ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်

Type

 

ထက်လျှံ

 

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၁ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက် ပါသည်။

အစီအစဉ်မှူး ။ ။ လက်ရှိ မြန်မာနိုင်ငံမှာ တွေ့နေရ တဲ့ ကိုဗစ် - ၁၉ ရောဂါပိုးရှိသူတွေ

အနက် ၆၅ ရာခိုင်နှုန်းခန့်က ရောဂါလက္ခဏာမပြဘဲနဲ့ သာမန်အတိုင်း နေကောင်းကျန်းမာစွာ ရှိနေနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ကျန်းမာရေးကိုလည်း အထူးဂရုပြုပြီး နေထိုင်သင့်ပါတယ်။

အခုလတ်တလော တွေ့ရှိနေရတဲ့ ကိုဗစ် - ၁၉ ရောဂါ ပိုးဟာ မျိုးရိုးဗီဇ ပြောင်းလဲတဲ့အတွက်ကြောင့်လည်း အရင်ကထက် ၁၀ ဆခန့်ပိုမိုပြီး ကူးစက်မှုက မြန်ဆန်ပါ တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ရပ်ကွက်/ ကျေးရွာ/ မြို့နယ်တွေအတွင်းမှာ ဈေးရောင်းဈေးဝယ် ဆောင်ရွက်တဲ့အခါ ကိုဗစ် - ၁၉ ရောဂါကို ထိရောက်စွာ ကာကွယ်ရေး လမ်းညွှန်ချက်တွေကိုလည်း အထူးဂရုပြုဖို့ တိုက်တွန်းချင်ပါတယ်။

အပတ်စဉ်တင်ဆက်နေတဲ့ ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်မှာ ပြည်သူတွေ သိလိုတဲ့ ကဏ္ဍတွေကိုလည်း ပါမောက္ခကြီးတွေ၊ သမား တော်ကြီးတွေနဲ့ ပညာရှင်တွေကနေပြီး ပါဝင်ဆွေးနွေး ပေးလျက်ရှိပါတယ်။ ဒီကနေ့မှာ ပါမောက္ခဒေါက်တာ သင်းသင်းနွဲ့ [ပါမောက္ခ/ ဌာနမှူး၊ ဆေးပညာဌာန၊ ဆေးတက္ကသိုလ် - ၂ (ရန်ကုန်)]၊ ဒေါက်တာမိုးခိုင် [ညွှန်ကြားရေးမှူး (ကုသရေး)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] နဲ့ ဒေါက်တာသန်းနိုင်စိုး [ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] တို့က ပါဝင် ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ဒေါက်တာသန်းနိုင်စိုးက ဦးဆောင် ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။

ဒေါက်တာသန်းနိုင်စိုး ။ ။ ကျွန်တော့်အနေနဲ့ ပထမ ဦးဆုံးအနေနဲ့ မြောက်

ဥက္ကလာပဆေးတက္ကသိုလ် - ၂ (ရန်ကုန်)မှ ဆေးပညာဌာန ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာသင်းသင်းနွဲ့ကို ဖြေကြားပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။

ပါမောက္ခဒေါက်တာသင်းသင်းနွဲ့ ။ ။ ဒီတစ်ပတ် ကိုဗစ်- ၁၉ အကြောင်း

သိကောင်းစရာ အမေး/ အဖြေ ဒသမအပတ်အစီအစဉ်မှာ ရရှိတဲ့မေးခွန်းတွေအပေါ်မှာ ကျွန်မအနေနဲ့ အပိုင်း ၄ ပိုင်း ခွဲပြီး ဆွေးနွေးသွားပါမယ်။ နံပါတ် (၁) က ကိုဗစ် - ၁၉ ရောဂါလက္ခဏာဖြစ်နေပြီလားလို့ စိတ်ပူပြီး မေးထားတဲ့ မေးခွန်းရယ်၊ နံပါတ် (၂) က သူတို့အခုဆိုရင် ကိုဗစ် - ၁၉ ဖြစ်ပြီးတဲ့အခါမှာ မဖြစ်ခင်မှာ လူတွေက Pulse Oximeter တွေ ဝယ်တယ်။ အဲဒီအခါ Oxygen Levels ဘယ်လောက် ဆိုရင် Normal ဆိုတာသိချင်တဲ့ မေးခွန်းရယ်၊ နံပါတ် (၃) က ကိုဗစ် - ၁၉ Positive ဖြစ်နေတဲ့ မိခင်တွေက မွေးကင်းစ ကလေးကို နို့ချိုတိုက်ကျွေးနိုင်သလားဆိုတာရယ်၊ နံပါတ် (၄) က ကိုဗစ် - ၁၉ Positive ဖြစ်ထားပြီ ဘယ်အချိန်အထိကို Positive ဖြစ်နေဦးမှာလဲဆိုပြီး မေးထားတဲ့ မေးခွန်းရယ် အားလုံးအပိုင်း ၄ ပိုင်းရှိပါတယ်။

နံပါတ် (၁) မေးခွန်းနဲ့ ပတ်သက်လို့ ကိုဗစ် - ၁၉ ရောဂါလက္ခဏာဖြစ်နေပြီလားဆိုပြီး စိတ်ပူတာပေါ့နော်။ အဲဒီအခါ တော်တော်များများက စိတ်ပူပြီး ရန်ကုန်မြို့မှာ ရှိတဲ့ ဆေးရုံ၊ ဆေးခန်းနဲ့ Fever Clinic တွေကို လာပြီးပြသကြတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ကိုဗစ် - ၁၉ ရောဂါ လက္ခဏာရှိသူများ လက္ခဏာတွေ ဘာတွေ၊ ဘာတွေ ကိုဗစ် - ၁၉ ဖြစ်နိုင် တယ်ဆိုတာကို ကျွန်မတို့က ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ပြည်သူအများက ဖတ်ရှုတယ်။ ဒါပေမယ့် ဖတ်ရှုထားတာကို ထပ်ပြီးရှင်းပြလိုက်ရင် ပြည်သူ တော်တော်များများက နည်းနည်း ရှင်းရှင်းလင်းလင်း ပိုပြီးသိသွားမယ်။ ဒါကြောင့် အခု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားတဲ့အတိုင်း ကျွန်မက ထပ်မံပြီး ရှင်းလင်းချင်ပါတယ်။ နံပါတ် (၁) က လူတစ်ယောက်ဟာ ဖျားမယ်။ ဖျားတယ်ဆိုရင် သူရဲ့ အပူချိန်က ၁၀၀ ဒသမ ၄ ဒါက ကိုယ့်ရဲ့အိမ်မှာ သာမိုမီတာ ဖြစ်ဖြစ်၊ ဆေးရုံ/ ဆေးခန်းရောက်ရင် အဖျားတိုင်းလို့ရှိရင် ၁၀၀ ဒသမ ၄ ဖာရင်ဟိုက်ရှိမယ်။ နံပါတ် (၂) က ဖျားပြီးလို့ ရှိရင် ဘာဖြစ်မလဲ၊ ချောင်းဆိုးမယ်။ သလိပ်မထွက်ဘဲ ချောင်းခြောက်တွေဆိုးမယ်။ နောက်တစ်ခုက ကိုယ်လက် တွေ မအီမသာတွေ ဖြစ်မယ်၊ မောလာမယ်၊ အစား အသောက်တွေ ပျက်လာမယ်၊ ဝမ်းပျက်တာတွေရှိမယ်၊ အနံ့မရဘူး နှာခေါင်းတွေပိတ်မယ်၊ နှာချေမယ်၊ အဲဒီ လက္ခဏာတွေ ရှိလာပြီဆိုရင် ကျွန်မတို့က ကိုဗစ် - ၁၉ သံသယဖြစ်ပြီ၊ လူတွေနည်းနည်းလေး စိတ်ပူလာပြီ။ ဒီလက္ခဏာရှိလာပြီဆိုရင် နီးစပ်ရာ ဆေးရုံ/ ဆေးခန်း တွေကို သွားရောက်ပြီး ကိုဗစ် - ၁၉ စစ်ဆေးသင့်ပါတယ်။

ဒီလက္ခဏာတွေ အများကြီးထဲမှာ နှာခေါင်းပိတ် တယ်၊ နှာချေတယ် ဆိုရင်ရော ကိုဗစ် - ၁၉ လား၊ နှာခေါင်း ပိတ်တယ်၊ နှာချေတယ်ဆိုရင် ရိုးရိုးနှာစေးချောင်းဆိုး လည်း ရှိတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်မတို့က သူသည် ရိုးရိုးနှာစေးချောင်းဆိုးလား၊ ကိုဗစ် - ၁၉ ဖြစ်နိုင် ခြေရှိသလား ဆိုတာကို သူသည် ကိုဗစ် - ၁၉ ဖြစ်နေသူနဲ့ နီးနီးစပ်စပ် အလုပ်အကိုင်မှာ လုပ်နေသလား၊ အိမ်ထဲမှာ အတူနေဖူးသလား၊ ဒါမှမဟုတ် ကိုဗစ် - ၁၉ ဖြစ်ပွားနေတဲ့ နေရာတွေကို သွားလာဖူးသလား၊ High Risk Person ဖြစ်သလားဆိုတာကို အရင်ကြည့်ရမယ်။ High Risk မရှိဘူးဆိုရင် ကျွန်မတို့က ရိုးရိုးနှာစေးချောင်းဆိုးပါ။ အဲဒီလိုမဟုတ်ဘဲ High Risk Person ဆိုရင် ဆေးရုံ/ ဆေးခန်းတွေမှာ လာပြီးစစ်ဆေးသင့်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ စောစောစစ်လိုက်ရင် စောစော ကုသလို့ရပါ တယ်။ ဒါက ကိုဗစ် - ၁၉ ရောဂါလက္ခဏာပါ။

အခုလူအများသိတာက အနံ့ပျောက်တယ်ဆိုရင် အနံ့ပျောက်စင်တာတွေ သွားတယ်။ နောက်တစ်ခါ တော်တော်များများလည်း သိလာပါတယ်။ အစား အသောက်တွေ ပျက်တယ်၊ ကိုယ်လက်မအီမသာ ဖြစ်တယ်၊ ဝမ်းပျက်ပြီဆိုရင် ဆေးရုံလာဖို့ သိလာကြတယ်။ ဖျားပြီ၊ ချောင်းဆိုးပြီဆိုရင်လည်း လာတယ်။ မောပြီ ဆိုရင်တော့ နည်းနည်းနောက်ကျလာပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို လက္ခဏာတွေ ရှိပြီဆိုရင် စောစောစီးစီး ဆေးရုံ/ ဆေးခန်းလာသင့်တယ်။ ဒါက ရောဂါလက္ခဏာ တွေ အကြောင်းပါ။

နံပါတ် (၂) မေးခွန်းနဲ့ပတ်သက်လို့ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ဘယ်လောက်ရှိသလဲဆိုတာ သိဖို့အတွက် Pulse Oximeter တွေ တော်တော်များများကို အိမ်တွေမှာ ဝယ်ထားကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က မောပြီဆိုလာရင် ဆေးရုံကို လာရတော့မယ်ဆိုတာ သိကြပါတယ်။ လူသာမန် တစ်ယောက်က ၉၅ နဲ့ ၁၀၀ က Oxygen Levels ပုံမှန်ဖြစ်ပါတယ်။ ၉၀ နဲ့ ၉၀ အောက် ရောက်ပြီဆိုရင် ဒီလူနာသည် ဆေးရုံကို လာပြသင့်ပြီပေါ့ နော်။ အဲဒါတွေကလည်း အရေးကြီးပါတယ်။

နောက်မေးထားတဲ့ မေးခွန်းက ခုခံအားကျဆင်းတဲ့သူ တွေမှာ Oxygen Levels က ဘယ်အဆင့် ရှိသလဲဆိုပြီး မေးထားပါတယ်။ ခုခံအားကျဆင်းတဲ့သူတွေအနေနဲ့ HIV ပိုးအကောင်ရေဟာ ပုံမှန်အတွင်းမှာ ဝင်နေတယ်ဆိုရင် သူ့ရဲ့ Oxygen Levels က ပုံမှန်လူတစ်ယောက်မှာရှိတဲ့ Levels နဲ့အတူတူပါပဲလို့ ဖြေကြားလိုပါတယ်။

နံပါတ် (၃) မေးခွန်းဖြစ်တဲ့ ကိုဗစ် - ၁၉ Positive ဖြစ်တဲ့မိခင်က မွေးတဲ့ကလေးတွေနဲ့ ပတ်သက်ပြီး အခု လက်ရှိ လေ့လာဆန်းစစ်ချက်အရ ကိုဗစ်ရောဂါသည် ကိုယ်ဝန်မိခင်က မွေးလိုက်တဲ့ ကလေးမှာ ရောဂါကူးစက် မှုက တော်တော်နည်းပါတယ်။ ဒါပေမယ့် ကလေးတွေမှာ ကူးစက်မှု ရှိ/ မရှိ ကို မွေးပြီး ၂၄ နာရီအတွင်း ကိုဗစ် - ၁၉ ရှိ/ မရှိ စစ်ဆေးပါတယ်။ စစ်ဆေးလို့ Negative ဖြစ်တယ် ဆိုရင် နောက် ၄၈ နာရီအတွင်းမှာ ထပ်မံပြီးစစ်ဆေးပါ တယ်။ မိခင်နို့တိုက်ကျွေးနိုင်သလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ မိခင်နို့ တိုက်ကျွေးနိုင်ပါတယ်။ မိခင်အနေနဲ့ ကလေးနို့တိုက်ချိန်မှာ စိတ်ချရအောင် Mask နဲ့ Face Shield တပ်ဆင်တဲ့အပြင် လက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်အတိုင်း လက်ကို သေသေချာချာ ဆေးကြောပြီး မိခင်နို့ တိုက်ကျွေးနိုင် ပါတယ်။

နံပါတ် (၄) မေးခွန်းဖြစ်တဲ့ ကိုဗစ် - ၁၉ Positive ဖြစ်တယ်၊ ဘယ်အချိန်အထိအောင် Positive ဖြစ်နေမှာ လဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မတို့က ၁၁ ရက်ကျော်ပြီး သာမန်ဆိုရင် တခြားသူကို ကူးစက်မှုနှုန်းက နည်းသွား ပြီ၊ ဒါပေမယ့် နှာခေါင်းတို့ဖတ်ယူမယ်၊ အာခေါင်တို့ဖတ် ယူမယ်ဆိုရင် သူ့ခန္ဓာကိုယ်မှာ ရှိနေတဲ့ ကိုဗစ် - ၁၉ Positive က သုံးလအထိ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် သူများကို ကူးစက်မှုက နည်းပါတယ်။ အကောင်းဆုံးက Mask တပ်ထားတာမျိုး၊ Social Distancing လုပ်ထားတာ မျိုးဆိုရင် တခြားသူတွေကိုလည်း မကူးနိုင်ပါဘူး။ ဒါက ဒီနေ့ ကျွန်မရရှိထားတဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။

ဒေါက်တာသန်းနိုင်စိုး ။ ။ ဆက်လက်ပြီး ပြည်သူတွေ မေးမြန်းထားတဲ့ ဆေးရုံနဲ့

ပတ်သက်တဲ့ မေးခွန်းတွေ၊ ဆေးရုံစီမံခန့်ခွဲမှုဆိုင်ရာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားပေးဖို့အတွက် ဒေါက်တာမိုးခိုင်ကို ဖိတ်ခေါ်ပါတယ်။

ဒေါက်တာမိုးခိုင် ။ ။ ပထမဦးဆုံး မေးခွန်းအနေနဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ကုသရေး

ဌာန ဘယ်နှခုရှိသလဲ၊ ဆေးရုံ/ ဆေးခန်းများရဲ့ ကုသမှု အခြေအနေကို သိလိုပါတယ် ဆိုပြီး မေးထားပါတယ်။ ဒီမေးခွန်းက ကျယ်ကျယ်ပြန့်ပြန့် မေးထားတဲ့ မေးခွန်း တစ်ခု ဖြစ်ပါတယ်။ မေးခွန်းထဲမှာပါတဲ့ ကိုဗစ် ကုသရေး ဌာနဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်ပြီး အခုနောက်ပိုင်း ကိုဗစ် - ၁၉ ရောဂါ ကုသရေး လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ စနစ်တကျ ကိုဗစ်ကုသရေးဌာနတွေ ဖွင့်လှစ်ပြီး ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့်မို့ ပြည်သူလူထုအနေနဲ့ ကျွန်တော်တို့ ဘယ်လောက်အထိ ဆောင်ရွက်ခဲ့သလဲ သိလိုတဲ့အတွက် မေးမြန်းခြင်းဖြစ်ပါတယ်။

ကိုဗစ်ကုသရေးဌာနအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး မှာ လုပ်ငန်းဆောင်ရွက်နေတာ ကိုဗစ် - ၁၉ ကုသရေးဌာန (ဖောင်ကြီး) အပါအဝင် ၁၄ ခုရှိပါတယ်။ ဒီကိုဗစ်ကုသ ရေးဌာန စင်တာတွေက မိဘပြည်သူတွေရဲ့လှူဒါန်းမှုနဲ့ အဆောက်အအုံပိုင်းတွေ၊ ပစ္စည်းကိရိယာပိုင်းတွေ ဖြည့်ဆည်း ထားရှိပါတယ်။ ဒီစင်တာတွေမှာ ကုသရေး အပိုင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ယူပြီး လိုအပ်တဲ့ ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင် ဝန်ထမ်းတွေ၊ အထွေထွေလုပ်သား အားလုံးကို ဖြည့်ဆည်းပြီး တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ နောက်မန္တလေးတိုင်းဒေသကြီးမှာ ကိုဗစ်ကုသ ရေးဌာန မန္တလာသီရိ ရှိပါတယ်။

ဒီလိုမျိုး ကိုဗစ်ကုသရေးဌာနဆိုတဲ့ အသုံးအနှုန်းကို ခေါ်ဆိုတာက မန္တလေးမှာ တစ်ခု၊ ရန်ကုန်မှာ ၁၄ ခု Function တွေရှိတယ်ဆိုပေမယ့် ပင်မ ကိုဗစ် - ၁၉ ကုသ ရေးနဲ့ ကျန်တာတွေအားလုံးအတွက် ပြည်သူ့ဆေးရုံတွေ ရှိနေတာဖြစ်ပါတယ်။ ဒီပြည်သူ့ဆေးရုံတွေမှအပ ကျန်တဲ့ နေရာတွေမှာ ကိုဗစ်ကုသရေးအတွက် အထူးပြုပြီး လိုအပ်လာတဲ့ကုသမှုတွေကို ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

အခုအနောက်ပိုင်းမှာ ကိုဗစ်ကုသရေးနဲ့ပတ်သက်လို့ ပြည်သူ့ဆေးရုံတွေမှာ ပုံမှန်ကုသရေးအပြင် ကိုဗစ် - ၁၉ ကုသရေးကို ဆောင်ရွက်နိုင်ဖို့အတွက် သတ်မှတ်ဧရိယာ တွေ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။ နောက်တစ်ခါ ယခင်ကတည်းက ဆောင်ရွက်ခဲ့တဲ့ ညွှန်းပို့ ဆေးရုံတွေ အရေအတွက် အထူးအနေနဲ့ဆိုရင် ကုသရေး ဌာန လက်အောက်မှာဆိုရင် တောင်ဥက္ကလာပ အထူးကု ဆေးရုံကြီးရယ်၊ ဝေဘာဂီအထူးကုဆေးရုံကြီးရယ် ဒါတွေက ကိုဗစ်အထူးကုဆေးရုံတွေအဖြစ် ဆောင်ရွက် နေတာ ဖြစ်ပါတယ်။

ကိုဗစ်ကုသရေးဌာနတွေမှာ အားလုံးသိကြတဲ့အတိုင်း အခုနောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ ရောဂါအခြေအနေကို ပါမောက္ခကြီးတွေက ရှင်းလင်းသွားပြီ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာ ရောဂါပိုပြီးပြင်းထန်လာတာကို ပြည်သူ တွေအနေနဲ့ တွေ့ရှိပြီးဖြစ်ပါတယ်။ ကိုဗစ်ကုသရေးစင်တာ တွေမှာ Moderate and Severe ဆိုပြီး အသက်အန္တရာယ် ကယ်နိုင်ဖို့ကို ထားရှိရတာဖြစ်တဲ့အတွက်ကြောင့် ကုသရေးဌာနတွေမှာဆိုရင် ဆေးရုံကြီးကဲ့သို့ အောက်ဆီဂျင်ပေးနိုင်တဲ့ ခုတင်တွေ၊ နောက် ICU ပေါ့နော်။ အထူးကြပ်မတ်ကုသပေးနိုင်တဲ့ ခုတင်တွေ ထားရှိပေးပါတယ်။ လူနာတွေအတွက် ပုံမှန်မှာဆိုရင် ခုတင်ပေါင်း ၁၀၀၀၀ ကျော်လောက် ထားရှိတယ်။

ဒုတိယအပိုင်းနဲ့ ပတ်သက်ပြီး ပြည်သူ့ဆေးရုံတွေ အနေနဲ့ ကျွန်တော်တို့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံတွေ၊ ခရိုင်ဆေးရုံတွေ၊ မြို့နယ်ဆေးရုံတွေ၊ တိုက်နယ်ဆေးရုံတွေအထိ အခုဆိုရင် ကိုဗစ်ပိုးတွေ့လူနာတွေကို လွှဲပြောင်းလက်ခံကုသပေး နေပါပြီ။ လိုအပ်တယ်ဆိုရင် လူနာရဲ့ရောဂါအခြေအနေပေါ် မူတည်ပြီး လိုအပ်တဲ့ကုသမှုများကိုလည်း သက်ဆိုင်ရာ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဆရာကြီးတွေနဲ့ ချိတ်ဆက် ပြီး တာဝန်ကျနေတဲ့ ဆရာဝန်၊ သူနာပြုတွေ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးလျက် ရှိပါတယ်။

နောက်တစ်ခါ ကျွန်တော်တို့ ဆေးရုံငယ်တွေမှာ ကုသမှုပေးလျက်ရှိပြီး တကယ်လို့ ကုသမှုလိုအပ်လာ ပြီဆိုရင် ရန်ကုန်မှာဆိုရင်လည်း သတ်သတ်မှတ်မှတ် လွှဲပြောင်းလို့ရအောင် ရန်ကုန်ဆေးရုံကြီး၊ မြောက် ဥက္ကလာပဆေးရုံကြီး၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံ အသစ်ကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး ဒီဆေးရုံကြီးတွေရယ်၊ နောက်ရန်ကုန် တိုင်းဒေသကြီး အုပ်ချုပ်မှုအောက်မှာရှိတဲ့ အရှေ့ပိုင်း ဆေးရုံကြီး၊ အနောက်ပိုင်းဆေးရုံကြီး၊ သန်လျင်၊ လှိုင်သာယာ ဒီဆေးရုံတွေကို လွှဲပြောင်းကုသနိုင်ဖို့၊ ပိုမိုပြီး ခက်ခဲတဲ့ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့ အတွက် ပြင်ဆင် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါက ပထမမေးခွန်းအတွက် ကျွန်တော် ဖြေကြားခြင်း ဖြစ်ပါတယ်။

ဒုတိယမေးခွန်းဖြစ်တဲ့ လူနာဟာ မိဘပြည်သူများ သိရှိပြီးဖြစ်တဲ့အတိုင်း အရင်တုန်းက ကိုဗစ် ပိုးတွေ့လူနာ တွေကို ကျွန်တော်တို့ရဲ့ ဆေးရုံတွေမှာ ကုသရေးစင်တာ တွေမှာ ကုသမှုပေးနိုင်အောင် လူနာစောင့်တွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကူးစက်မှု လျော့နည်းအောင်လို့ ဆေးရုံကပဲ တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

အခုနောက်ပိုင်းမှာတော့ ကူးစက်မှုများပြားလာတဲ့ အခါ ကျွန်တော်တို့အနေနဲ့၊ မိဘပြည်သူ တွေအနေနဲ့လည်း ကိုယ့်ရဲ့မိဘတွေ၊ သက်ကြီးရွယ်အိုတွေ နောက်ပြီး လိုအပ်ချက် တကယ်ရှိလာတဲ့ သူတွေအတွက် ခွင့်ပြုနိုင်ဖို့ ဝန်ကြီးဌာနအနေနဲ့လည်း ကိုဗစ် - ၁၉ ပိုးတွေ့လူနာ စောင့်တွေအတွက် ခွင့်ပြုနိုင်ဖို့ အကြောင်းကြားစာလည်း ပေးပို့ထားပြီး သတ်မှတ်စည်းကမ်း ၁၀ ချက်ချမှတ်ထားပြီး လိုက်နာ ဆောင်ရွက်ရဖို့ ရှိပါတယ်။

ဒါနဲ့ပတ်သက်ပြီး မေးထားတဲ့ မေးခွန်းကတော့ လူနာတွေကို လိုက်လံစောင့်ရှောက်တဲ့အခါ ဆရာ၊ ဆရာမတွေရဲ့ ညွှန်ကြားချက်အတိုင်း Level 2 PPE တွေ၊ Gloves တွေ၊ Hair Cap တွေ သုံးပါတယ်။ ဒါပေမယ့် ရေမချိုးရဲဖြစ်နေပါတယ်။ ရေကန်မှ ကူးစက်နိုင်ပါသလား။ ကိုဗစ်က ရေကန်မှ ကူးစက် နိုင်ပါသလား။ ကျေးဇူးပြု၍ ဖြေကြားပေးပါခင်ဗျာဆိုပြီး မေးထားတာပါ။

 

 

အားလုံးသိတဲ့အတိုင်း ရေက ကူးစက်နိုင်တဲ့နှုန်း ကတော့ အင်မတန်နည်းပါတယ်။ မရှိသလောက်ပါ။ ဒါပေမယ့် ဆေးရုံအနေနဲ့တော့ ကိုဗစ် Positive လူနာ တွေကို ကုသမှုရှိနေတယ်။ သူတို့ရဲ့ လူနာစောင့်တစ်ယောက် ကို ခွင့်ပြုထားပြီးဖြစ်တဲ့အတွက် ရေချိုးခန်းသွားတဲ့ အခါမှာ မလိုအပ်ဘဲနဲ့ ကိုင်တွယ်တာတွေ မပြုဖို့လိုအပ် ပါတယ်။

နောက်ပြီး တစ်ဖက်ကလည်း ကျွန်တော်တို့ရဲ့ လူနာ စောင့်စည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့၊ ညွှန်ကြား ထားတဲ့အတိုင်း Level 2 PPE ဝတ်ဆင်မယ်၊ လူနာအတွက် စောင့်ရှောက်မှုတွေကိုပဲ အဓိကထားပြီး ဆောင်ရွက်မယ်။ ဆေးရုံရဲ့ ပုံမှန်စည်းကမ်းအတိုင်း အခြားလူနာတွေရဲ့ အရေးကိစ္စတွေမှာလည်း မလိုအပ်ဘဲနဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ ပါဝင်ပတ်သက်တာမျိုး မပြုရဘူး။ နောက်ပြီး ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု စည်းကမ်းတွေဖြစ်တဲ့ လိုအပ်တဲ့ အချိန်တိုင်း၊ လူနာအတွက် သန့်ရှင်းမှုအပိုင်းဆောင်ရွက် ပြီးတဲ့အခါတိုင်းမှာ လက်မကြာခဏဆေးကြောဖို့ လိုအပ် ပါမယ်။

နောက်ဆုံးမေးခွန်းက အနံ့ပျောက်လူနာနဲ့ ဆက်စပ် ပါတယ်။ အနံ့ပျောက်လူနာတွေနဲ့ ပတ်သက်ပြီး မေးထား တဲ့ မေးခွန်းတွေကို စုလိုက်တဲ့အခါ အနံ့ပျောက်တာနဲ့ ပတ်သက်ပြီး ပုဂ္ဂလိက ပြင်ပဆေးခန်းတွေ သွားရောက်ပြီး ပြသတာတွေ ရှိတယ်။ နောက်ပြီး ကွာရန်တင်းစင်တာ တွေမှာ နေရတာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ စုစည်းပြီး ကျွန်တော့်အနေနဲ့ ဖြေကြားမှာဖြစ်ပါတယ်။ အချို့ကလည်း ရောဂါအခံမရှိဘူး။ အိမ်မှာပဲ ကူးစက်မှု မရှိအောင် စည်းကမ်းနဲ့အညီ သီးခြားနေထိုင်မယ်။ ဒီလိုမျိုးစောင့်ရှောက်မယ်ဆိုရင် နေလို့ရပါသလားဆိုတာ ကို ဖြေကြားသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ အခုနောက်ပိုင်းတွေ့ရှိချက်၊ Second Wave ရဲ့ အတွေ့အကြုံအရတော့ အနံ့ပျောက်တဲ့ သူအများစုမှာ ကိုဗစ် - ၁၉ ပိုးစစ်လိုက်တဲ့အခါ တွေ့ရှိရတဲ့ လူနာတွေဖြစ်နေပါတယ်။ ဒါကြောင့် အနံ့ပျောက်တဲ့လူနာ တွေက အထူးအရေးကြီးပါတယ်။ အနံ့ပျောက်တဲ့လူနာတွေ က ကိုဗစ် - ၁၉ Positive ဖြစ်နိုင်တဲ့အတွက်ကြောင့် ကိုဗစ်-၁၉ Positive ဖြစ်ခဲ့မယ်ဆိုရင် သူ့ရဲ့ Contact Tracing ဆက်စပ်တဲ့လူတွေကို ထောက်လှမ်းပြီး လိုအပ် တဲ့ကာကွယ်မှုတွေကို ဆောင်ရွက်နိုင်မှသာ ပိုးတွေ့တဲ့ လူနာတွေ ထပ်ထပ်တိုးလာမှာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အနံ့ပျောက်လူနာတွေကို ကျွန်တော်တို့ရဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ပြသစေချင်ပါတယ်။ နောက်ပြီး ပုဂ္ဂလိကဆေးရုံ/ ဆေးခန်းတွေအနေနဲ့လည်း ရောဂါရှာဖွေ ရေးလုပ်ငန်း ဆောင်ရွက်နိုင်တဲ့ ဆေးခန်းတွေ၊ ဆေးရုံ တွေကို ညွှန်းပို့ခြင်းအားဖြင့် ရောဂါပိုးတွေ့ရှိနိုင်တဲ့ လူနာတွေကို လျှော့ချနိုင်ဖို့၊ ရောဂါကူးစက်နိုင်မှု ကွင်းဆက် ကိုလည်း ဖြတ်တောက်နိုင်ဖို့ အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။

ပုဂ္ဂလိကဆေးခန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော့် အနေနဲ့ အလျဉ်းသင့်လို့ တင်ပြရမယ်ဆိုရင် ပုဂ္ဂလိက ဆေးခန်းမှာ တာဝန်ယူဆောင်ရွက်နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့သူတွေပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတာပဲ ဖြစ်ဖြစ် Management Portocol ကို ဝန်ကြီးဌာန၊ ဦးစီးဌာနအနေနဲ့ သီးခြားညွှန်ကြားထားပြီးဖြစ်ပါတယ်။

သူတို့ရဲ့တွေ့ရှိမှုအပေါ် မူတည်ပြီး သူတို့က ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အခါ Level 2 PPE ကို ဝတ်ဆင်ထားတယ်ဆိုရင် Low Risk အန္တရာယ်နည်းတယ်။ သူ့ကို တစ်ရက်/ နှစ်ရက် နေလို့ စစ်လိုက်တဲ့အခါ ကိုဗစ် Negative ဆိုရင်ပြန်လည်အလုပ်ဝင်ရောက်ပြီး ကိုယ့်ရဲ့ ပုဂ္ဂလိကဆေးခန်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လို့ရမှာဖြစ်ပါတယ်။ ဒါကိုလည်း ပုဂ္ဂလိက အထွေထွေ ရောဂါကု ဆေးခန်းလုပ်ငန်းဆောင်ရွက်နေကြတဲ့ ဆရာတို့ အနေနဲ့လည်း ကျွန်တော်တို့ဆရာတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကိုယ့်ရဲ့လုပ်ငန်းမပျက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

တစ်ဖက်ကလည်း High Risk ပေါ့။ တစ်ခန်းတည်း ထမင်းအတူစားတာ၊ တစ်ခန်းတည်းနေတာ တကယ့်ကိုပဲ PPE ကလည်း ဝတ်ဆင်မထားဘူး။ High Risk ဆိုရင် ပထမတစ်ခါစစ် Negative ဖြစ်ခဲ့ပြီးရင်လည်း နောက် ၇၂ နာရီမှာ ပြန်လည်စစ်ဆေးပြီး Negative ဖြစ်မှသာ ကိုယ့်ရဲ့အလုပ်တာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍကိုလည်း ဆက်လက် ဆောင်ရွက်နေပါပြီ။

ပုဂ္ဂလိကဆေးရုံတွေမှာလည်း ကိုဗစ် - ၁၉ ပိုးတွေ့ လူနာတွေကို လက်ခံကုသနိုင်ဖို့အတွက်ကို ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ ဆေးရုံတွေကို အဆိုပြု လျှောက်ထားစေပြီး ဒါတွေကို ကွင်းဆင်းစစ်ဆေး Assessment Team အနေနဲ့ ဆောင်ရွက်မယ်။ ကျွန်တော် တို့ရဲ့ ဆေးရုံတွေမှာ ပြင်ဆင်ခဲ့တဲ့အချက်တွေအတိုင်း လူနာတွေကို လက်ခံကုသနိုင်ဖို့အတွက် စစ်ဆေးဖို့၊ ပိုးတွေ့တယ်ဆိုရင် ဆေးရုံမှာပဲ ဆက်လက်ပြီး Clinical Management Team တွေ၊ လိုအပ်မယ့်ကုသမှုတွေ၊ လိုအပ်တဲ့ကာကွယ်မှုတွေ၊ တကယ်လို့ Serious ဖြစ်လာ မှသာ ကျွန်တော်တို့ ဆေးရုံတွေနဲ့ချိတ်ဆက်ပြီး လွှဲပြောင်း နိုင်ဖို့တွေကိုလည်း ဆောင်ရွက်နေပါတယ်။

မကြာခင်မှာလည်း ပုဂ္ဂလိကကဏ္ဍရဲ့ ပူးပေါင်းပါဝင်မှု နဲ့ ကျွန်တော်တို့ရဲ့ ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းဟာ ပိုမိုအောင်မြင်ထိရောက်လာမယ်ဆိုတာကို တင်ပြလိုပါ တယ်။ မိဘပြည်သူတွေကို အထူးကျေးဇူးတင်ရှိပါတယ်။

ဒေါက်တာသန်းနိုင်စိုး ။ ။ ပြည်သူတွေအနေနဲ့ ဆေးရုံနဲ့

ပတ်သက်တဲ့ စီမံခန့်ခွဲမှု အပိုင်းတွေ၊ ကိုဗစ်စင်တာနဲ့ ပတ်သက်တာတွေ၊ လူနာ စောင့်တွေရဲ့အပိုင်းတွေ တော်တော်များများကို ပိုမိုသိရှိ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ ကျန်တဲ့မေးခွန်းတွေကို ဖြေကြားပေးပါမယ်။ ကျွန်တော့်အတွက် ရတဲ့မေးခွန်း ၁၅ ခုလောက်ရှိပါတယ်။ အဲဒီအထဲက အုပ်စုပြန်ခွဲလိုက် တော့ အဓိက မေးခွန်းလေးခုလောက်ရှိပါတယ်။ အဲဒါကို ဖြေချင်ပါတယ်။

နံပါတ်တစ်က ဈေးများသည် လူစုလူဝေးနေရာဖြစ်၍ ဂရုစိုက်စေချင်ပါသည်။ Mask ၊ Face Shield များတပ်ရန်နဲ့ ဈေးသည်များရှေ့တွင် ပလတ်စတစ်ကာပြီး ဈေးရောင်းရင် ပိုးပြန့်နှုန်းနည်းမည်ဟုထင်ပါသည်။ ရပ်ကွက်ဈေးများတွင် Mask မတပ်ပါက ပရဟိတအဖြစ် Mask တစ်ဘူး ပေးလှူ ခိုင်း စေချင်ပါသည်။ ဒါက ပထမ မေးထားတဲ့မေးခွန်းလေးပါ။

ဒုတိယမေးခွန်းက ဒီနေ့ကိုယ်က Mask တပ်တယ်။ ဘေးကလူက Mask မတပ်ဘူး။ နှာချေတယ်၊ စိတ်ပူမိ တယ်။ နှာချေသူ ကိုဗစ်ရောဂါမရှိပါစေနဲ့လို့ ဆုတောင်းနေမိ တယ်။ ဒီမေးခွန်းနှစ်ခုကို ကျွန်တော်ဦးစားပေးပြီး ဖြေကြားပေးလိုပါတယ်။

နံပါတ် (၁) မေးခွန်းက မှန်ကန်ပါတယ်။ မေးခွန်း မေးရင်း အကြံပေးတဲ့ မိဘပြည်သူကိုလည်း အထူးကျေးဇူး တင်တဲ့အကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ကူးစက်မှုအနေအထားက တန်းနေတယ်၊ တင်းခံနေတဲ့ အနေအထား၊ အောက်ကို ဒီထက်မကျနိုင်တဲ့ အနေအထားကို ပြန်ကြည့်လိုက်တဲ့အခါ လူစုတဲ့နေရာတွေ က ကူးစက်မှုကို အခြေခံတယ်ဆိုတာကို တွေ့ရတယ်။

ဈေးတွေ့တယ်၊ ဘိုးဘွားရိပ်သာလို၊ အချို့စက်ရုံ အလုပ်ရုံတို့၊ အချို့ဘာသာရေး၊ သာသနာရေးနဲ့ ပတ်သက် တဲ့နေရာတို့ အချို့အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူစုစုဖြစ်သွားတဲ့ နေရာတွေမှာ ကူးစက်မှုများတာ တွေ့ရပါတယ်။

ဈေးဆိုတာတော့ လူတိုင်းမဖြစ်မနေ သွားရောက် ရတဲ့နေရာဖြစ်တယ်။ ဈေးရောင်းတဲ့သူကလည်း ကိုယ့်ရဲ့ စားဝတ်နေရေးအရ ဈေးရောင်းမှသာ အသက်မွေး ဝမ်းကျောင်း အဆင်ပြေမှာဖြစ်သလို ဈေးဝယ်တဲ့သူက လည်း ဘယ်လောက်ပဲ အိမ်ထဲမှာနေနေ အချိန်တစ်ခု ကျလာရင် သူဈေးထွက်ဝယ်ရမယ့် ကာလတစ်ခုကို ရောက်လာမယ်။

အခုဆိုရင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားတဲ့ ကာလ ကလည်း ၁၀ လ/ ၁၁ လ ထဲကိုရောက်လာပြီ။ ကူးစက်ပုံကို လည်း တော်တော်သိပြီ။ အဓိကကျတဲ့ကာကွယ်ရေး နည်းလမ်းကတော့ မဖြစ်မနေ ကိုယ်က ဈေးသွားရောင်း ရမယ်ဆိုရင် အိမ်ကထွက်တာနဲ့ မဖြစ်မနေ Mask ကို တပ်ရပါမယ်။ ပြီးရင် အခြားလူတွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံ ပြောဆိုရတဲ့နေရာမျိုးမှာ Face Shield ပါ တပ်ထားဖို့ လိုပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ လည်း တစ်နိုင်ငံလုံးမှာရှိတဲ့ ဈေးတွေ၊ လူစုလူဝေးရှိတဲ့ နေရာတွေမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တွေပါဝင်ပြီး Mask and Face Shield Campaign ကို တစ်နိုင်ငံလုံးမှာ ဆောင်ရွက်ပေးနေပါတယ်။ ကျေးလက် ဒေသ / ကျေးရွာတွေမှာရှိတဲ့ဈေးတွေမှာ အခြေခံ ကျန်းမာရေး ပညာရှင်တွေ စတဲ့အလှူရှင်တွေ၊ စေတနာ့ ဝန်ထမ်းတွေနဲ့ အားလုံးပူးပေါင်းဆောင်ရွက်နေတယ် ဆိုတာ နေ့စဉ်သတင်းတွေမှာလည်း မြင်နေရမှာဖြစ် ပါတယ်။

Campaign ဆိုတာတော့ အမြဲတမ်းလုပ်ပေးနိုင်ဖို့တော့ မလွယ်ဘူး ။ ဒါပေမယ့်လည်း ပြုမူပြောင်းလဲခြင်းဆိုရာမှာ ဒီလိုမျိုး Mask တပ်လေ့တပ်ထ ရှိသွားရင်တော့ ဆက်ပြီး တပ်ဖြစ်သွားတဲ့သဘော ရှိပါတယ်။ စစချင်းမှာမတပ်ထား ဘူးဆိုရင် နောက်ပိုင်းမှာ ဒီလိုမျိုးအကာအကွယ်ယူဖို့ အလေ့အကျင့်ဖြစ်လာအောင် တော်တော်လုပ်ယူရမယ်။ ကိုယ်က ဈေးကိုသွားမယ်။ ကိုယ်ကလည်း စတပ်မယ်။ ကိုယ့်ဘေးမှာ ရောင်းနေတဲ့သူတွေကလည်း အတူတူ တပ်မယ်။ ဈေးလာဝယ်တဲ့သူတွေကလည်း တပ်မယ်။

ပြီးတဲ့နောက် ဝယ်ယူသူများတဲ့နေရာတွေမှာ Face Shield တွေပါ တပ်မယ်ဆိုရင် ဈေးရောင်းဈေးဝယ်တဲ့ ပတ်ဝန်းကျင်က လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်မယ်။ အဲဒီအပြင် လက်တွေကိုလည်း စက္ကန့် ၂၀ ကြာအောင် ဆပ်ပြာနဲ့ရေအသုံးပြုဆေးခြင်း သို့မဟုတ် အယ်လ်ကို ဟော ၆၀ ရာခိုင်နှုန်းပါတဲ့ ရေမလိုလက်သန့်ဆေးရည်ကို ဆောင်ထားပြီးအသုံးပြုခြင်း ဒါတွေရှိရင် Hand Hygiene၊ Respiratory Hygiene အကာအကွယ်တွေ တော်တော် ရရှိလာမှာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ပိုးတွေက အသက်ရှူထုတ်လိုက်ရင်လည်း အနီးအနားဝန်းကျင် ငါးပေလောက် ရောက်တယ်။ ချောင်းဆိုးလိုက်ရင် တစ်စက္ကန့်ကို ၃၃ ပေအရှိန်နဲ့ အနီး အနား ပတ်ဝန်းကျင် ခြောက်ပေခွဲလောက်အထိ ရောက်တယ်။ နှာချေလိုက်ရင် တစ်စက္ကန့်ကို ၁၆၄ ပေ အရှိန်နဲ့ ၁၉ ပေလောက် ရောက်ပါတယ်ဆိုတော့ ဘယ်လောက်အထိသွားမလဲ စဉ်းစားသာကြည့်လိုက်ပါ။

အဲဒီတော့ နီးရင်ပိုဆိုးပါတယ်။ နီးပြီးတော့ စကား ပြောရင် ပါးစပ်ပုံမှန်ထွက်တဲ့ အစက်အမှုန်လေးတွေအပြင် Droplet ဆိုတဲ့ အစက်တွေကလည်း အရှိန်နဲ့ထွက်သွား တယ်။ စကားပြောရင် တံတွေးစဉ်တယ်ဆိုတာရှိပါတယ်။ အဲဒါမျိုးစဉ်တဲ့အခါ အရင်တုန်းက ရောဂါ ကူးစက်တယ် ဆိုတာ မကြားဖူးသလောက်ဖြစ်ပေမယ့် အခုအချိန်မှာ ဒီလိုမျိုး တံတွေးစင်ခဲ့မယ်ဆိုရင် တစ်ဖက်ကလူကလည်း ကိုရိုနာဗိုင်းရပ်စ် သယ်ဆောင်ထားတဲ့လူ၊ အမြင်အားဖြင့် နေကောင်းနေတယ်ဆိုပေမယ့် ၁၀၀ မှာ ၆၅ ရာခိုင်နှုန်း လောက်က ဘာလက္ခဏာမှမပြဘဲ အကောင်းအတိုင်း ရှိနေတယ်ဆိုရင်တော့ အင်မတန် ရောဂါကူးစက်ဖို့ လွယ်တယ်။

အဲဒီလို နေရာမျိုးမှာ ကိုယ်က Face Shield တပ်ထား မယ်၊ Mask တပ်ထားမယ်ဆိုရင်တော့ အကာအကွယ်ရ ပါတယ်။ အခုဆိုရင် ကျွန်တော်က အခန်းထဲမှာ တစ်ယောက်တည်းရှိလို့ Mask တွေ၊ Face Shield တွေ မသုံးဘဲပြောနေတာပါ။ ပုံမှန်ရုံးတက်ရက်တွေမှာဝန်ထမ်း တွေနဲ့ တွေ့ရမယ်၊ အစည်းအဝေးတက်ရမယ်ဆိုရင် ကျွန်တော်တို့က အခုဆိုရင် Mask ရော၊ Face Shield ရော တပ်တဲ့အကျင့်က တော်တော်ပါနေပါပြီ။ Mask နဲ့ Face Shield မတပ်ထားရင်တောင်မှ စိတ်ထဲမှာ မလုံခြုံ သလိုဖြစ်နေတယ်။

Mask မပါဘဲ အပြင်ကို ထွက်ရတာကိုက စိတ်ထဲမှာ တစ်ခုခုလိုနေသလို ခံစားနေရတယ်။ လူတိုင်းကလည်း အလေ့အကျင့်က အလေ့အထ၊ အလေ့အထကနေ အပြုအမူကို ပြောင်းသွားတဲ့အထိ New Normal Behavior တွေကိုပါလာအောင် Mask and Face Shield Campaign ကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

တံတွေးစဉ်တာမျိုးဆိုရင် တံတွေးစဉ်ထားတဲ့ Mask ကို တပ်ထားရင် အဲဒီ Mask ကို လက်မဆေးဘဲနဲ့လည်း ခဏခဏ ကိုင်မိနိုင်တယ်။ ဒါမျိုးဆိုရင် ကျွန်တော်က Mask ကနေ တစ်ဆင့်လည်းကူးနိုင်တယ်။ အခန့်မသင့်ရင် Mask ချွတ်တဲ့အချိန်မှာ စနစ်တကျမချွတ်ရင်၊ အမှိုက်ပုံး ထဲကို စနစ်တကျမပစ်ရင် ကူးနိုင်ပါတယ်။

အဲဒီတော့ Face Shield သာတပ်ထားရင် တံတွေး စဉ်တဲ့ကိစ္စတွေကို အကာအကွယ်ပေးနိုင်တဲ့အပြင် များသောအားဖြင့် မျက်စိ၊ မျက်လုံးကလွတ်တယ်။ ခွဲစိတ်ခန်းမှာသုံးတဲ့ PPE ဝတ်စုံအပြည့်မှာသုံးတဲ့ မျက်မှန်ကြီးတွေ အမြဲတမ်းတပ်ထားဖို့က အဆင်မပြေဘူး။ Face Shield သာ တပ်ထားမယ်ဆိုရင် မျက်လုံးထဲကို ဝင်တာကိုလည်းအကာအကွယ်ပေးနိုင်တယ်။ တိုက်ရိုက် အစက်အမှုန်တွေ စဉ်တာကိုလည်း အကာအကွယ်ပေး နိုင်တယ်။

တော်ရုံတန်ရုံကို Mask ကို လက်နဲ့ကိုင်မိဖို့လည်း မလွယ်တော့ဘူး။ သန့်ရှင်းရေးအားဖြင့်လည်း ကောင်းမွန် တယ်။ ဒါဟာနှစ်ထပ်ကွမ်း ကာကွယ်မှုဖြစ်တဲ့အတွက် အထူးသဖြင့် ဈေးလိုနေရာမျိုးတွေမှာ အားလုံးတတ်နိုင် သမျှ Mask ကို မဖြစ်မနေတပ်ပါ။ Face Shield ကိုလည်း တပ်နိုင်သမျှတပ်ပါ။ ဖြစ်နိုင်ရင်နှစ်ခုစလုံးကို တွဲတပ်ပေး ပါဆိုတာကို ဒီနေရာကနေ ပြောကြားလိုပါတယ်။

နောက်မေးခွန်းတစ်ခုက ကိုဗစ်-၁၉ ပိုးက လက်၊ ခြေထောက် စသဖြင့် အသားနဲ့ထိမိပါက ကူးစက်မှုဖြစ်နိုင် သလားဆိုတာပါ။ အသားနဲ့ထိတာက လုံးဝမကူးစက်နိုင် ဘူး။ လက်ရှိ သုတေသန တွေ့ရှိချက်တွေအရလည်း ဒီလိုမျိုးကူးစက်တဲ့လမ်းကြောင်းကို မတွေ့ထားသေးပါဘူး။ ဒီပိုးက ပါးစပ်ကနေ ထွက်တယ်၊ နှာခေါင်းကနေ ထွက်တယ်။ ကျွန်တော်တို့ မျက်နှာတွေကို ကြည့်ရင် အင်္ဂလိပ် အက္ခရာ T ပုံ ၊ မျက်စိနှစ်ဖက်ကို မျဉ်းကြောင်းဆွဲ လိုက်မယ်၊ နှာခေါင်းနဲ့ ပါးစပ်ကို မျဉ်းကြောင်းဆွဲလိုက်ရင် အင်္ဂလိပ်အက္ခရာ T ပုံစံထွက်လာတယ်။

အဲဒီနေရာကပဲ ပိုးထွက်တယ်။ အဲဒီနေရာကပဲ ဝင်တယ်။ အဓိကက နှာခေါင်း၊ ပါးစပ်၊ မျက်စိကို လုံဖို့ လိုပါတယ်။ အုပ်ထားဖို့လိုပါတယ်။ အထူးသဖြင့် ပါးစပ်နဲ့ နှာခေါင်းစည်းကိုအသုံးပြုပြီး ကာကွယ်မယ်ဆိုရင် တစ်ဖက်က ထွက်တာကိုလည်း ကာကွယ်နိုင်သလို တစ်ဖက်က ဝင်မှာကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ်က တပ်ထားပေမယ့် သူကတော့ မတပ်ဘူး။ အနားမှာလာပြီး ချောင်းဆိုးတယ်၊ နှာချေ တယ်ဆိုရင်တော့ ခပ်ခွာခွာနေရမယ်။ သူ့ဘက်က ပြန်ကြည့်မယ်ဆိုရင်လည်း ဒီအချိန်ကာလမှာ Mask တပ်ခြင်းဆိုတာ တစ်ဦးနဲ့ တစ်ဦး လေးစားမှုကို ပြခြင်းပါ။ တစ်ဦးနဲ့တစ်ဦး ဂရုစိုက်တယ်၊ အလေးအနက်ထားတယ်။ အဲဒီတော့ ဒီလို Mask တပ်ခြင်းဟာ ကိုယ်တပ်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်သလို အခြားသူကိုလည်း ကာကွယ်ပေးမယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လူချင်းမသိပေမယ့် အချင်းချင်းဂရုစိုက်ပေးဖို့ ဆိုတာ အတော်လိုအပ်ပါတယ်။

နောက်ဆုံးမေးခွန်းက ဟင်းသီးဟင်းရွက်တွေ အပေါ်မှာ ပိုးရှိနိုင်သလား ၊ အပြင်ကဝယ်လာပြီးရင် အသီး အရွက်၊ အသားငါး၊ သစ်သီးတွေကို ဘယ်လိုဆေးကြော ရမလဲ၊ အဲဒီအပေါ်ပိုး နေနိုင်ပါသလား ဆိုတာမေးထား ပါတယ်။ တချို့က ဈေးတွေမှာဟင်းသီးဟင်းရွက်တွေ ရောင်းတယ်။ ဒီအပေါ်မှာ ပိုးပါနိုင်တယ်။ အွန်လိုင်းဈေးကွက်တွေမှာလည်းတွေ့တယ်။ အယ်လ်ကိုဟော ၇၀ / ၈၀ ရာခိုင်နှုန်းပါတဲ့ ဖျန်းတဲ့ဆေးရည်နဲ့ဆေးပါ။ တချို့ ဆိုရင်လည်း ပိုးသန့်စင်ဆေးရည်နဲ့ဆေးပါ။ ဆေးပြီးတော့ မှ ဟင်းသီးဟင်းရွက်တွေကို စားသင့်ပါတယ်။ တကယ် တမ်းတော့ အင်မတန်အန္တရာယ်များပြီး လုံးဝရှောင်ကြဉ် သင့်တဲ့အပြုအမူဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်တွေကို ကလိုရင်းပါတဲ့ ဆေးနဲ့ ဆေးကြောလိုက်မယ်ဆိုရင် ကလိုရင်းဆိုတာ ခန္ဓာကိုယ် ထဲကိုရောက်ရင် အဆိပ်ပါပဲ။ အဆိပ်အတောက် ဖြစ်စေ ပါတယ်။ သူ့ကို ကိုင်တွယ်တာတောင် အရေပြားနဲ့မထိ အောင် အတော်သတိထားပြီး PPE တွေ ဝတ်ဆင်ပြီး ကိုင်တွယ်ရပါတယ်။ အရက်ပါတဲ့ဆေးရည်နဲ့ဆိုရင်လည်း အရက်ကဆေးကြောလိုက်လို့မပြောင်ရင် ခန္ဓာကိုယ်ထဲကို အရက်နဲ့ ပတ်သက်တဲ့ အဆိပ်အတောက်တွေ အများကြီး ဝင်သွားနိုင်ပါတယ်။

အဲဒီအခါ ကျန်းမာရေးအတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီးဖြစ်နိုင်တယ်။ အဲဒီအပြင် အရက်ကလည်း အယ်လ်ကိုဟောက မက်သနောစစ်ဦးမှ၊ အချို့ထုတ်လုပ်တဲ့နေရာတွေမှာ ထုတ်လုပ်မှုနည်းလမ်းစဉ် က မကောင်းဘူးဆိုရင် မက်သနောဆိုတဲ့ ဓာတ်တွေက လည်း ပါသွားတတ်တယ်။ မက်သနော Poisoning ဆိုရင် အင်မတန်အန္တရာယ်များပြီး လူကိုလည်း နာရီပိုင်းအတွင်း သေဆုံးနိုင်ပါတယ်။ ကြောက်စရာကောင်းတဲ့ အဆိပ် ဖြစ်ပါတယ်။

ဒါတွေကို အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေး ဗဟိုဌာနမှာလည် အတိအလင်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ပြောကြား ထားပါတယ်။ ကျွန်တော်တို့က ဒါတွေကို ရေနဲ့ပဲ စင်စင် ဆေးပါ။ ပြီးရင်ကိုယ့်လက်ကိုလည်း သေချာပြန်ဆေးပါ။ အသီးအရွက်နဲ့ အသားငါးကို ခွဲခြားပြီးသယ်ဆောင်ပါ၊ သိမ်းဆည်းပါဆိုတာကိုလည်း ထုတ်ပြန်ထားပါတယ်။ အဲဒီတော့ ရေနဲ့ပဲ စင်စင်ဆေးစေလိုပါတယ်။ ကျွန်တော့် အနေနဲ့ဖြေကြားလိုတဲ့မေးခွန်းတွေကတော့ ဒီလောက် ပါပဲ။

ဆက်လက်ပြီး ပါမောက္ခဒေါက်တာသင်းသင်းနွဲ့ကို ဒီအစီအစဉ်ကနေ ပြည်သူတွေကို မှာကြားပေးချင်တာ ရှိရင်လည်း မှာကြားပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။

ပါမောက္ခဒေါက်တာသင်းသင်းနွဲ့ ။ ။ ကျွန်မအနေ

နဲ့ မှာကြား လိုတာကတော့ ကျွန်မတို့ ပြည်သူ့ဆေးရုံတွေမှာ ကိုဗစ်-၁၉ ဖြစ်ပြီးရောက်လာတဲ့ လူနာတွေက တော်တော်သနားဖို့ ကောင်းပါတယ်။ အသက်ရှူဖို့အတွက်ကို ကြိုးစားပြီးရှူနေ ရတယ်။ နောက်ပြီး တစ်ကိုယ်လုံး ကိုက်ခဲနေတယ်။ နောက်ဆက်တွဲရောဂါတွေ သွေးခဲတာ၊ ရောဂါပေါင်းစုံ တွေကို အများကြီးခံစားနေရတယ်။ အဲဒါကြောင့် ပြည်သူလူထုတွေကို ပြောကြားလိုတာက အပြင်ထွက်ပြီး အလုပ်လုပ်နေရသူတွေ၊ လုပ်ငန်းခွင်မှာ နှာခေါင်းစည်းကို ကြိုးစားပြီးတပ်ထားပါ။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြားချက် အတိုင်း လက်ကို စက္ကန့် ၂၀ ကြာအောင် သေသေချာချာ ဆပ်ပြာနဲ့ ဆေးကြောမယ်၊ ရေ အဆင်သင့် မရှိရင်တော့ လက်ကို လက်သန့်ဆေးရည်နဲ့သေချာစွာ ဆေးကြောမယ်။ ပြီးရင် ညွှန်ကြားချက်အတိုင်းအနည်းဆုံး ခြောက်ပေ၊ ခြောက်ပေမရရင် သုံးပေ သတ်မှတ်ထားတဲ့ Social Distancing အတိုင်း တတ်နိုင်ရင် လူစုလူဝေးတွေကို မစုဖို့ ကျွန်မတို့က မေတ္တာရပ်ခံချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ်ကရောဂါပိုးသယ်ဆောင်လာတဲ့လူဆိုရင် လူငယ်၊ လူရွယ်က သိပ်ပြီး မခံစားရဘူး။ အိမ်မှာရှိတဲ့ အသက်ကြီးတဲ့ မိဘ၊ အဘိုးအဘွားတွေ၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ ကင်ဆာရောဂါ အဲဒီလိုမိသားစုတွေထဲမှာ ရှိတဲ့သူက ကိုယ်က ရောဂါကို သယ်ဆောင်လာပြီးတော့ သိပ်ပြီးမခံစားရဘူး။ အိမ်မှာရှိတဲ့ ရောဂါအခံရှိသူတွေမှာ တော်တော်လေးခံစားရတယ်။ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ မိဘ၊ ဆွေမျိုး ပြည်သူလူထုတွေရဲ့ အကျိုးကို ကြည့်ပြီး တတ်နိုင်သလောက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပါလို့၊ ဆောင်ရွက်ပေးပါလို့ အလေးအနက် ပြောကြားလိုပါတယ်။

နောက်ပြီး ရောဂါလက္ခဏာရှိသူတွေကို ကျွန်မတို့ရဲ့ ပြည်သူ့ဆေးရုံကြီးတွေက ကူညီပေးဖို့ အဆင်သင့်ရှိပါတယ်။ စောစောသိရင် စောစောလာပြီးစစ်ပါ။ စောစောကုပါလို့ ပြောကြားချင်ပါတယ်။ နောက်ပြီး ပြည်သူလူထုတွေလည်း ကိုဗစ်ရောဂါကနေ ကင်းဝေးပါစေ၊ အားလုံး ကျန်းမာပါစေ၊ စိတ်ချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒီအစီအစဉ် ဖြစ်မြောက်အောင် ဆောင်ရွက်ပေးတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအပါအဝင် တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

ဒေါက်တာသန်းနိုင်စိုး ။ ။ဆက်လက်ပြီး ဒေါက်တာ

မိုးခိုင်ကလည်း ပြောကြား ပေးပါဦး။

ဒေါက်တာမိုးခိုင် ။ ။ ဆရာ ဦးသန်းနိုင်စိုးကလည်း ကိုဗစ် - ၁၉ ကာကွယ်ရေးနဲ့ပတ်သက်ပြီး လက်ရှိဝန်ကြီးဌာန အနေနဲ့ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတဲ့ Mask Campaign အကြောင်းလည်း အကျယ်တဝင့် ရှင်းလင်း သွားသလို ကျွန်တော်တို့ ကုသရေးအပိုင်းအနေနဲ့လည်း ပြည်သူ့ဆေးရုံတွေရဲ့ နိစ္စဓူဝ ကိုဗစ် - ၁၉ ရောဂါလူနာတွေကို လက်ခံကုသပေးနေတဲ့ အခြေအနေကို တာဝန်ယူ ဆောင်ရွက်နေရတဲ့ ဝန်ထမ်းတစ်ဦးအနေနဲ့ ရောဂါဖြစ်ပွားမှု အခြေအနေကိုလည်း နေ့စဉ်သိရှိနေရပါတယ်။

အဲဒီလို ဘယ်လောက်ရောဂါ ဖြစ်ပွားနေတယ်၊ သေဆုံးမှုဘယ်လောက်ရှိတယ်၊ ICU Care အနေနဲ့ ဘယ်လောက်လုပ်နေရတယ်။ Oxygen Therapy ဘယ်လောက်ပေးနေရတယ် ဆိုတာတွေကို သိရှိနေတဲ့ အတွက်ကြောင့်လည်း ကုသရေးဌာနတွေ ဖွင့်လှစ် ထားတယ်ဆိုပေမယ့် အရင်းအနှီးကတော့များပါတယ်။

အခြေခံအဆောက်အဦ ဖြည့်ဆည်းရတာတွေ၊ လူအင် အားတွေ၊ လူအင်အားဆိုရင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတင်မက ပုဂ္ဂလိကကဏ္ဍ၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ ဒါတွေအကုန်လုံးကို ဝိုင်းပြီးကူညီနေရတယ်။ ဒီကြားထဲကမှ ကုသရေးလုပ်ငန်းမှာ လူနာတွေအနေနဲ့လည်း ရောဂါအခြေအနေပြင်းထန်ပြီး အသက်ဆုံးပါးသွားရတာတွေရှိတယ်။ ကာကွယ်ရေးအပိုင်း မှာလည်း ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းမွန်တယ်ဆိုတဲ့အတိုင်း ကိုဗစ်-၁၉ ကို မိဘပြည်သူ တွေအနေနဲ့ မဖြစ်မနေကြိုတင်ကာကွယ်ဖို့၊ ရိုးရှင်းတဲ့ နည်းလမ်းတွေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာပေးကြပါ။ မဖြစ်အောင် ကာကွယ်ခြင်းကသာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးဖြစ်ပါတယ်။ ဖြစ်လာခဲ့ပြီဆိုရင်လည်း ဆေးရုံ၊ ဆေးခန်းတွေကို စောစောစီးစီးပြပေးပါ။ ရောဂါ ရှာဖွေမှုတွေကို မြန်မြန်ဆောင်ရွက်နိုင်ပြီး လိုအပ်တဲ့ ကုသမှု တွေကို စောစောစီးစီးခံယူနိုင်ခြင်းအားဖြင့် ကောင်းမွန်တဲ့ ကုသမှုရလဒ်ကို ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ကာကွယ်ပေးဖို့၊ စောစီးစွာ ကုသမှုခံယူနိုင်ဖို့ အတွက်ကိုလည်း ထပ်လောင်းအနေနဲ့ ဆွေးနွေးမှာကြား လိုပါတယ်။

ဒေါက်တာသန်းနိုင်စိုး ။ ။ အခုကတော့ အားလုံး ကြားသိရတဲ့အတိုင်း ရောဂါကို ပြင်းပြင်းထန်ထန် ခံစားရ တယ်၊ အသက်မရှူနိုင်အောင် ခံစားရတယ် ၊ အင်မတန်စာနာ မိပါတယ်။ တစ်ဖက်ကလည်း ကုသရေးအပိုင်းအနေနဲ့လည်း အရင်းအနှီးတွေ မြောက်မြားစွာအကုန်အကျခံ ဆေးရုံ ပစ္စည်းတွေ၊ လူ့စွမ်းအားအရင်းအမြစ်တွေ၊ ဝန်ထမ်း တစ်ဦးချင်း၊ တစ်ဦးချင်းရဲ့ ပူးပေါင်းပါဝင်မှု၊ စေတနာ မေတ္တာတွေ အများကြီးထားပြီး ကုသပေးနေတယ်။

အဓိကက ဒီလိုမျိုးဖြစ်နေရတဲ့ ဖြစ်စဉ်တွေက ကျွန်တော် တို့ပြောနေတဲ့ အချက်သုံးချက်ပါပဲ။ အပြင် ထွက်ရင် Mask တပ်ပါ။ လက်ကို စက္ကန့် ၂၀ ကြာအောင် မကြာခဏဆေးပါ၊ လက်သန့်ဆေးရည် အသုံးပြုပေးပါ။ အခြားသူတွေနဲ့ ခပ်ခွာခွာ ဖြစ်နိုင်ရင် ခြောက်ပေအကွာ နေပေးပါ။ ဒါမျိုးတွေ က အင်မတန်ရိုးရှင်းတဲ့ ကာကွယ်မှုနည်းလမ်း ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီကစပြီး ကျင့်သုံးမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အရင်ကာကွယ်နိုင်မယ်။

စားဝတ်နေရေးအရပဲဖြစ်စေ လူတိုင်း၊ လူတိုင်းမှာ အပြင်ထွက်ရမယ့် ကိစ္စတစ်ခုခုဆိုတာ ရှိလာနိုင်တယ်။ ထွက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်လာ မယ်။ ကာကွယ်လာမယ်ဆိုရင် အိမ်မှာကျန်ခဲ့တဲ့ မိသားစု တွေ အတွက်လည်း အကာအကွယ်ဖြစ်မယ်။ အဲဒီလို တစ်ဦး တစ်ယောက်စီက ကာကွယ်တာတွေက မိသားစုကို ကာကွယ်လာနိုင်မယ်။ မိသားစုတိုင်းက ကာကွယ်မယ်ဆိုရင် တစ်လမ်းလုံး၊ တစ်ရပ်ကွက်လုံးကို ကာကွယ်နိုင်မယ်၊ တစ်မြို့နယ်လုံးကို ကာကွယ်နိုင်မယ်။ တစ်တိုင်း တစ်ပြည်နယ်လုံးကို ကာကွယ်နိုင်မယ်။ အဲဒါတွေ အကုန်လုံးက တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေး သတိရှိမှု ဖြစ်ပါတယ်။

ဒီကနေစပြီး အင်မတန်ရိုးရှင်းတဲ့ ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာပေးကြရင် ဆေးရုံ၊ ဆေးခန်းတွေ ကိုလည်း ရောက်စရာမရှိဘူး။ တစ်ဖက်ကလည်း ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းကောင်းတွေကိုလည်း ကြားလာရပြီ။ ဒါတွေရောက်လာတဲ့အချိန်အထိ အေးအေး ဆေးဆေးနဲ့ တောင့်ခံကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ အခု အဓိကတော့ အပြင်ထွက်ရင် ကိုယ်သွားရမယ့်နေရာက တကယ်လိုအပ်လို့ သွားရမှာလား၊ ကိုယ့်အတွက်ရော ရောဂါဘယ်လောက်ကူးနိုင်သလဲ ဒါတွေကို ထည့်စဉ်းစား စေချင်ပါတယ်။ နောက်ပြီး ကိုယ်သွားရမယ့်နေရာက လူစုစုဖြစ်မယ့် နေရာဆိုရင် ပိုပြီး ကိုယ့်ကို ရောဂါကူးစက် နိုင်ခြေ အလွန်များတဲ့နေရာဆိုတာကိုလည်း သိရပါမယ်။ ဒါကိုပဲ ကျွန်တော်တို့က ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိဆိုပြီး တင်ပြနေရခြင်းဖြစ်ပါတယ်။

အဲဒီတော့ အခုလည်း ရောဂါဝင်ပြီးမှဆိုရင် ကိုယ့်ကို အရင်ဝင်မယ်၊ ကိုယ်လည်း ကောင်းမလား၊ ဆိုးမလား၊ အင်မတန်ဆိုးရွားတဲ့ အခြေအနေကိုရောက်သွားမလား၊ အိမ်မှာရှိနေတဲ့ သူတွေလည်း ဘယ်လောက်အထိ အသက် တွေပေးဆပ်ရမလဲ ဒါဘယ်သူမှ မသိနိုင်ဘူး။ အပြင်ထွက် မယ့်သူတွေသည် ဒီအခြေအနေကို ထည့်သွင်းစဉ်းစား စေလိုပါတယ်။ အဲဒီအခါကျတော့ အပြင်တစ်ခါ ထွက်မယ် ဆိုတိုင်း အနည်းဆုံး နှစ်ခါတော့ ထပ်ပြီးစဉ်းစားပေးကြပါလို့ ကျွန်တော့်အနေနဲ့ ဒီနေရာကနေ မေတ္တာရပ်ခံ ပန်ကြားလိုပါ တယ်။ မိဘပြည်သူတွေအားလုံးလည်း ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့ ကိုဗစ် - ၁၉ ကပ်ရောဂါဘေးအန္တရာယ် ကနေ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက် ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။