ်ဆဲလ်တွင်ပြုလုပ်သည့် အစည်းအဝေးပွဲတွင် ပြောသည်။
လိုအပ်သည့်အရာဖြစ်
တောင်အာဖရိကသမ္မတ စီရယ်ရမ်မာဖိုဆာက အသိဉာဏ်ပညာဖြင့် တီထွင်ဖန်တီးထားသည့်အရာ မူပိုင်ခွင့်သည် ၎င်းတို့ တိုင်းပြည်အတွက် အဟန့် အတားဖြစ်နေပြီး အဆိုပါမူပိုင်ခွင့် ကင်းလွတ်စေ ခြင်းမှာ ကာကွယ်ဆေးအမြောက်အမြား ထုတ်လုပ် နိုင်ရေးအတွက် လိုအပ်သည့်အရာဖြစ်သည်ဟု ပြောသည်။
အသုံးပြုသွားမည်
အာဖရိကတိုက်အတွက် လိုအပ်သည့် စီမံ ကိန်းများလုပ်ဆောင်နိုင်ရန် ယူရို ၁၅၀ ဘီလီယံ တန်ဖိုးရှိသည့် စီမံကိန်းများကို ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးအနှံ့ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဥရောပ သမဂ္ဂ ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေထဲမှ ထုတ်ယူသုံးစွဲ သွားမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ် ဆက်သွယ်မှုနှင့် ရေရှည်တည်တံ့သည့် စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးတို့တွင် အသုံးပြုသွားမည်ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုကိုတိုက်ဖျက်ရေး
အသုံးပြုသွားမည်
ဥရောပသမဂ္ဂနှင့် အာဖရိကသမဂ္ဂ ထိပ်သီး အစည်းအဝေးတွင် လုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးကိုလည်း ဆွေးနွေးသွားခဲ့သည်။
ငြိမ်းချမ်းရေးအတွက် ထောက်ပံ့ခြင်းဆိုသည် မှာ တပ်ဖွဲ့ဝင်များ စေလွှတ်ခြင်း သို့မဟုတ် လက်နက်များဝယ်ယူရန် ထောက်ပံ့ပေးခြင်းတို့ မဟုတ်ဘဲ အုပ်ချုပ်မှုခိုင်မာခြင်း၊ တရားမျှတခြင်း နှင့် ဘဏ္ဍာငွေတောင့်တင်းခိုင်မာခြင်းတို့ ဖြစ် သည်ဟု အာဖရိကသမဂ္ဂကော်မရှင်မှ ဥက္ကဋ္ဌဖြစ်သူ မူဆာဖာကီ မာဟာမတ်က ပြောသည်။
ယူရို ၁၅၀ ဘီလီယံ တန်ဖိုးရှိသည့် အာဖရိက အတွက် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွင် ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရေးအတွက်လည်း အသုံး ပြုသွားမည်ဖြစ်သည်။
ရှေ့ဆက်လုပ်ဆောင်လျက်ရှိ
ယခုအစီအစဉ်မှာ ဥရောပသမဂ္ဂ၏ တစ်ကမ္ဘာ လုံးဆိုင်ရာ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ယခင်နှစ်ကတည်းက ယင်းအစီအစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။
ဥရောပသမဂ္ဂနှင့် အာဖရိကသမဂ္ဂတို့မှ အရာရှိ များသည် အာဖရိကတွင် ကိုဗစ် -၁၉ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးအတွက်လည်း ဆွေးနွေးမှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ ဆွေးနွေးမှု များတွင် မူပိုင်ခွင့် အကာအကွယ်ပေးမှုကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။
ဥရောပသမဂ္ဂသည် အာဖရိက၏ ပထမဦးဆုံး ဦးစားပေး မိတ်ဖက်အဖွဲ့အစည်းဖြစ်လိုပြီး ဥရောပ သမဂ္ဂသည်လည်း ရှေ့ဆက်လုပ်ဆောင်လျက်ရှိ သည်ဟု ဥရောပကော်မရှင်ဥက္ကဋ္ဌက ပြောသည်။
အာဖရိကတိုက်တွင် ကိုဗစ်-၁၉
ကူးစက်မှုအများဆုံး နိုင်ငံများ
ဖေဖော်ဝါရီ ၁၇ ရက်တွင် အာဖရိက၌ ကိုဗစ်-၁၉ ကူးစက်မှုပေါင်း ၁၁၀၆၄၈၉၈ ဦး ရှိလာသည်ဟု အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာက ပြောသည်။
ကိုဗစ်-၁၉ နှင့်ဆက်စပ်ပြီး သေဆုံးသူဦးရေမှာ ၂၄၅၂၃၇ ဦးရှိပြီး ပြန်လည်ကျန်းမာလာသူဦးရေမှာ ၁၀၂၀၅၈၉၄ ရှိသည်ဟု အာဖရိကသမဂ္ဂ ကျန်းမာ ရေးအထူးအေဂျင်စီက ပြောသည်။ အာဖရိက တိုက်တွင် ရောဂါကူးစက်မှုအများဆုံးနိုင်ငံများမှာတောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှားနှင့် အီသီ ယိုးပီးယားနိုင်ငံတို့ဖြစ်သည်။
ကူးစက်မှုအများဆုံးဒေသဖြစ်
တောင်အာဖရိကနိုင်ငံမှာ ကူးစက်မှုပေါင်း ၁၁၅၆၃၅၆ ဦးနှင့် အာဖရိကတိုက်တွင် ကူးစက်မှုအများဆုံးနိုင်ငံဖြစ်သည်။
ကူးစက်မှုအရေအတွက်များအရ အာဖရိက တောင်ပိုင်းမှာ ကူးစက်မှုအများဆုံးဒေသ ဖြစ်နေပြီး ယင်းနောက်တွင် တိုင်းပြည်၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများမှာ ကူးစက်မှုအများဆုံးဖြစ် သည်ဟု သိရသည်။
ကိုးကား - ဆင်ဟွာ ၊ အင်န်အိတ်ချ်ကေ