
နေပြည်တော် ဇန်နဝါရီ ၂၅
ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် မူဝါဒများပြန်လည်ချမှတ်ခြင်း ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနမှ စီစဉ်ကျင်းပသည့် အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ-၂၀၂၂ (APEC Symposium 2022) ကို ဇန်နဝါရီ ၂၅ရက်မှ ၂၆ရက်အထိ ကျင်းပရာ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်က ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်သည်။
တက်ရောက်
ဆွေးနွေးပွဲသို့ အာရှနှင့် ပစိဖိတ်ဒေသစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများ (APEC)နှင့် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင် များ၊ မူဝါဒချမှတ်သူများနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲကို ခရီးသွားလုပ်ငန်းဆောင်ရွက် နေသူများနှင့် မူဝါဒချမှတ်သူ အဆင့်မြင့်အရာရှိကြီး များအကြား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လတ်တလောဆောင်ရွက်နေမှု၊ အနာဂတ် တွင် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာ စေရေးနှင့် ခရီးသွားလုပ်ငန်းမူဝါဒများဆိုင်ရာ အကြံပြုချက်များ ချမှတ်နိုင်စေရေးအတွက် ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျင်းပ ခြင်း ဖြစ်သည်။
ယနေ့ ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ ခရီးသွား လုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး Mr. Phiphat Ratchakitprakarn က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး နိုင်ငံတကာမှ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များက ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများချမှတ်ရာတွင် ဆောင်ရွက်ရမည့်အလေ့ အကျင့်ကောင်းများနှင့် ပိုမိုကောင်းမွန်သော ခရီးသွား လုပ်ငန်း မူဝါဒများ ပြန်လည်ချမှတ်ခြင်းဆိုင်ရာ အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အနာဂတ်ခရီးသွားလုပ်ငန်းအတွက် ရည်မှန်းချက်များချမှတ်ခြင်း၊ ခရီးသွားလုပ်ငန်း အသွင်ကူးပြောင်းရေးအတွက် လိုအပ်သောအစီအစဉ် များတွင် မူဝါဒများချမှတ်ခြင်း၊ တာဝန်သိခရီးသွား လုပ်ငန်းဆိုင်ရာ မူဝါဒများ၊ ခရီးသွားလုပ်ငန်းမြှင့်တင် ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ခြုံငုံသုံးသပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဆွေးနွေးပွဲ၏ ပထမပိုင်း အစီအစဉ်များကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့သည်။ ဆွေးနွေးပွဲ၏ ဒုတိယပိုင်းအစီအစဉ်များကို ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့် အတူ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြပြီး နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက် မှု၊ အရင်းအမြစ်ကြွယ်ဝမှုနှင့် စွမ်းဆောင်ရည်များမှာ မတူညီသည့်အတွက် ချမှတ်သည့် မူဝါဒများ၏ အောင်မြင်မှုများကို တိုင်းတာမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါ ၏ သက်ရောက်မှုများကြောင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းကဏ္ဍများသည် ရေရှည်တည်တံ့ ခိုင်မြဲရေးဆိုသည့်အချက်ကို ပိုမိုအလေးထားလာ ခဲ့ကြခြင်းကြောင့် အစိုးရများအနေဖြင့် ခရီးသွား လုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စီမံကိန်း များချမှတ်ရန်နှင့် စီမံခန့်ခွဲမှုများပြုလုပ်ရန် ပိုမို ကောင်းမွန်သော မူဝါဒများချမှတ်မှု၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်း ဈေးကွက် ဆိုင်ရာပြောင်းလဲမှုများဖြစ်ပေါ်လာခြင်း၊ ခရီးသွား လာခြင်းဆိုင်ရာလိုအပ်သည့် စာရွက်စာတမ်းရှုပ်ထွေးမှု များရှိလာသဖြင့် အားလပ်ရက် ခရီးသွား ဈေးကွက် အပေါ်သက်ရောက်မှု၊ မျှဝေစီးပွားရေးလုပ်ငန်းများအပေါ် ကပ်ရောဂါ၏ သက်ရောက်မှုမှ ကုစားမှုစသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်