
နေပြည်တော် ဇူလိုင် ၂၆
နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီ ဂျင်အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့် ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များတွင် ပြတ်လပ် မှုမရှိစေရန် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ပင်လယ် ရေကြောင်း ဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆက်မပြတ် တင်သွင်းခွင့်ပြု လျက်ရှိသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား မှု စတင်မြင့်တက်လာသည့် ဇူလိုင် ၂၁ ရက်မှစ၍ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ် ပစ္စည်းများကို ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိရာ အများ ပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် သတ်မှတ်ထားသည့် ကာလ အတွင်း အဆင်ပြေချောမွေ့စွာ တင်သွင်း နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန် ရှိသူများသည် ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူ မြန်ဆန်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ Oxygen Concentrator ၃၁၈၂ လုံး၊ Test Kit ၅၀၀၀ တို့အပါအဝင် မြဝတီ၊ ချင်းရွှေဟော်၊ ကော့သောင်း၊ တာချီလိတ် ကုန်သွယ်ရေးစခန်း များမှ အောက်ဆီဂျင်အရည် (Bowser ယာဉ် တစ်စီးဖြင့်) တန် ၂၀၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၄၅ တန်၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၄၂၀၅ ခု၊ Test Kit ၅၀၀၀၊ နှာခေါင်းစည်း (Mask) ၂၈ တန်၊ PPE ဝတ်စုံ ၁၀၃၄၀ တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများအား ကုမ္ပဏီ ၂၇ ခုမှ ယာဉ်စီးရေ ၃၉ စီးဖြင့် တင်သွင်း လာခြင်းဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား မှု စတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ ရက်မှ ယနေ့အထိ ယာဉ်စီးရေ ၄၆၄ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser ယာဉ်ဖြင့်) ၅၅၃ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) တန် ၄၃၀ ၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၁၀၄ တန်၊ အိမ်သုံး အောက်ဆီဂျင်စက် ၃၅၀၈၇ ခု၊ Test Kit ၂၅၀၈၆၈ ခု၊ နှာခေါင်းစည်း (Mask) ၆၉၄ တန်၊ Oxygen Plant လေးခု၊ Oxygen Generator ကိုးခု တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
အများပြည်သူ ရုံးပိတ်ရက် များအဖြစ် သတ်မှတ်ကြေညာ ထားသည့် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၁ ရက်အထိ ရုံးပိတ်ရက် များတွင်လည်း ပို့ကုန်သွင်းကုန် လိုင်စင် လျှောက်ထားမှုများကို ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန် လုပ်ငန်းဌာနခွဲ နှင့် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပုံမှန် အတိုင်း ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပို့ကုန်သွင်းကုန်နှင့်ပတ်သက် သည့် သတင်းလွှာ (၁၂/၂၀၂၁) ဖြင့် ဇူလိုင် ၁၂ ရက်မှစ၍ သွင်းကုန် လိုင်စင် လျှောက်ထားရယူရန် မလိုအပ်ဘဲ (၃) လယာယီဖြေလျှော့ ၍ တင်သွင်းခွင့်ပြုကြောင်း အသိပေး ထုတ်ပြန်ထားသော ကုန်စည်များ တင်သွင်းရာတွင် လုပ်ငန်းရှင်များ လွယ်ကူ အဆင်ပြေစေရေးအတွက် 2017 Customs Tariff of Myanmar အရ ၎င်းကုန်စည်များနှင့် သက်ဆိုင်သော HS Code လိုင်း များကို ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁၃/၂၀၂၁) ကို ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အနေ ဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသလို အကူအညီလိုအပ်ပါက လည်း သက်ဆိုင်ရာတာဝန်ရှိသူ များထံ တိုက်ရိုက်ဆက်သွယ် နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person)များနှင့် အသိပေးကြေညာချက် များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။
သတင်းစဉ်