
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
အမိန့်အမှတ်၊ ၃ /၂၀၂၂
၁၃၈၃ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက်
(၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်)
ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 – COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်များမှ ရောဂါကူးစက် မှု များပြားသော မြို့နယ်များအတွင်းရှိ ပြည်သူများအနေဖြင့် မိမိ နေအိမ်တွင် နေထိုင်ရေး (Stay at home) အစီအစဉ်တွင် အကျုံး ဝင်ကြောင်း အမိန့်များထုတ်ပြန်ကြေညာခဲ့ပါသည်။
၂။ သို့ရာတွင် သက်ဆိုင်ရာမြို့နယ်များအတွင်း နေထိုင်သည့် ပြည်သူများအနေဖြင့် COVID-19 ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များကို တိကျစွာလိုက်နာသဖြင့် လွန်ခဲ့သော(၁၄)ရက်အတွင်းCOVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိရမှုလျော့နည်းလာခြင်း၊ ဓာတ်ခွဲအတည်ပြု လူနာများမှာလည်း တစ်ဦးမှ တစ်ဦးသို့ အစုလိုက် ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခြင်း၊ Stay at home အစီအစဉ်ဆောင်ရွက်စဉ် ကာလအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းများ အား သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပြည်သူများက အလေးထားဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူ အားလုံးကို ရှာဖွေဖော်ထုတ်၍ ဓာတ်ခွဲနမူနာရယူ စစ်ဆေးရာတွင်လည်း လွန်ခဲ့သော (၁၄)ရက် အတွင်း ထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ နှီးနွှယ်သည့်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထုက ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့မှုများကြောင့် ပိုးတွေ့လူနာများ လျော့နည်းလာကြောင်း စိစစ် တွေ့ရှိရပါသည်။
၃။ သို့ဖြစ်ပါ၍ ချင်းပြည်နယ်အတွင်းရှိ ဟားခါးမြို့နယ်တွင် နေထိုင်သော ပြည်သူများ အနေဖြင့် ၁၉-၁-၂၀၂၂ ရက်၊ နံနက်(၄)နာရီ အချိန်မှ စ၍ မိမိနေအိမ်တွင် နေထိုင်ရန် Stay at home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက် သည်။
၄။ အထက်ပါမြို့နယ်အား Stay at home အစီအစဉ်မှ ပယ်ဖျက်ပြီးနောက်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာကြရမည်ဖြစ်သည်။