ချမ်းသာပေးတတ် တရားမြတ်အပေါ် ဖျက်ဆီး၍ ဆင်းရဲပေးနေကြသူများ …

Type

 

မိုးကေနိုင်

မြန်မာနိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းကျော်သော ဗုဒ္ဓဘာသာ ဝင်တို့ အထွတ်အမြတ်ထားရာ၊ သန်း ၅၀၀ ကျော်သော ကမ္ဘာ့ဗုဒ္ဓဘာသာဝင်တို့  ကိုးကွယ်ယုံကြည်ရာ ဗုဒ္ဓဘာသာတရားကို အစွန်းရောက် ဘာသာမဲ့တို့က စော်ကားဖျက်ဆီးနေကြပေပြီ၊၊ 
ကိုယ့်ပြည်တွင်းက လူတွေကိုယ်တိုင်ပင် ကိုယ့်ရဲ့ ဗုဒ္ဓဘာသာကို အကြိမ်ကြိမ် စော်ကားနေကြခြင်း ဖြစ်ပါတယ်၊၊ ဘုရားကိုစော်ကား၊ စေတီကိုဖျက်ဆီး၊ ဆင်းတုတော်တွေ ဖြိုချထုခွဲ၊ သံဃာကိုသတ်၊ ဘုရား ကျောင်းကန်တွေကို ကြမ်းကြမ်းတမ်းတမ်းတိုက်ကြ ခိုက်ကြ စသည်ဖြင့် ဘုရားသာသနာဟာ အကြိမ်ကြိမ် ကျည်သင့်၊ ဗုံးဒဏ်သင့် စော်ကားဖျက်ဆီးခံနေရ ပါတယ်။ 
ကာယကံနဲ့  ကျူးလွန်နေတာအပြင် မနောကံ၊  ဝစီကံအားနဲ့လည်း စော်ကားပြောဆိုနေကြတာတွေ ရှိပါတယ်။ မသိလို့လုပ်ကြတယ်၊ မသိတော့လိုချင်၊ လိုချင်လို့ လုပ်ကြပြန်တယ်။ အဝိဇ္ဇာပါတော့ တဏှာ ပါ လွန်ကုန်ကြတယ်။ လိုချင်တာကိုရအောင် ယူမယ် ဆိုတဲ့လောဘ၊ လိုချင်တာမရတော့ ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်ဆိုတဲ့ ဒေါသ၊ ဓမ္မဆိုတာက ဘာလဲ မသိ ကြတော့ မှားတာမှန်တာ၊ ကောင်းတာမကောင်းတာ ခွဲခြားမသိတတ်တဲ့  ပညာမဲ့၊   ဉာဏ်မဲ့၊  မောဟ အကုသိုလ်တို့လွှမ်းမိုးရာမှာ   အကြောင်းအကျိုး ဆက်စပ်မှုမသိ ဣဋ္ဌာကိုအနိဋ္ဌထင်၊ အနိဋ္ဌာကို ဣဋ္ဌ ထင်နေတဲ့ မိစ္ဆာဝါဒီလူတစ်စုဟာဖြင့် လူ့အဖွဲ့အစည်း ကြီးရဲ့ သနားစရာလောဘကျွန်၊ ဒေါသကျွန် မောဟ ကျွန်တွေဖြစ်နေကြပါပြီ။
ဗုဒ္ဓဓမ္မရဲ့ အနှစ်သာရ
ဘာသာတရားအစော်ကားခံရတဲ့အတွက် ဗုဒ္ဓ ဘာသာကို သက်ဝင်ယုံကြည်သူ ပြည်သူတွေဟာ နှလုံးပူဆွေး မချိတင်ကဲနာကျင်လှပါတယ်။ ဝမ်းနည်း ကြရတယ်။ ဘာကြောင့်ပါလဲ...။ မြန်မာနိုင်ငံသားတွေရဲ့ကိုယ့်နိုင်ငံ၊  ကိုယ့်လူမျိုး၊  ကိုယ့်ဘာသာတရား၊ ကိုယ့် ယဉ်ကျေးမှု ချစ်စိတ်တွေက  နက်ရှိုင်းတဲ့ ဗုဒ္ဓ ဓမ္မများနဲ့ယှဉ်တွဲနေလို့ ဖြစ်ပါတယ်။ အကြောင်းနဲ့ အကျိုးကို မသိတတ်တဲ့သူတွေဟာ ဘုရားကိုမသိ၊  တရားကိုလည်း မသိတော့၊ အရာအားလုံးကိုလည်း မလေးစားတတ်တော့၊၊ 
သို့ပေမယ့် မြတ်ဗုဒ္ဓရဲ့ ဓမ္မအဆုံးအမတွေမှာတော့ အခြားဘာသာတရားများအပေါ် မုန်းတီးရမယ်လို့ မပါပါဘူး။ မီးကိုငြိမ်းစေတဲ့ ရေစင်အေးပမာ အငြိမ်း ဓာတ်ပဲ ရှိပါတယ်။ ကိုယ်တိုင်ငြိမ်းချမ်းခြင်းအပြင် တစ်ပါးသူနဲ့  ပတ်ဝန်းကျင်ကိုပါ  အေးချမ်းမှုကို ပေးစွမ်း နိုင်ခြင်းကသာ ဗုဒ္ဓဓမ္မရဲ့အနှစ်သာရဖြစ်လေတော့ မြတ်ဗုဒ္ဓရဲ့တရားတော်များဟာ သူများအပေါ်မှာ မဖိနှိပ်မချုပ်ချယ်၊ ဖျက်ဆီးစော်ကားခြင်း မရှိပါဘူး။ 
ဗုဒ္ဓဘာသာဟာ လူတွေကို ယဉ်ကျေးလိမ္မာအောင် သာ သွန်သင်ပေးပါတယ်၊ လွတ်လပ်စွာ ကိုးကွယ် ခွင့်ကို ပေးတယ်၊    ကိုယ်တိုင်လေ့လာလေ့ကျင့် အားထုတ်ပြီးမှ ယုံကြည်စေပါတယ်၊ သူ့ဘာသာ ကိုယ့်ဘာသာအစွဲမထား၊   ဘယ်ဘာသာဝင်ကိုမှ ရန်သူလို့ မသတ်မှတ်၊   အပြစ်မရှာဒေါသမထွက်၊ ပျက်စီးပါစေ ဆုမတောင်း။  သုစရိုက်တွေ စည်ပင်ရာ၊ ဒုစရိုက်တွေပပျောက်ရာ ဒီလိုလောကီ၊ လောကုတ္တရာ အကျိုးဆောင်တဲ့မြတ်ဗုဒ္ဓကိုမှ ဘာကြောင့် စော်ကား နေကြပါလိမ့်။ 
ဗုဒ္ဓရဲ့ တကယ့်သူတော်စင်တွေဆိုရင်   ပြင်ပ ဗဟိဒ္ဓမီးကို အတွင်းအဇ္ဈတ္တအထိတောင် အကူးမခံ၊  မကူးစက်နိုင်အောင် ကြိုးစားလေ့ရှိကြတယ်၊ ဒီလို ဘာသာတရားမျိုးကိုပင် အားနည်းချက်ဟု မြင်ကြ တာလားမသိ၊ ဒါကြောင့် ဓမ္မနဲ့အဓမ္မ ခွဲခြားမသိသူ များက အကြိမ်ကြိမ်စော်ကားခြင်း ဖြစ်ဟန်တူပါတယ်။ မဟုတ်တာ  မမှန်တာကို     ပြောရမှာလုပ်ရမှာကို ရှက်ခြင်း၊ ကြောက်တတ်ခြင်းဟာ ဗုဒ္ဓဘာသာဝင် တွေရဲ့   အခြေခံအဆုံးအမလည်း   ဖြစ်ပါတယ်။ ထို့အတွက် ဗုဒ္ဓတရားများဟာ မဟုတ်တာ၊ မမှန်တာ အပေါ် ပြုမှားမိမှာကို ရှောင်ဖို့ကြိုးစားရင်းနဲ့ လောက ကြီးမှာ တကယ့်ငြိမ်းချမ်းမှုအရသာစစ်စစ်ကို ပေးအပ် လျက်ရှိပါတယ်။
ယူရင်ယူမိသလောက် ဆိုးကျိုးဖြစ်မည်သာ
ကံကြမ္မာဟာ မကောင်းသူတွေအတွက်တော့ မျက်နှာသာပေးမှာ မဟုတ်ပါဘူး။ မကောင်းတာလုပ်ရင် မကောင်းဝဋ်      ပြန်လည်ဝဋ်လည်ပါလိမ့်မယ်။ အကုသိုလ်ကို အများကြီးယူခဲ့ကြလို့  အကုသိုလ် ကြီးသူဟာ  မနှေးအမြန်    ဒုက္ခရောက်ရမှာသာ ဖြစ်တယ်။ ယူရင်ယူမိသလောက် ဆိုးကျိုးရကြမှာသာ ဖြစ်ပါတယ်။ ဘာသာတရားကို စော်ကားဖျက်ဆီး ရာမှာ ကိုယ်တိုင်မပါဝင်ပေမယ့် အားပေးအားမြှောက် နေသူတွေလည်း အပါယ်ချောက်နဲ့ နီးသူတွေဖြစ်တယ်၊ ကိုယ်တိုင်ကိုယ်ကျလုပ်သူတွေလိုပဲ အလင်းမရ အမိုက်မှောင်မှာ ပျက်စီးကိန်းဆိုက်ပါတယ်။ 
မီးကိုတိုးတဲ့ ပိုးဖလံဥပမာလိုပေါ့...။  မတိုးမိအောင် အထူးရှောင်ကြဉ်ရပါမယ်။ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းကို ဖျက်ဆီးလိုသူတွေဟာ ယဉ်ကျေးမှုကို ဦးစွာဖျက်ဆီး လေ့ရှိကြတယ်ဆိုတာ  သိနားလည်ထားရပါမယ်။  ယခုအခါမှာ မသင့်တဲ့ ယဉ်ကျေးမှုစရိုက်များနဲ့အတူ စိတ်ဓာတ်တွေပါ  ရိုက်ချိုးခံနေရပါတယ်။  အမျိုး ချစ်စိတ်နဲ့ နိုင်ငံချစ်စိတ် ပျက်စီးသွားရင် ဘာသာ တရားလည်း ဖျက်ဆီးခံရနိုင်ပါတယ်။ ဖျက်ဆီးတတ်တဲ့ လက်နက်အားလုံးမှာ ငွေကျည်ဆန်က မိမိကိုးကွယ် ယုံကြည်ရာကို လွန်စွာဖျက်ဆီးတတ်ပါတယ်။ 
အားလုံးက သိပြီးဖြစ်ပေမယ့် ဘာသာတရားအပေါ် ငွေက ဖုံးသွားပြီး မရှောင်နိုင်ရင်တော့  သာသနာ ပျက်ကိန်း ဆိုက်တတ်ပါတယ်။ ဘုရားဦးခေါင်းကိုတူနဲ့ ထုတာကမြင်သာတယ်၊  ဒါကအပြင်စည်း။  အတွင်း စည်းကနေ ငွေကြေးအဂတိနဲ့ မကောင်းစိတ်ဓာတ် နဲ့ ပြုသမျှကတော့ မမြင်သာပါဘူး၊ ငွေရဲ့နောက်မှာ ဟန်ဆောင်မျက်နှာဖုံးပါတတ်ပါတယ်၊ သတိထားဖို့ပါ။ အချို့သော ဟန်ဆောင်လက်အုပ်ချီ ကန်တော့တာတွေ အချို့ဟန်ဆောင်ငွေလှူတာတွေက  တကယ့်မင်္ဂလာ အစစ်မဟုတ်ပါ၊ ယုံကြည်မှုအတုတွေအဖြစ် ယုံကြည်မှု ကို အလွဲသုံးစားလုပ်နေခြင်းလားဟု မြင်ကြည့်ပါ၊ သတိထားပြီး မှန်သောအသိ ဝင်စေချင်ပါတယ်။
အမှန်သိအောင် လုပ်ထားရမယ့် ဘာသာသာသနာ
ဒါကြောင့် ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေက  ဗုဒ္ဓဓမ္မနဲ့ ပတ်သက်တဲ့ မြတ်စွာဘုရားကိုယ်တော်တိုင် ‘‘ဝိဇ္ဇာ’’ထိုးထွင်းသိမြင်ပြီးမှ ‘‘စရဏ’’ ကျင့်ပြီးရပြီးမှ ဟောကြားတော်မူတဲ့  လေးနက်သော ဓမ္မတရား အလုံးစုံကို အချိန်ရခိုက်လေ့လာသင့်ပါတယ်။ ဓမ္မ တရားများ မိမိတို့နှလုံးသား၊ အသွေးထဲအသားထဲ စိမ့်ဝင်ကိန်းအောင်းပြီး  ပညာဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေအောင် အချိန်ယူပြီး လေ့လာကျင့်ကြံအားထုတ် သင့်ပါတယ်။ 
အကုသိုလ်ကို    အကုသိုလ်မှန်းသိနေမှသာ ချမ်းသာအမှန်ကိုရနိုင်ကြောင်း သိရှိအောင် ပြုလုပ် ထားရပါမယ်။ သဒ္ဓါဆိုသော အားကောင်းတဲ့လက်နဲ့ ဘုရား၊ တရား၊  သံဃာတည်းဟူသော ရတနာသုံးပါးကို ခိုင်မြဲအောင် ကိုင်ဆောင်ထားရပါမယ်။  မကောင်း တာ လုပ်ရင် မကောင်းတာဖြစ်မယ်၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့   ကံ ကံရဲ့  အကျိုးကို ယုံကြည်ထားရပါမယ်။ ကြည်လင်တဲ့သဒ္ဓါတရားနဲ့ ယုံကြည်ချက်ခိုင်မာမှ သူများက ကိုယ့်ဘာသာတရား အပေါ် စော်ကားမော်ကားလုပ်ခွင့်မရမှာ ခံနိုင်ရည် ရှိမှာဖြစ်ပါတယ်။  
ရုပ်ပိုင်းစိတ်ပိုင်းချည့်နဲ့အောင် ဖျက်ဆီးကြလိမ့်မယ်
ငရဲမကြောက်သူတွေက အင်အားသုံးပြီး စေတီ တွေဖြိုချ၊ ဆင်းတုတော်တွေ ထုခွဲခံရလို့ ပျက်စီးသွား ရင်သော်မှ ရင်ထဲမှာကိန်းအောင်းနေတဲ့ သစ္စာတရား တွေဟာ ပျက်စီးသွားခြင်းရှိမှာ မဟုတ်ပါဘူး။ သို့သော် ယခုကော နောင်မှာပါ  ကျွန်တော်တို့   ယခုထက် များစွာ သတိထားရပါတော့မယ်။ ရန်သူက  အပြင် စည်းကနေ နိုင်ငံရဲ့ ရုပ်ပိုင်းအင်အားတွေ ချည့်နဲ့အောင်၊ ပြိုကွဲအောင် ဦးစွာပြုလုပ်နေပါပြီ။ အကြောင်းအမျိုးမျိုး ပြမယ်၊ ဥပါယ်တံမျဉ်နဲ့လှည့်စားမယ်၊ တစ်ဆင့်မက နှစ်ဆင့်မက  လှည့်ကွက်တွေအမျိုးမျိုးပြ   အမာ အင်အားသုံးစွက်ဖက်မယ်၊       အချင်းချင်းကြား ရန်တိုက်မယ်၊ ကိုယ်ထိလက်ရောက် ပါဝင်တိုက်ခိုက် မယ်။  နောက်ပိုင်း တစ်ဆင့်တက် အတင့်ရဲလာမယ်၊ မိမိမှာရှိနှင့်တဲ့ ပညာဉာဏ်နဲ့အင်အားကို တွက်ချက် သုံးသပ်ပြီး ကောက်ကျစ်စဉ်းလဲလာမယ်၊  နိုင်ငံရဲ့ အသည်းနှလုံး ကိုးကွယ်ရာ ယုံကြည်မှုဘာသာတရား ယဉ်ကျေးမှုကို  အတွင်းစည်းကနေ လှိုက်စားပြီး စိတ်ဓာတ်ခွန်အားတွေကို ဖြိုဖျက်ပစ်ကြပါလိမ့်မယ်၊ အထူးသတိရှိကြရပါမယ်။ 
မိစ္ဆာဝါဒီတို့ဟာ   ကျွန်တော်တို့ရဲ့    ဘာသာ သာသနာကို အတိတ်ကလည်းဖျက်ဆီးခဲ့၊ ယခုလည်း ဖျက်ဆီးနေပါတယ်၊ ဘယ်တော့မှရပ်မှာမဟုတ်သလို နောင်လည်း အဆက်မပြတ်   ဖျက်ဆီးနေကြဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိရဲ့ယုံကြည်မြတ်နိုးအပ်တဲ့ ဘာသာသာသနာကို အထူးတန်ဖိုးထား ကာကွယ် စောင့်ရှောက်ရပါမယ်။ ကိုယ့်ဘာသာသာသနာကို တစ်ပါးသူများက ဖျက်ဆီးချင်တိုင်း ဖျက်ဆီးတာကို ဘာသိဘာသာမနေ၊ မဆိုင်သလိုမနေဘဲ နာတတ် ရပါမယ်၊  သံဝေဂယူသင်ခန်းစာယူတတ်ရပါမယ်။ သို့မှသာ ကျွန်တော်တို့ရဲ့  ဘာသာသာသနာဟာ ရှင်သန်မြဲမှာဖြစ်ပြီး   အစဉ်ထွန်းတောက်နေမှာ ဖြစ်ပါတယ်။ 
အဓိကအချက်က ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် အားလုံး ဘာသာသာသနာနဲ့ ဆက်စပ်ပတ်သက်လာ လျှင် ယခုထက်ပိုပြီး ညီညွတ်ကြဖို့ပါပဲ။ မစည်းလုံး ရင် ဒီထက်ပိုပြီး စော်ကားခံရပါမယ်။ ညီညွတ်နိုင်ဖို့ အမြင်ကျယ်ဖို့လိုပါတယ်။ ဘာသာရေးအသိအမြင် ကြွယ်ဝမှသာ ကိုယ့်ဘာသာကို တန်ဖိုးထားတတ်မှာ ဖြစ်လို့ပါပဲ။ ဘာသာတရားကရတဲ့   ကြောင်းကျိုးဆင်ခြင် နိုင်စွမ်းဟာ လက်တွေ့လောကီနယ်ပယ်မှာ ငြိမ်းချမ်း မှုကိုပေးတဲ့အတွက် ဘာသာတရားကို ဖျက်ဆီးသူဟာ ငြိမ်းချမ်းရေးကို  ဖျက်ဆီးတာနဲ့ အတူတူပါပဲ။ 
ငြိမ်းချမ်းသွားမှာကို        ကြောက်သူတွေဟာ ငြိမ်းချမ်းရေးရဲ့ အနှစ်သာရဖြစ်တဲ့ ဗုဒ္ဓဘာသာကို အကြောက်အကန်ဖျက်ဆီးကြမယ့်အရေးကို သတိ ရှိကြဖို့လိုပါတယ်။  ထို့အပြင် မြန်မာတို့ရဲ့ အသည်း နှလုံးဖြစ်တဲ့    ဗုဒ္ဓဘာသာကို   ဖျက်ဆီးခြင်းဖြင့် ဘုရားသားတော်အပါအဝင်   ဗုဒ္ဓဘာသာဝင်များရဲ့ မခံချင်စိတ်နဲ့အုံကြွလာမယ့် မြူဆွယ်ထောင်ချောက် ကိုလည်း သတိထားဖို့လိုပါမယ်။ 
ဘာသာကို ဖျက်ဆီးပြ၊ အမုန်းစိတ်တွေတိုးပွား အောင်လုပ်ပြီး ဖြစ်လာနိုင်တဲ့ပဋိပက္ခများရဲ့ အကြောင်း တရားအဖြစ်လည်း ဖန်တီးနိုင်ကြောင်း သတိပြုရပါ မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သာသနာတော်ကို ကာကွယ် စောင့်ရှောက်ရမှာကတော့ ဗုဒ္ဓဘာသာဝင်အားလုံး ရဲ့ တာဝန်သာဖြစ်ပါတယ်။ ဆင်းရဲကိုမပေး၊ ချမ်းသာ  ပေးသူတွေဖြစ်အောင်   တရားမှန်ကို စောင့်ထိန်းကြ ရပါမယ်။  မှန်လည်းမမှန်၊   ကိုယ့်အတွက်လည်း အကျိုးမရှိတာတွေ မလုပ်မိအောင် ဂရုပြုကြ ရပါမယ်။ မှန်လည်းမှန်၊    အများအတွက်လည်း အကျိုးရှိတာ တွေလုပ်ရင်း မပြတ်ဖြစ်တဲ့   သံသရာဝဋ်က ရှောင်နိုင် ပါစေ၊ ကိုယ်နဲ့နှိုင်းမရိုင်း၊ ကိုယ်နဲ့တိုင်း အပါယ်လှိုင်းမှာ ပါမသွားအောင် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင် ပါစေလို့ မျှော်လင့်ပါတယ်။ 
ပြုလုပ်မှုတိုင်းမှာ   တန်ပြန်သက်ရောက်မှုက ရှိစမြဲပါ၊ မကောင်းတာလုပ်ရင်   မကောင်းတာခံ၊ ကောင်းတာလုပ်ရင် ကောင်းတာစံ၊ အဆုံးမှာ ကိုယ်နဲ့ ထိုက်တာသာရကြပါလိမ့်မယ်။ နှလုံးသွင်းသင့်တာက အချုပ်အခြာပြိုရင် သာသနာလည်းပြို၊   နယ်မြေ ပျောက်ရင် သာသနာလည်း ပျောက်ကွယ်မယ်ဆိုတဲ့ အချက်ပါပဲ၊၊ ပေးဆပ်ခြင်းများစွာနဲ့    ထိန်းသိမ်း စောင့်ရှောက်နေရတဲ့ အချုပ်အခြာနဲ့ ပိုင်နက်နယ်မြေ လိုပါပဲ၊ ဗုဒ္ဓဘာသာကို ရှေးဘိုးဘွားအဆက်ဆက်က ရတနာသဖွယ် လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက် ခဲ့ကြလို့သာ ယနေ့  ကျွန်တော်တို့မျိုးဆက်တွေ ဗုဒ္ဓဘာသာဝင်ဖြစ်ခွင့်ရတာပါ။ 
ကျွန်တော်တို့ခေတ်မှာလည်း နောင်လာမယ့် မျိုးဆက်တွေအတွက်  လက်ဆင့်ကမ်းနိုင်အောင် ယခုထက်ပိုပြီး ဝီရိယစိုက်ကြရပါမယ်။  ဒါမှသာ ဗုဒ္ဓသာသနာထွန်းကားရာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုကို လေးစားယုံကြည်ချစ်မြတ်နိုး လျက် ဘာသာသာသနာအပေါ် ထိန်းသိမ်းစောင့်ရှောက် ရမယ့်တာဝန်ကို ကျေပွန်စွာ ထမ်းရွက်နိုင်မှာ ဖြစ်ပါ တယ်။              ။