ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

 

ဟားခါး ဇူလိုင် ၆

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စစ်ဗျူဟာမှူး၊ ချင်းပြည်နယ် အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကားပြောကြားပြီး ဒုတိယ ဝန်ကြီးဦးမျိုးမြင့်က ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများ ပြန်လည်ဝင်ရောက်မှု၊ စာသင်ကျောင်း၊ ရုံးနှင့် စည်ပင်သာယာ စျေးများပြန်လည်ဖွင့်လှစ်မှု၊ သောက်သုံးရေနှင့် လျှပ်စစ်မီးဖြန့်ဝေထားရှိမှုနှင့် နိုင်ငံ့ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသူများက ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး ကော်မတီဖွဲ့စည်းမှု၊ ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် လုပ်ငန်း ဆောင်ရွက်ထားရှိမှု တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)