
နေပြည်တော် ဇန်နဝါရီ ၃၀
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနတို့ ပူးပေါင်းစီစဉ်ပြီး စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်တွင် ကျင်းပသည့် လူငယ် နှင့်စာပေပွဲတော် ဒုတိယနေ့ကို ဆက်လက် ကျင်းပလျက်ရှိရာ ပြသထားသည့် ပြခန်း ပေါင်း ၄၀ ကျော်ကို နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျောင်းသား ကျောင်းသူ လူငယ်များ လာရောက်လေ့လာလျက် ရှိသည်။
အဆိုပါ လူငယ်နှင့်စာပေပွဲတော်တွင် ခင်းကျင်းပြသထားသည့် ပြခန်းများသို့ စိတ်ဝင်တစား လာရောက်ကြည့်ရှု လေ့လာသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိရာ လာရောက်လေ့လာ သူအချို့၏ အမြင်များအား တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြအပ် ပါသည်။
မအိမ့်မှူးကျော်သူ
Grade-9 ၊ အထက(ဇေယျာသီရိ)၊
နေပြည်တော်
လူငယ်နဲ့စာပေပွဲတော်ကို လာရတာ ပျော်ဖို့လည်းကောင်းသလို ဗဟုသုတအစုံ လည်းရတယ်။ သိပ္ပံပညာရပ်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေ၊ လေကြောင်းနဲ့ ဆိုင်တဲ့အကြောင်းအရာတွေနဲ့ သမီး စိတ်ဝင်စားတဲ့ ပန်းချီတွေကိုလည်း လေ့လာ ခွင့်ရခဲ့ပါတယ်။ ဒီပြခန်းတွေထဲက စိတ်ဝင် စားဖို့အကောင်းဆုံးကတော့ ပန်းချီပြခန်း ပါ။ ငယ်ငယ်ကတည်းက ဖြစ်ချင်တာ ကတော့ လေယာဉ်မယ်ပါ။ ဒါ့ကြောင့်မို့လို့ လေကြောင်းပညာနဲ့ ပတ်သက်တာကို လည်း လေ့လာဖြစ်တယ်။ ခုတလောမှာ ပန်းချီနဲ့ပတ်သက်ပြီးတော့ ပိုပြီး စိတ်ဝင်စားလာတယ်၊ ပန်းချီပညာရှင် ဖြစ်ချင်လာတယ်။ ဒီမှာမြင်တွေ့ခဲ့ရတဲ့ ပန်းချီဆရာကြီးတွေရဲ့ လက်ရာတွေကို ကြည့်ရှုလေ့လာခွင့်ရတဲ့အခါမှာ ပန်းချီ ဆရာကြီးတွေအနေနဲ့ ဒီပန်းချီကားတွေကို ဘယ်လိုစိတ်ကူးစိတ်သန်းတွေနဲ့ ဆွဲခဲ့လဲ ဆိုတာကိုပါ သိချင်စိတ်တွေ ဖြစ်ပေါ်လာ ပါတယ်။ ဒီလိုမျိုးအခမ်းအနားတွေ ကျင်းပ ပေးတဲ့အတွက် နိုင်ငံတော်အနေနဲ့ အများ ကြီး ငွေကြေးကုန်ကျမှာပါ။ အဲ့ဒီလို ကုန်ကျမှုတွေကို ကုန်ရကျိုးနပ်အောင် ဒီကိုလာပြီး မလေ့လာရသေးတဲ့ သူငယ် ချင်းတွေ၊ လူငယ်တွေအနေနဲ့လည်း ဒီကိုလာပြီး လေ့လာကြဖို့ ဖိတ်ခေါ်ချင် ပါတယ်။
မခင်စုခိုင်
အလက(၁)၊ Grade-6၊ နေပြည်တော်
သမီးက လူငယ်နဲ့စာပေပွဲတော်မှာ စာအုပ်အရောင်းဆိုင်တွေနဲ့ ပြခန်းတွေထဲ က စာအုပ်စာစောင်တွေကို အဓိက လေ့လာခဲ့ပါတယ်။ ကျောင်းမှာ သမီးတို့ ဆရာမက စာအုပ်စာပေတွေကို သေချာ ဂရုစိုက်ပြီး လေ့လာရင် တိုင်းပြည်အတွက် လူချွန်လူကောင်းတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နိုင်မယ်လို့ ပြောပါ တယ်။ ဒီကပြခန်းတွေမှာလည်း ကိုယ် သိချင်တာတွေ၊ စိတ်ဝင်စားတဲ့အရာတွေ ကို မေးလို့လည်းရတယ်။ အဲ့ဒီအတွက် ဗဟုသုတတွေလည်းရတယ်။ သူငယ်ချင်း တွေနဲ့အတူလာရလို့ ပျော်ဖို့လည်းကောင်း ပါတယ်။ သမီးက ကျောင်းမှာလည်း သိပ္ပံနဲ့ အင်္ဂလိပ်စာကို အဓိကစိတ်ဝင်စား တယ်။ ဒါကြောင့် သိပ္ပံပြခန်းမှာ သေချာ လေး လေ့လာဖြစ်ပါတယ်။ သမီးကြီးလာ တဲ့အခါကျရင်လည်း ဆရာဝန်ကြီးလုပ်ပြီး လူတွေကို ကယ်တင်ချင်ပါတယ်။
ကိုမျိုးအောင်ကျော်
နည်းပညာတက္ကသိုလ်၊ ပထမနှစ်
လူငယ်နှင့်စာပေပွဲတော်မှာ နည်း ပညာဂဟေဆက်နဲ့ ပတ်သက်တာတွေ၊ ဝရိန်နဲ့ပတ်သက်တာတွေကို လာရောက် ပြသပေးတာဖြစ်ပါတယ်။ ဝရိန်ဆော် လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြု မယ့်သူတွေနဲ့ နည်းပညာတက္ကသိုလ်ကို တက်ပြီး အင်ဂျင်နီယာလုပ်မယ့် လူငယ် တွေအတွက် အကျိုးပြုစေမယ့် 3D နဲ့ ဝရိန်ဆက်နည်းတွေ ပြသပေးပါတယ်။ ဝရိန်ဆက်နည်းကို စတင်သင်ကြားသူတွေ အတွက် မျက်လုံးထိခိုက်မှုတွေသက်သာ စေဖို့ တီဗွီမှာ 3D နဲ့လေ့ကျင့်ပေးပါတယ်။ လူငယ်တွေကို လေ့ကျင့်ပေးတဲ့အခါ အမှတ် ၉၀ ကျော်ရင် ဆုပေးပါတယ်။ ကျွမ်းကျင်အဆင့်ရောက်မှ အမှတ် ၉၀ ကျော်ပါတယ်။ အဲ့ဒီလိုအဆင့်ရောက်တဲ့ သူတွေဟာ လုပ်ငန်းခွင်မှာ ဝရိန်ဆော် လုပ်သားအနေနဲ့ အလုပ်လုပ်နိုင်ပါပြီ။ လူငယ်နှင့် ကလေးစာပေပွဲတော်ကို လာရောက်လေ့လာကြတဲ့ လူငယ်တော် တော်များများက တီဗွီ 3D မျက်မှန်နဲ့ ဝရိန်ဆော်နည်းကို စိတ်ဝင်တစား လက်တွေ့လေ့ကျင့်တဲ့သူတွေ ရှိသလို လေ့လာမေးမြန်းသူတွေလည်း အများ အများရှိပါတယ်။ အဲ့ဒီအတွက် လူငယ်နှင့် စာပေပွဲတော်ကို လာရောက်ပြသပေးရ တာ ကျွန်တော်တို့အတွက်လည်း များစွာ ဝမ်းသာပီတိဖြစ်မိပါတယ်။ လူငယ်တွေ အနေနဲ့လည်း ဒီပွဲကနေ အတွေးသစ် အမြင်သစ်နဲ့ ဘဝတက်လမ်းတွေမှာ အထောက်အကူဖြစ်စေမယ်လို့ ယုံကြည် ပါတယ်။
ဦးနောင်
ဇေယျာသီရိမြို့နယ်
ကျွန်တော့်ရဲ့သားက လူငယ်နှင့်စာပေ ပွဲတော်ကို လာချင်တယ်ပြောလို့ လိုက်ပို့ ပေးတာပါ။ ဖွင့်ပွဲနေ့ကလည်း လာရောက် လေ့လာပါတယ်။ ပြခန်းတွေလည်း စုံလင် ပါတယ်။ နောက်ထပ်ဒီလိုပွဲတွေကျင်းပပေးမယ်ဆိုရင် အနုပညာပြခန်းတွေလည်း ထည့်သွင်းပြသ ပေးစေချင်ပါတယ်။ လူငယ် လူရွယ်တွေအတွက် ဒီလိုပွဲတွေမှာ တက်ရောက်ခွင့်ရတဲ့အခါ ငယ်ငယ် ကတည်းက အခြေခံသိသင့်သိထိုက်တာ တွေကို သိရှိနားလည်သွားမှာပါ။ အခုလို လူငယ်နှင့် စာပေပွဲတော်မှာ ပြခန်းတွေ စုံစုံလင်လင် ခင်းကျင်းပြသထားတဲ့ အတွက် ကလေးတွေအနေနဲ့ ဝါသနာ ပါရာကို စူးစမ်းလေ့လာခွင့်ရတာကြောင့် မိဘတစ်ဦးအနေနဲ့ လူငယ်နှင့်စာပေပွဲ တော်ကျင်းပပေးတဲ့ ဌာနဆိုင်ရာတာဝန် ရှိ သူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်လည်း အခုလိုပွဲတွေ များများ ကျင်းပပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။
ကိုရှိုင်းဇာနည်ထွန်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး
ရုံးပိတ်ရက်ဖြစ်တာကြောင့် မိသားစု နဲ့အတူ လာရောက်လေ့လာတာပါ။ ပြခန်း တွေမှာ ပြသထားတာတွေက လူငယ်တွေ အတွက်သာမကဘဲ လူကြီးတွေအတွက်ပါ ဗဟုသုတရစေပါတယ်။ အခုလို လူငယ် နှင့်စာပေပွဲတော်မှာ ပြသထားတဲ့ပြခန်း တွေက အနာဂတ်မျိုးဆက်သစ်လူငယ် တွေအတွက် များစွာတန်ဖိုးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနက ပြခန်းတွေဆိုရင် လူငယ် တွေ တီထွင်ဆန်းသစ်မှုတွေကို ဖော်ဆောင် ပေးတဲ့အရာလို့ မြင်ပါတယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံတစ်ခုကို တည်ဆောက် ဖို့ဆိုရင် လူငယ်တွေရဲ့စိတ်ထဲမှာ ငယ်ငယ် ကတည်းက ဆန်းသစ်တီထွင်လိုတဲ့အတွေး တွေရှိဖို့ လိုအပ်ပါတယ်။ အဲ့ဒီလိုအတွေး အခေါ်တွေကို အခုလိုပွဲတော်တွေဆီက များစွာရရှိပါတယ်။ အဲ့ဒါကြောင့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်နှင့်စာပေပွဲတော်ကို အရွယ်သုံးပါး မရွေး လာရောက်လေ့လာကြဖို့ ဖိတ်ခေါ် ပါတယ်။
မမိုးပြည့်ပြည့်နိုင်
Grade-9၊ အထက(၅) ပျဉ်းမနား
သမီးကတော့ အခုကျင်းပနေတဲ့ လူငယ်နှင့် စာပေပွဲတော်မှာ ဖျော်ဖြေရေး ကဏ္ဍကနေ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ အခုလိုစာပေပွဲတော်တွေ ဖြစ်မြောက် အောင် ကျင်းပပေးတဲ့အတွက် တာဝန် ရှိသူတွေအားလုံးကို ကျေးဇူးတင်ပါ တယ်။ အခုလို ပွဲတော်ပြုလုပ်ပေးတဲ့ အတွက် လူငယ်တွေ စာပေဖတ်ရှုတာ ဝါသနာပါပြီး အသိပညာဗဟုသုတတွေ ကြွယ်ဝလာလိမ့်မယ်လို့ ထင်ပါတယ်။ သမီးတို့အနေနဲ့ ကြိုးစားပြီးကပြခွင့်ရရှိ တဲ့အတွက်နဲ့ အခုပွဲတော်မှာ ပါဝင်ခွင့် ရရှိတဲ့အတွက် ပျော်လည်းပျော်ပါတယ်။ ဂုဏ်လည်းဂုဏ်ယူပါတယ်။
မပန်းမြတ်သီတာအောင်
Grade-10၊ အထက(၅) ပျဉ်းမနား
သမီးက လူငယ်နဲ့ စာပေပွဲတော် ဖွင့်ပွဲ နေ့ကတည်းက လာရောက်ဖျော်ဖြေပေးရ တာပါ။ ဖွင့်ပွဲနေ့က မနက် ၆ နာရီလာပြီး ညနေ ၃ နာရီလောက်အထိ ဖျော်ဖြေပေးရ ပါတယ်။ သမီးကတော့ ရခိုင်တိုင်းရင်းသား ရိုးရာဝတ်စုံဝတ်ပြီး ဖျော်ဖြေရေးမှာ ပါဝင်ခွင့်ရရှိခဲ့တာပါ။ ရခိုင်နဲ့ ပတ်သက်ပြီး ရခိုင်ရဲ့ဝတ်စားဆင်ယင်မှုကို ချစ်မြတ်နိုး ပြီး ရခိုင်ရဲ့ ဆံထုံးနဲ့ ရခိုင်တွေပန်တဲ့ ပန်းလေးတွေကို သဘောကျလို့ ရခိုင် တိုင်းရင်းသားရိုးရာဝတ်စုံကို ရွေးချယ်ခဲ့ တာဖြစ်ပါတယ်။ ဒီလိုလူငယ်နဲ့ စာပေ ပွဲတော်ကျင်းပပေးတဲ့အတွက် လူငယ်တွေ အတွက်လည်း အများကြီးအကျိုးရှိပါ တယ်။ အခုခေတ်က ဖုန်းတွေပဲ အသုံး များတော့ အင်တာနက်ကနေ ဂိမ်းတွေပဲ ဆော့တယ်။ စာဘက်မှာ အားနည်းပြီး စာဖတ်တာနည်းလာတယ်။ ဒါကြောင့် ဒီလိုမျိုး စာပေပွဲတော်လုပ်ပေးတဲ့အတွက် တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ လက်တွေ့စမ်းသပ်ခန်းတွေမှာ စမ်းသပ် ခွင့်ရတဲ့အတွက် အများကြီး ဝမ်းသာမိ ပါတယ်။ လူငယ်နဲ့ စာပေပွဲတော်တွေကို နောက်နောင်တွေမှာလည်း ဆက်ပြီး လုပ်ပေးစေချင်ပါတယ်။ အခုဒီပွဲတော်မှာ ဖျော်ဖြေရတာကတော့ ဆုန်သင်းပါရ်သီဆို ထားတဲ့ ပြည်ထောင်စု ထာဝရရဲ့အလင်း တန်းသီချင်းနဲ့ ဖျော်ဖြေရတာဖြစ်ပါတယ်။
ဟိန်းဇင်နိုင်ဖြိုး