
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ပြောကြားသည့် မိန့်ခွန်း
(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်)
(၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး၊ ပြည်ထောင်စုသားချင်းအားလုံး၊ အထူးသဖြင့် ချင်းတိုင်းရင်းသား ညီအစ်ကို မောင်နှမများကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ အားလုံး ကျန်းမာချမ်းသာပါစေကြောင်း မေတ္တာပို့ပါတယ်။
ချင်းအမျိုးသားတို့ရဲ့ ယခုလို နေ့ထူးနေ့မြတ် အခါသမယမှာ မြန်မာနိုင်ငံ အနှံ့အပြားသာမက နိုင်ငံတကာမှာရောက်နေတဲ့ ချင်းတိုင်းရင်းသားများ အားလုံးကို ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။
ဒီကနေ့အခမ်းအနားက (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်ပါ တယ်ဆိုတာကို အားလုံးအသိဖြစ်ပါတယ်။ ခုနက နိုင်ငံတော်သမ္မတကြီးရဲ့ သဝဏ်လွှာထဲမှာရော၊ သဘာပတိမိန့်ခွန်းထဲမှာရော ချင်းအမျိုးသားနေ့ အကြောင်းပါ ပါတယ်။
ကျွန်မအနေနဲ့လည်း ထပ်ပြီးဖြည့်စွက်ပြောချင်တာရှိပါတယ်။ ချင်း အမျိုးသားနေ့ ဖြစ်တည်ပေါ်ပေါက်လာခဲ့တဲ့ သမိုင်းကြောင်းကို ပြန်ပြောင်း ကြည့်ရင် (၂၀)ရာစုပင်လုံညီလာခံက အစပြုပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ချင်းဝိသေသတိုင်းရယ်လို့ စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
လွတ်လပ်ရေးပြန်လည်ရယူဖို့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့
မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တွေ သိမ်းပိုက်လိုက်တဲ့ အချိန်ကတည်းက ချင်းတိုင်းရင်းသားညီနောင်တွေဟာ ရရာလက်နက်ကိုစွဲကိုင်ပြီး စွမ်းစွမ်းတမံ ခုခံတော်လှန်ခဲ့တာကို ဗိုလ်ကြွမ်ဘိခ့်၊ ဗိုလ်ခိုင်ကမ်းတို့လို ထင်ရှားတဲ့ ချင်းအမျိုးသား တော်လှန်ရေးခေါင်းဆောင်တွေက သမိုင်းသက်သေပြုနေ ပါတယ်။ ဒါ့အပြင် ချင်းမျိုးချစ်များဟာ တို့ဗမာအစည်းအရုံးနဲ့ ပူးပေါင်းပြီး သခင်ဘွဲ့ခံယူပြီးတော့ နယ်ချဲ့လက်အောက်က လွတ်လပ်ရေး ပြန်လည်ရယူဖို့ အတွက် နိုင်ငံရေးလှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့ကြတာကိုလည်း အားလုံး သိပြီးသားဖြစ်မှာပါ။
ချင်းအမျိုးသားတွေဟာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့က ရှမ်းပြည်နယ် ပင်လုံမြို့မှာကျင်းပတဲ့ တောင်တန်းနဲ့ ပြည်မ သွေးစည်း ညီညွတ်ရေးညီလာခံမှာလည်း တက်ရောက်ခဲ့ကြပြီး ပင်လုံစာချုပ်မှာ ချင်းအမျိုးသား ကိုယ်စားလှယ်ကြီးများဖြစ်ကြတဲ့ ဦးလှုန်မှုန်း၊ ဦးထောင်ဇာခုပ်၊ ဦးကီယိုမန်းတို့က သက်သေပြုပါဝင်ပြီး လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ ချင်း - ဗမာ ချစ်ကြည်ရေးညီလာခံကိုလည်း ၁၉၄၇ ခုနှစ် မတ်လ ၃ ရက်နေ့ကနေ မတ်လ ၅ ရက်နေ့အထိ မကွေးတိုင်းဒေသကြီး ထီးလင်းမြို့မှာ ကျင်းပခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးတဲ့နောက် ချင်းဝိသေသတိုင်းလုံးဆိုင်ရာ ညီလာခံ ကြီးကို ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ) ဖလမ်းမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီညီလာခံကြီးမှာ တင်သွင်းခဲ့ကြတဲ့ အဆိုတွေအနက် ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှာ တင်သွင်းတဲ့ တိုက်သူကြီး အုပ်ချုပ်ရေးစနစ်ကို ပယ်ဖျက်ပြီး လူထုရွေးချယ်တဲ့ ကိုယ်စားလှယ်တွေက အုပ်ချုပ်ရန် အဆိုကို မဲခွဲဆုံးဖြတ်တဲ့အခါ ထောက်ခံမဲ (၅၀၀၀)ကျော်၊ ကန့်ကွက်မဲ(၁၇)မဲနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ ချင်းတိုင်းရင်းသားအများစု က စနစ်သစ်ကို လိုလားတယ်ဆိုတာ သက်သေထူတာပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၂) နှစ်က ဒီနေ့လို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ အချိန်အခါမှာ ဖလမ်းမြို့ လူထုညီလာခံကြီးကနေ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို ပြောင်းလဲကျင့်သုံးဖို့ တစ်ခဲနက်ဆုံးဖြတ်ခဲ့တဲ့နေ့ ဖြစ်တဲ့အတွက် လည်း နိုင်ငံရေးအရရော၊ သမိုင်းတန်ဖိုးအရပါ အနှစ်သာရပြည့်ဝပြီး တန်ဖိုး ကြီးမားလှပါတယ်။
ဒီလိုသမိုင်းကြောင်းနောက်ခံကို ကြည့်လိုက်တာနဲ့ ကျွန်မတို့ရဲ့ ချင်း တိုင်းရင်းသားတွေဟာ ဝေးလံပြီး သွားလာရခက်ခဲတဲ့ တောင်တန်းဒေသ တွေမှာ နေထိုင်ကြပေမယ့် နိုင်ငံရေးအရ ဘယ်တုန်းကမှ နောက်မကျခဲ့ဘူး၊ ပြည်မနဲ့ အခြားတောင်တန်းဒေသတွေက နိုင်ငံရေးရေစီးကြောင်းနဲ့အတူ မျက်ခြည်မပြတ် လိုက်ပါနိုင်တယ်ဆိုတာကို အထင်အရှား တွေ့မြင်နိုင် ပါတယ်။
ပြည်ထောင်စုအိပ်မက်ကို ဆက်လက်ဖြည့်ဆည်းနိုင်ဖို့
(၂၀)ရာစုပင်လုံညီလာခံမှာ ကျွန်မတို့ရဲ့ မိဘတွေ မျှော်မှန်းခဲ့တဲ့ ပြည်ထောင်စုကြီးကို တည်ထောင်ရာမှာ ကံမကောင်း အကြောင်းမလှစွာ နဲ့ပဲ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို ရင်ဆိုင်ခဲ့ရပါတယ်။ အကျိုးဆက် အနေနဲ့ ကျွန်မတို့ရဲ့ မိဘ၊ ဘိုးဘွားတွေ မျှော်လင့်ခဲ့တဲ့ ပြည်ထောင်စု တည်ဆောက်ရေးပန်းတိုင်ဟာလည်း ဆုံးခန်းမတိုင်ခဲ့ပါဘူး။ ကျွန်မတို့ မိဘ၊ ဘိုးဘွားတွေ မျှော်လင့်ခဲ့တဲ့ ပြည်ထောင်စုအိပ်မက်ကို ဆက်လက် ဖြည့်ဆည်းနိုင်ဖို့ ဒီကနေ့ (၂၁) ရာစုခေတ်မှာ ကျွန်မတို့ အစိုးရအနေနဲ့ (၂၁) ရာစုပင်လုံညီလာခံကို ခေါ်ယူကျင်းပနေပါတယ်။ မပြီးဆုံးသေးတဲ့ ပြည်ထောင်စုတည်ဆောက်ရေးခရီးလမ်းကို ကျွန်မတို့ခေတ်၊ ကျွန်မတို့ အချိန်အခါမှာ ဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံအစည်းအဝေး တွေမှာ ချင်းတိုင်းရင်းသားကိုယ်စားလှယ်တွေဟာ ပြည်ထောင်စုကြီးရဲ့ ကောင်းကျိုးကို ရည်ရွယ်ပြီးတော့ တက်တက်ကြွကြွ ပါဝင်ကြိုးပမ်းလျက် ရှိကြတဲ့အတွက်လည်း များစွာဝမ်းမြောက်မိပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။
ဆက်သွယ်သွားလာမှု အခက်အခဲမရှိရအောင် ဦးစားပေးဆောင်ရွက်
ချင်းတိုင်းရင်းသား အများစုနေထိုင်တဲ့ ချင်းပြည်နယ်ဟာ ပထဝီအနေ အထားအရ အခွင့်မသာမှုကြောင့် လူမှုစီးပွားရေးပိုင်းမှာ ဖွံ့ဖြိုးမှု အနည်းဆုံး ဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ကျွန်မတို့ နိုင်ငံထဲကမှ အကြောင်းကြောင်းကြောင့် ဖွံ့ဖြိုးမှု အနည်းဆုံးဒေသဖြစ်ရတာဟာ အင်မတန်မှ စိတ်မကောင်းစရာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့ အစိုးရလက်ထက်မှာ ချင်းပြည်နယ်ကို ဦးစားပေးဖွံ့ဖြိုးရေး ပြည်နယ် အဖြစ် သတ်မှတ်ပြီး ဘက်စုံထောင့်စုံကနေ ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့တာ ဖြစ်ပါတယ်။ မြေပြင်ပထဝီအနေအထားအရ ဆက်သွယ်သွားလာမှု အခက်အခဲတွေ မရှိရလေအောင် ဆက်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး တို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။ နောက်ကျကျန်ရစ်ခဲ့ရတဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားရရှိရေးတို့ကို အလေးထား ပြီး ဆောင်ရွက်ပေးနေပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များနဲ့ ရပ်ရွာလူထုတို့ကို ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုရှိပြီး လူထုက တုံ့ပြန်မှုပေးနိုင်တဲ့ စနစ်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်ဖို့ မူဝါဒ ချမှတ်ထားပြီး ဒီအတိုင်းပဲ တာဝန်ရှိသူတွေကို ကျွန်မတို့ ဆောင်ရွက်စေ ပါတယ်။
မြင့်မားလှတဲ့ ထင်းရှူးတောင်တန်းတွေကြားမှာ တောင်ဇလပ်ပန်းတွေ အမြဲတစေ ဝေဆာပွင့်လန်းနေတဲ့ ချင်းပြည်နယ်၊ အေးချမ်းလှတဲ့ ရာသီဥတု တည်ရှိတဲ့ ချင်းပြည်နယ်ဟာ သီးခြားထူးခြားတဲ့ သဘာဝအလှအပတွေ၊ သီးသန့်အလှတွေနဲ့ လှပနေတာဖြစ်ပါတယ်။ အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက်လာခဲ့တဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ ချင်းပြည်နယ်ရဲ့ ဝိသေသလက္ခဏာတွေကိုလည်း ကိုယ်စားပြုတည်ရှိနေတာ ဖြစ်ပါတယ်။
ခက်ခဲကြမ်းတမ်းမှုတွေကို ရင်ဆိုင်နိုင်ကြတဲ့သူများဖြစ်
ကျွန်မအနေနဲ့ မကြာခဏဆိုသလို ချင်းပြည်နယ်ကို ရောက်ဖြစ်ပါ တယ်။ ရောက်ဖြစ်တဲ့အခါတိုင်းမှာလည်း ချင်းတိုင်းရင်းသားတွေဟာ အေးချမ်း လှတဲ့ ရာသီဥတု၊ ခက်ခဲလှတဲ့ လမ်းပန်းဆက်သွယ်ရေးတို့ကို အန်တုပြီး ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ရင်ဆိုင်နိုင်ကြတဲ့သူများ ဖြစ်တာကို မျက်မြင်သတိပြုမိပါတယ်။
ချင်းတိုင်းရင်းသားတွေအနေနဲ့ ဒေသအလိုက် ဘာသာစကားနဲ့ စာပေ တွေ မတူညီကြပေမယ့် “မတူကွဲပြားမှုတွေကို စည်းလုံးမှုအင်အားတစ်ရပ်” အဖြစ် အသုံးချပြီး ချင်းပြည်နယ် ကောင်းရာကောင်းကျိုးအတွက် ကြိုးပမ်း ကြမယ်ဆိုတာကိုလည်း အခိုင်အမာ ယုံကြည်ထားပါတယ်။ ချင်းပြည်နယ်ရဲ့ အမှတ်တံဆိပ်၊ သင်္ကေတလို့ သတ်မှတ်ထားတဲ့ အောက်ချင်းငှက်ဟာ သစ္စာရှိမှု၊ လေးနက်တည်ကြည်မှုကို ကိုယ်စားပြုပါတယ်။ ချင်းအမျိုးသား တွေရဲ့ သစ္စာရှိမှု၊ လေးနက်တည်ကြည်မှုဟာ ကျွန်မတို့ရဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ခရီးလမ်းမှာ တစ်တပ်တစ်အား ဖြစ်စေတာ လည်း အမှန်ပဲဖြစ်ပါတယ်။
ဒီမိုကရေစီစိတ်ဓာတ်တွေကို လက်ဆင့်ကမ်းအမွေပေး
“ချင်းအမျိုးသားနေ့”ဟာ ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကို ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်နဲ့ အစားထိုးဖို့ ဆုံးဖြတ်ခဲ့တဲ့နေ့ဖြစ်တဲ့အတွက် ချင်းတိုင်းရင်းသားများ တန်ဖိုးထားရှိကြပြီး နှစ်စဉ်နှစ်တိုင်း နိုင်ငံရေး အနှစ်သာရရှိရှိ ကျင်းပပြုလုပ်ကြသလိုပဲ ချင်းတိုင်းရင်းသား လူငယ် မျိုးဆက်သစ်တွေကိုလည်း တန်ဖိုးကြီးမားလှတဲ့ နိုင်ငံရေးအမြင်ကျယ်မှုနဲ့ ဒီမိုကရေစီစိတ်ဓာတ်တွေကို လက်ဆင့်ကမ်း အမွေပေးသွားနိုင်ရေး ဟာလည်း တောင်ပေါ်၊ မြေပြန့်၊ ပြည်တွင်းနဲ့ ပြည်ပနေ ချင်းတိုင်းရင်းသားများအားလုံးရဲ့ အဓိကတာဝန်တစ်ရပ်ပဲ ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါ တယ်။ ချင်းတိုင်းရင်းသားများနဲ့ ချင်းပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်ပါစေ၊ ချင်းတောင်တန်းတွေရဲ့ အလှတရားကို ဆက်လက်ထိန်းသိမ်းနိုင်ကြပါစေ၊ မျိုးဆက်သစ်လူငယ်တွေကို နိုင်ငံရေးအမြော်အမြင်နဲ့ ဒီမိုကရေစီ စိတ်ဓာတ်တွေကို လက်ဆင့်ကမ်း အမွေပေးနိုင်ကြပါစေ။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး ကြိုးပမ်းအားထုတ်မှုမှာ ပြည်ထောင်စုရဲ့ သားသမီးတွေဖြစ်တဲ့ အခြားသော တိုင်းရင်းသားတွေနဲ့အတူ ချင်းတိုင်းရင်းသားများကလည်း တက်တက်ကြွကြွ၊ စည်းစည်းလုံးလုံးနဲ့ လက်တွဲပူးပေါင်းပါဝင်နိုင်ကြပါစေကြောင်း နှိုးဆော်တိုက်တွန်းပါတယ်။
ကျွန်မတို့ ချင်းတိုင်းရင်းသားတွေရဲ့ လှပတဲ့ နှလုံးသားများအားလုံးကို ဘုရားသခင်ကောင်းချီးပေးပါစေ။ ကျေးဇူးတင်ပါတယ်။