ခရမ်းနှင့် သုံးခွမြို့နယ်၌ သောက်သုံးရေကန်များသို့ ရေပို့ပိုက်လိုင်းသွယ်တန်းခြင်းနှင့် ဂါလန်နှစ်သိန်းဆံ့ ရေစုကန်တူးဖော်ခြင်းဆောင်ရွက်

 

ရန်ကုန်  ဖေဖော်ဝါရီ   ၂၀


ရန်ကုန်တိုင်းဒေသကြီး သုံးခွနှင့် ခရမ်းမြို့နယ်အတွင်း နွေရာသီကာလ   ရေပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေကန်များသို့ ရေပို့ပိုက်လိုင်းသွယ်တန်း ခြင်းနှင့် ဂါလန်နှစ်သိန်းဆံ့ ရေစုကန်တူးဖော်ခြင်းနှင့် ရေထိန်းတံခါးချပ်များ လဲလှယ်တပ်ဆင်ရန် ဆောင် ရွက်နေမှုများကို    တိုင်းဒေသကြီး    စီးပွားရေးရာ ဝန်ကြီး ဦးအောင်သန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့်  ဌာနဆိုင်ရာ တာဝန် ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။ 

 


တိုင်းဒေသကြီးဝန်ကြီးအား  သုံးခွရေထိန်းတံခါး ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်း များဖြစ်သည့် သုံးခွနှင့် ခရမ်းမြို့နယ်အတွင်း မြို့ပေါ် သောက်သုံးရေကန်များသို့ ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်း၊    သုံးခွမြို့   ရေပေးရေးလုပ်ငန်းအတွက် သုံးခွရေထိန်းတံခါးမှ (၃၁)ဧကရေကန်သို့ ရေကူ ဖြည့်တင်းမည့်လုပ်ငန်း၊ ဂါလန်နှစ်သိန်းဆံ့ ရေစုကန် တူးဖော်နေမှုနှင့်    ရေယူမြောင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကာ    တိုင်းဒေသကြီးဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။

 


ဆက်လက်၍   ဝန်ကြီးနှင့်အဖွဲ့သည်  သုံးခွမြို့  အမှတ်(၅)ရပ်ကွက် မဟာစည်သာသနာ့ရိပ်သာတွင် လူဦးရေ ၄၈ ဦး ထားရှိနိုင်မည့် ကိုဗစ်စင်တာ ပြင်ဆင် ဆောင်ရွက်နေမှုများ၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် သန်လျင်မြို့နယ် ဘော့သပြေကန်ကျေးရွာနှင့် သူဌေး ကွင်း-ပုဂံတောင်-ဖားကူး -မောင်းမလမ်းမကြီးနှင့် ဆက်သော ကျေးရွာအဝင်လမ်း  ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက်    သန်လျင်မြို့နယ်    ခရမ်းရေထိန်း တံခါးရှိ ရေတံခါးချပ်များသည် နှစ်ကာလကြာမြင့်ပြီ ဖြစ်၍ အစားထိုးတံခါးချပ်သစ်များ လဲလှယ်တပ်ဆင် ရန်  ဆောင်ရွက်နေသည့်  လုပ်ငန်းခွင်ကို   ကြည့်ရှု စစ်ဆေးပြီး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကာ ဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့သည်။                        

 
ဆန်းကျော်ဦး(ပြန်/ဆက်)