ချို့တဲ့လူနာ ၃၈ ဦး ကျောက်ကပ်ဆေးရန် ငွေကျပ် ၁၅၂ သိန်းကျော်ကို ပျဉ်းမနား သံဃာ့ဆေးရုံကြီးမှ အလှူရှင်များ၏ အလှူငွေဖြင့် လှူဒါန်းပေးနိုင်ခဲ့

 

ရန်ကုန်   ဧပြီ   ၃၀
၂၀၂၄ ခုနှစ်  မတ်လတွင် ပျဉ်းမနား သံဃာ့ဆေးရုံကြီးက  အလှူရှင်များ၏ အလှူငွေဖြင့် ချို့တဲ့လူနာ  ၃၈ ဦး ကျောက်ကပ်ဆေးရန်အတွက် ငွေကျပ် တစ်ရာငါးဆယ့်နှစ်သိန်းကိုးသောင်းငါးထောင်ကျပ်ကို  လှူဒါန်းပေးနိုင် ခဲ့ကြောင်း အဆိုပါဆေးရုံ၏ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ထံမှ သိရသည်။ 
ပျဉ်းမနား သံဃာ့ဆေးရုံကြီး ကျောက်ကပ်ဌာနတွင် ဖေဖော်ဝါရီလ အတွင်း လူနာ ၉၂ ဦးကို အကြိမ်ပေါင်း (၅၇၇)ကြိမ် ကျောက်ကပ်ဆေး ပေးနိုင်ခဲ့ပြီး အဆိုပါလူနာ  ၉၂ ဦးအနက် ချို့တဲ့လူနာ ၃၈ ဦးကို တတ်နိုင် သမျှ အလှူခံ၍    အခမဲ့ဆေးနိုင်အောင်  ကြိုးစားပေးကြောင်းလည်း ဒေါက်တာသန်းမင်းထွဋ်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။
“ထူးခြားတာကတော့  ပံ့သကူဆရာတော် ဘဒ္ဒန္တခေမာစာရအား အမှူးထားပြီး  ဖခင်ကြီး ဦးသာရ + မိခင်ကြီး ဒေါ်စန်းရီ၊  အမကြီး ဒေါ်ခင်စောဝင်းတို့အား ရည်စူး၍ ဦးသာရ + ဒေါ်စန်းရီ စိန်ရွှေရတနာဆိုင် ပျဉ်းမနားမြို့ရဲ့ အလှူငွေ ကျပ်သိန်း ၅၀ နဲ့ လူနာတွေကို ကျောက်ကပ် ဆေးနိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်”ဟု ဆိုသည်။
ကျောက်ကပ်လူနာများမှာ ရောဂါအနုအရင့်ပေါ်မူတည်ပြီး ဆေးရ သည့် အကြိမ်လည်း မတူညီကြဘဲ တစ်လလျှင် ရှစ်ကြိမ် ဆေးရသူအချို့ ရှိသကဲ့သို့ ခြောက်ကြိမ် လာဆေးရတာလည်းရှိကြောင်းနှင့်  တစ်ကြိမ် လျှင် ဆေးဖိုး ငွေကျပ် ၅၅၀၀၀ ကုန်ကျ၍ တစ်လကုန်ကျစရိတ်အနေဖြင့် ခြောက်ကြိမ်ဆေးသည့် လူနာမှာ ငွေကျပ်  ၃၃၀၀၀၀ ၊ ရှစ်ကြိမ် ဆေးသည့် လူနာမှာ ငွေကျပ်  ၄၄၀၀၀၀ အထိ  ကုန်ကျစရိတ်ရှိကြောင်းလည်း ဆိုသည်။
“ငွေမရှိလို့  မဆေးနိုင်၊ နားထားပြန်တော့ လူနာမှာ ဆီးမထွက်ဘဲ မောဟိုက်ပြီး   နောက်ဆုံး ဆေးရုံရောက်လာပြန်ပါတယ်။ တစ်ကြိမ် ကျောက်ကပ်ဆေးတဲ့စရိတ်ကလည်း   ငွေကျပ် ၅၅၀၀၀  ဆိုပေမယ့် ကြာလာတော့ အိမ်ပေါင်၊ ခြံပေါင်၊ နွားပေါင်နဲ့  ဒုက္ခမျိုးစုံ  ကြုံနေရတာ ကျောက်ကပ်လူနာတိုင်းပါ။    ဒါကြောင့် ကျွန်တော့်ကို   အလှူရှင်တွေက ဘာလှူရင်ကောင်းမလဲ   မေးလာရင်  ကျောက်ကပ်လူနာအတွက်  လှူပါလို့ပဲ  ဖြေဖြစ်ပါတယ်” ဟု  ၎င်းက ဆိုသည်။
ထို့အပြင် ကျောက်ကပ်ဆေးစက်များ  ပြုပြင်ထိန်းသိမ်းရန် ကုန်ကျ ငွေကျပ် ၁၀ သိန်းကို   အဆိုတော်ကြီး   ဦးမင်းနောင်    ကွယ်လွန်ခြင်း ငါးနှစ်ပြည့်နှင့်    ဇနီးဖြစ်သူ   အဆိုတော် ဒေါ်ရီလေး ကွယ်လွန်ခြင်း သုံးလပြည့်  အထိမ်းအမှတ်အဖြစ်  ကျန်ရစ်သူမိသားစုက လှူဒါန်းပေး ခဲ့ကြောင်းနှင့် ကျန်ရှိသည့်  အလှူရှင်များကိုလည်း စာရင်းနှင့်တကွဖော်ပြ ထားသည်။  ပျဉ်းမနားမြို့ သံဃာ့ဆေးရုံတော်ကြီးတွင် ရဟန်းရှင်လူ ပြည်သူအများ   တက်ရောက်ကုသမှုခံယူနေသည့်  ဆေးရုံကြီးတစ်ရုံ ဖြစ်ပြီး၂၀၂၃ ခုနှစ် တစ်နှစ်လုံးတွင်  သံဃာတော် ၅၈၇၇ ပါး၊ သီလရှင်  ၉၃၇ ပါး၊ ချို့တဲ့နွမ်းပါး လူနာ ၅၀၀  စုစုပေါင်း ၇၃၁၄ ဦးကို ကုသပေးနိုင်ခဲ့ ကြောင်းနှင့်၂၀၂၄ ဇန်နဝါရီကနေ မတ်အအထိ ရဟန်းသံဃာ ၁၅၅၄ ဦး၊ သီလရှင် ၁၉၇ ပါး၊ ချို့တဲ့နွမ်းပါးလူနာ ၁၁၉ ဦး စုစုပေါင်း ၁၈၇၀ ကို ကုသပေးနိုင်ခဲ့ကြောင်းလည်း ဆိုသည်။
၂၀၂၃ ခုနှစ် စုစုပေါင်းလူနာ ၇၃၁၄ ဦး  ဆေးကုစရိတ်အတွက် ငွေကျပ်သိန်းပေါင်း ၂၉၉၄ သိန်း အခမဲ့ကုသကုသိုလ်ယူနိုင်ခဲ့ပြီး  ၂၀၂၄ ဇန်နဝါရီကနေ မတ်လအထိ သုံးလတာ လူနာ  ၁၈၇၀ အတွက် ငွေကျပ် ၉၀၉ သိန်းကျော် အခမဲ့ကုသ ကုသိုလ်ယူနိုင်ခဲ့ကြောင်းလည်း ဆိုသည်။
အဆိုပါလူနာများမှာ  ခွဲစိတ်လူနာ၊ ကင်ဆာလူနာ၊ လေဖြတ်လူနာ တွေပါဝင်သည့်အပြင် CT ရိုက်ခြင်း၊ Echo ရိုက်ခြင်း၊ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ ultrasound ရိုက်ခြင်း၊ မျက်စိ၊ သွား စမ်းသပ်ခြင်း၊ ကျောက်ကပ်ဆေးခြင်း၊   လေ့ကျင့်ခန်းဖြင့်   ကုသခြင်း၊   ကိုရင်လေး များအတွက်  ဒက်ကုသပေးခြင်း၊  ဆရာတော်ကြီးများကို  ကျောင်းတိုက် အရောက်  ကျန်းမာရေးစောင့်ရှောက်ခြင်း  စသည့် လုပ်ငန်းများကိုပါ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း  သိရသည်။                                   MT