ချစ်ကြည်ရင်းနှီးမှုမှသည် ဖွံ့ဖြိုးတိုးတက်မှုသို့ဦးတည် …..

Type
1

 

  မောင်ငြိမ်းအေး
 

(၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th  Eastern Economic Forum 2022) တက်ရောက်ဖို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံကို သွားရောက်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ  ဗလာဒီမာပူတင်တို့ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့တဲ့ သတင်းတွေ၊ ပြန်လည်သုံးသပ်တင်ပြကြတာတွေကို မီဒီယာမျက်နှာစာအမျိုးမျိုးမှာ တွေ့ရပါတယ်။ အလားတူ နိုင်ငံတကာသတင်းတွေမှာလည်း အထူးတလည် တင်ပြကြတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါဟာ ရုရှား - မြန်မာ  နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက် ဖြစ်ထွန်းလာတာကို ထုတ်ဖော်ပြသခဲ့တဲ့ သမိုင်းမှတ်တမ်းတွေဖြစ်ပါတယ်။ နှစ်နိုင်ငံအတွက် ကောင်းကျိုးဖြစ်ထွန်းမှုတွေဖြစ်လို့ မင်္ဂလာရှိတဲ့သတင်းကောင်းတွေဖြစ်ပါတယ်။
 

 

ရလဒ်တွေပေါ်လာအောင်ကြိုးပမ်း


ယခုအခါမှာ   မြန်မာနိုင်ငံရဲ့   ဖြစ်ပေါ်တိုးတက်မှု တွေကို     စောင့်ကြည့်လေ့လာနေကြတဲ့သူတွေ ရှိသလို   တိုင်းပြည်အတွက်  သတင်းကောင်းတွေ ဖြစ်လို့ ပြည်သူတွေ ဝမ်းမြောက်ကြမှာဖြစ်ပါတယ်။ ဆန့်ကျင်ဘက်တွေ၊       အကောင်းမမြင်သူတွေ၊ ဘေးထိုင်ဘုပြောပြီး      ကန့်လန့်တိုက်နေသူတွေ ကတော့   ထုံးစံအတိုင်းပဲ   ပြောဆိုဝေဖန်နေကြမှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ကတော့ ရှုပ်ထွေး လှတဲ့ နိုင်ငံရေးထက်  စားဝတ်နေရေး  ပြေလည်ပြီး လူမှုဘဝတိုးတက်မှုတွေကို    မျှော်လင့်ကြမှာ သေချာပါတယ်။  မြန်မာနဲ့ရုရှားနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေကတော့ အပြောင်းအလဲကို အခွင့် အလမ်းအဖြစ်နဲ့   ပြင်ဆင်နေကြမှာဖြစ်ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေက     ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှုတွေ    ပိုမိုတိုးတက်လာဖို့နဲ့    စီးပွားရေး မျက်နှာစာမှာ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ၊ အခွင့် အလမ်းတွေ   ပေါ်လာအောင် အစွမ်းကုန်ကြိုးပမ်း နေကြပါတယ်။

 


နိုင်ငံတော်    စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်          ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ်  ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ ဗလာဒီမာပူတင်က   “လာမည့် ၂၀၂၃ ခုနှစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တို့၏ သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့်မြောက် မည်ဖြစ်ပြီး  ဂုဏ်ပြုအခမ်းအနားပြုလုပ်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ တွင် ယုံကြည်အားထားရသည့် ကာလရှည်မိတ်ဖက် နိုင်ငံဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံ၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်   အလွန်တိုးတက် ကောင်းမွန်လျက်ရှိကြောင်း၊       ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် အလား အလာကောင်းများစွာကို  တွေ့မြင်နေရကြောင်း”   ပြောကြားခဲ့ပါတယ်။  

 


နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က   “ယခုကဲ့သို့   တွေ့ဆုံ ဆွေးနွေးရသည့်အတွက်   ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်သမ္မတကြီး   ပြောကြားခဲ့သကဲ့သို့ပင် မိမိတို့နှစ်နိုင်ငံ၏   ဆက်ဆံရေးသည်    (၇၅)     နှစ် ပြည့်မြောက်တော့မည်ဖြစ်ပြီး    ထူးခြားသည့် သမိုင်းကြောင်းရှိသည့် ဆက်ဆံရေးဖြစ်ပါကြောင်း၊ ဖြတ်သန်းလာခဲ့သည့် ဆက်ဆံရေးသမိုင်းကြောင်း တစ်လျှောက်တွင် အနိမ့်အမြင့်မျိုးစုံရှိခဲ့ပြီး  လွန်ခဲ့ သည့် ဆယ်စုနှစ် နှစ်ခုမှစတင်ကာ နှစ်နိုင်ငံဆက်ဆံ ရေးသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသည်    သမိုင်းကြောင်း အစဉ်အလာကြီးမားသည့်    နိုင်ငံတစ်ခုဖြစ်ပါ ကြောင်း၊ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ခန့်တွင် ရုရှား နိုင်ငံအနေဖြင့် အကျပ်အတည်းများဖြင့် ရင်ဆိုင်ခဲ့ ရသည်ဖြစ်သော်လည်း   အဆွေတော်သမ္မတကြီး တာဝန်ယူသည့်  ဆယ်စုနှစ်ကာလအတွင်း   ရုရှား ဖက်ဒရေးရှင်းနိုင်ငံသည်   အလွန်တိုးတက်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိလာ သည်ကို  မျက်ဝါးထင်ထင်တွေ့မြင်ရပါကြောင်း၊ အဆွေတော်အနေဖြင့်  ကမ္ဘာ့အရေးကိစ္စမှန်သမျှကို သမာသမတ်ကျစွာဖြင့် ဆောင်ရွက်လျက်ရှိသည်ကို မိမိတို့အနေဖြင့် တွေ့မြင်ရပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါတယ်။

 


မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်


မြန်မာနိုင်ငံဟာ   ၁၉၄၈   ခုနှစ်   ဧပြီလ    ၁၉ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၄၈  ခုနှစ်  ဖေဖော်ဝါရီလ  ၁၈  ရက်နေ့မှာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံနဲ့    သံတမန်အဆက်အသွယ် ပြုလုပ်ခဲ့တာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ကို   မဝင်ရောက်မီကပင်    ရုရှား ဖက်ဒရေးရှင်းနိုင်ငံနဲ့    သံတမန်ဆက်ဆံရေးရှိ ခဲ့ပြီး   နှစ်နိုင်ငံဆက်ဆံရေးဟာ ယနေ့ထက်တိုင် ခိုင်မြဲလျက်ရှိပါတယ်။   မြန်မာနဲ့   ရုရှားနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ   မိတ်ဆွေကောင်း၊    မိတ်ဆွေစစ် ဆက်ဆံရေးဖြစ်တဲ့အတွက် ကာလရှည်ကြာခိုင်မြဲ နေတာဖြစ်ပါတယ်။ 

 


မိတ်ဆွေကောင်း၊     မိတ်ဆွေစစ်ဆိုတာဟာ တစ်ဦးကောင်းကျိုးကို  တစ်ဦးက သယ်ပိုးလိုစိတ်ရှိ နေခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ချိန်မှာ ရုရှားနိုင်ငံနဲ့သာမက အခြားနိုင်ငံကြီးတွေနဲ့ လည်း ဆက်ဆံရေးတွေရှိခဲ့ပါတယ်။ တစ်ဦးနဲ့တစ်ဦး ကြာရှည်ပေါင်းသင်းဆက်ဆံတဲ့အခါမှာ   ဘယ်သူ ဟာ မိတ်ဆွေစစ်၊ ဘယ်သူဟာ မိတ်ဆွေတုဆိုတာ ကို   သိလာရပါတယ်။  အကျိုးလိုလို့    ညောင်ရေ လောင်းတဲ့ မိတ်ဆွေကတော့ မိတ်ဆွေစစ်မဟုတ် တာ လူတိုင်းသိပါတယ်။

 


ရှေးအစဉ်အဆက်    နှစ်နိုင်ငံဆက်ဆံရေးကို ဖြောင့်တန်းစွာထူထောင်လာခဲ့တဲ့  ရုရှားနိုင်ငံဟာ ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲ သွားပြီးနောက် ဆက်ဆံရေးတုံ့ဆိုင်းသွားပေမယ့် လည်း     မကြာမီမှာ    နှစ်နိုင်ငံဆက်ဆံရေးကို  ပြန်လည်စတင်နိုင်ခဲ့ပါတယ်။       ဆိုဗီယက် ပြည်ထောင်စုပြိုကွဲလို့    ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖြစ်လာတဲ့အခါမှာ နိုင်ငံဟာ တဖြည်းဖြည်းတည်ငြိမ် ဖွံ့ဖြိုးတိုးတက်လာပြီး မြန်မာ-ရုရှားဆက်ဆံရေး ဟာ ယခင်ကထက် ပိုမိုနီးကပ်လာပါတယ်။ 

 


နိုင်ငံတော်အကြီးအကဲ       ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်    နိုင်ငံ့တာဝန်ယူနေတဲ့ကာလ ဆက်ဆံရေးတွေ    အရှိန်အဟုန်နဲ့    တိုးတက် ကောင်းမွန်လာပါတယ်။ မျက်မှောက်ကာလ နိုင်ငံ တကာဆက်ဆံရေးနယ်ပယ်မှာ  ဗိုလ်ကျစိုးမိုးမှုတွေ နဲ့ အုပ်စုဖွဲ့အကျိုးစီးပွားရှာဖွေမှုတွေကြောင့် ကမ္ဘာ့ အခြေအနေဟာ   တည်ငြိမ်မှုပျက်ပြားနေတာကို တွေ့ရမှာဖြစ်ပါတယ်။         ဒီလိုအခြေအနေမှာ နျူကလီးယားလက်နက်တွေ      ပိုင်ဆိုင်ထားပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံဟာ ကမ္ဘာ့ရေးရာကိစ္စတွေမှာ  တာဝန် သိသိ၊ သမာသမတ်ရှိရှိ ရပ်တည်ဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။       ဒီလိုနိုင်ငံကြီးတစ်နိုင်ငံနဲ့ မိတ်ဆွေညီအစ်ကို  ဆက်ဆံရေးထူထောင်နိုင်တာ ဟာ မြန်မာနိုင်ငံအတွက် မင်္ဂလာတစ်ပါးဖြစ်သလို အကျိုးလည်းများပါတယ်။

 


ရလဒ်ကောင်းတွေမျှော်လင့်နေ


ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့       မြန်မာနိုင်ငံ သံတမန်ဆက်ဆံရေး ခိုင်မြဲစွာတိုးတက်ဆက်ဆံ လာတာတွေ၊       နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးတက်ဖြစ်ထွန်းမှုတွေနဲ့ အနာဂတ်အလားအလာ ကောင်းတွေကို  ပြည်သူတွေကြားမှာ ကျယ်ကျယ် ပြန့်ပြန့်သိရှိဖို့လိုအပ်ပါတယ်။        ဘာဖြစ်လို့လဲ ဆိုတော့  မျက်မှောက်ကာလမှာ  ပြည်သူတွေဟာ ကိုဗစ်-၁၉   ရောဂါနောက်ဆက်တွဲနဲ့   နိုင်ငံရေး၊ စီးပွားရေးဂယက်ရိုက်ခတ်မှုတွေကြောင့် စိန်ခေါ်မှု တွေ၊ အခက်အခဲတွေ ရင်ဆိုင်နေရချိန်မှာ နိုင်ငံတော် အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ပေါ်ထွက် လာမယ့်  ရလဒ်ကောင်းတွေကို မျှော်လင့်နေကြလို့ ဖြစ်ပါတယ်။  

 


နိုင်ငံတော်    စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   နိုင်ငံ့တာဝန်ယူနေတဲ့ကာလမှာ        နိုင်ငံတကာ ဆက်ဆံရေးနဲ့  ဖြစ်ပေါ်တိုးတက်မှုတွေကို  ပြည်သူ တွေ      ကျယ်ကျယ်ပြန့်ပြန့်  သိရှိလာကြပါပြီ။ ရုရှား - မြန်မာ  ဆက်ဆံရေးဟာ ထူးခြားမှု  အရှိဆုံး ဖြစ်ပါတယ်။ ရုရှား-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက် ပြီး       ပြည်သူတွေကြားမှာ      ထူးခြားထင်ရှား အသိအမှတ်ပြုခဲ့ကြတဲ့ အကြောင်းအရာတွေထဲမှာ      မြန်မာနိုင်ငံရဲ့        အထွတ်အမြတ်တစ်ခုဖြစ်တဲ့ ရွှေစည်းခုံစေတီတော်ကြီးနဲ့  ပုံတူစေတီတစ်ဆူကို  ရုရှားနိုင်ငံ      မော်စကိုမြို့တော်     ကလုဂါပြည်နယ်    အက်နိုမီယာကမ္ဘာ့ယဉ်ကျေးမှုဒေသမှာ တည်ထား ကိုးကွယ်နိုင်ခြင်းဖြစ်ပါတယ်။   ဒါဟာ  နှစ်နိုင်ငံ ခေါင်းဆောင်တွေ   ရင်းနှီးချစ်ကြည်မှုနဲ့    ပူးပေါင်း ဆောင်ရွက်မှုမှ ပေါ်ထွက်လာတဲ့ ဘာသာယဉ်ကျေး မှုဆက်ဆံရေးတိုးတက်မှု ပြယုဂ်တစ်ခုဖြစ်ပါတယ်။

 


ဝမ်းမြောက်ဂုဏ်ယူအားပေး 


နောက်တစ်ခုကတော့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တော်မှာ  ကျင်းပတဲ့   International Army Games – 2022 ပြိုင်ပွဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲ ကို နိုင်ငံပေါင်း ၃၇ နိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ရုရှားနိုင်ငံအပါအဝင် နိုင်ငံ ၁၂ နိုင်ငံမှာ ပြိုင်ပွဲတွေနှစ်စဉ်ပြုလုပ်တယ်လို့    သိရပါတယ်။    မြန်မာ့ တပ်မတော်အနေနဲ့      တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့် သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲ၊ Emergency Area ပြိုင်ပွဲ၊ တတိယအကြိမ် မြောက် နိုင်ငံတကာဗိုလ်လောင်းများအားကစား ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ 

 


တင့်ကားစွမ်းရည်ပြိုင်ပွဲမှာ  မြန်မာ့တပ်မတော်မှ တင့်တပ်ဖွဲ့ဝင်တွေဟာ နိုင်ငံ ၁၁ နိုင်ငံ အသင်း ၁၁ သင်းပါဝင်ယှဉ်ပြိုင်တဲ့ တင့်ကားမောင်းနှင်ပစ်ခတ် ခြင်းပြိုင်ပွဲမှာ (အဆင့် ၁) ပထမနေရာ ဗိုလ်စွဲခဲ့တဲ့ မြင်ကွင်းကို       မြန်မာနိုင်ငံမှ      ပြည်သူတွေက နှစ်ထောင်းအားရဝမ်းမြောက်ဂုဏ်ယူစွာ တစ်ခဲနက် အားပေးခဲ့ကြတာကိုတွေ့ရပါတယ်။    အခြားပြိုင်ပွဲ တွေမှာလည်း    အဆင့်   ၄    နေရာကို   ရရှိခဲ့ကြလို့ ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါတယ်။

 


နောက်တစ်ခုကတော့ ပြည်သူတွေရဲ့မျှော်လင့် ချက်လည်းဖြစ်ပြီး    စိတ်ဝင်စားကြတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ဖွင့်ပွဲ    တက်ရောက်တဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံက သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့နဲ့    ရုရှား နိုင်ငံပိုင်     အဏုမြူကော်ပိုရေးရှင်းတို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမယ့်    လုပ်ငန်းစဉ် ဆိုင်ရာ    သဘောတူညီမှုစာချွန်လွှာလက်မှတ် ရေးထိုးခဲ့ခြင်းကိစ္စဖြစ်ပါတယ်။ 

 


အဲဒီ     နျူကလီးယားစွမ်းအင်အစီအစဉ်ဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့  လူမှုစီးပွားဘဝ   ဖွံ့ဖြိုး တိုးတက်ရေးမှာ       ငြိမ်းချမ်းစွာအသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုလမ်းစဉ်တွေ       ချမှတ် ဆောင်ရွက်မယ့်အစီအစဉ်ဖြစ်ပါတယ်။ နျူကလီးယား စွမ်းအင်ဟာ   တစ်နိုင်ငံလုံးကို  လျှပ်စစ်ဓာတ်အား အပြည့်အဝပေးနိုင်ပြီး   မြန်မာနိုင်ငံမှာ    အဆိုပါ စွမ်းအင်စီမံကိန်းတည်ဆောက်နိုင်ပါက   ပြည်သူ တွေရဲ့   လူမှုစီးပွားဘဝ    အဆင့်အတန်းမြင့်မား တိုးတက်လာမှာဖြစ်ပါတယ်။

 


နိုင်ငံနဲ့ပြည်သူမျှော်လင့်ချက်


နျူကလီးယားစွမ်းအင်စီမံကိန်းဟာ  လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းတွေအပါအဝင်   သိပ္ပံနဲ့ သုတေသနစမ်းသပ်တဲ့လုပ်ငန်းတွေ၊      ဆေးသိပ္ပံ ဆိုင်ရာ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွေ၊ စက်မှု ကဏ္ဍနဲ့  ကဏ္ဍပေါင်းစုံမှာ  အကျိုးရှိစွာအသုံးပြုနိုင် မယ့်   တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို    များစွာ အထောက်အကူပြုတဲ့စီမံကိန်းဖြစ်ပါတယ်။ ကမ္ဘာ ပေါ်က   တိုးတက်တဲ့နိုင်ငံတွေမှာ   နျူကလီးယား စွမ်းအင်ကို   အသုံးပြုကြပြီး  နိုင်ငံဖွံ့ဖြိုးတိုးတက် အောင်  လုပ်ဆောင်နိုင်ကြပါတယ်။ နျူကလီးယား စွမ်းအင်နဲ့  နိုင်ငံတော်နဲ့  ပြည်သူတွေရဲ့ဘဝတွေကို မြင့်မားတိုးတက်လာအောင် ဖန်တီးပေးနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံအချို့မှာ နျူကလီးယား စွမ်းအင်ကိုအသုံးပြုပြီး  နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြပါပြီ။   အခုလို    နျူကလီးယား စွမ်းအင်နည်းပညာပူးပေါင်းဆောင်ရွက်မှု နယ်ပယ် တွေမှာ အတွေ့အကြုံနဲ့ နည်းပညာတွေလေ့လာခွင့် ရပြီး ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ရလာမှာဖြစ်တဲ့အတွက်  နိုင်ငံအနာဂတ်နဲ့  ပြည်သူ တွေရဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။

 


ရုရှား  -  မြန်မာ    နှစ်နိုင်ငံဆက်ဆံရေးဟာ လွတ်လပ်ရေးရပြီးကတည်းက သံတမန်ဆက်ဆံရေး ကို ထူထောင်နိုင်ခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ ၁၉၉၀  ပြည့်လွန်နှစ် ကာလမှာ နှစ်နိုင်ငံဆက်ဆံရေးဟာ ခေတ္တတုံ့ဆိုင်းသွား ပေမယ့် မကြာမီ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့    ၂၀၁၁   ခုနှစ် နောက်ပိုင်းကာလတွေမှာတော့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာခဲ့ပါတယ်။ မျက်မှောက်ကာလမှာတော့        နှစ်နိုင်ငံဆက်ဆံရေးဟာ  အရှိန်အဟုန်နဲ့    သိသိ သာသာ မြင့်တက်လာတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်  ဇွန်လအတွင်းက  ရုရှားဖက်ဒရေးရှင်း နိုင်ငံကို သွားရောက်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့  ခရီးစဉ် မှာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ  တိုးမြှင့်ဆောင်ရွက်ဖို့     အစီအစဉ်တွေချခဲ့တာကို ဦးစွာသတိပြုမိပါတယ်။

 


စိတ်ဝင်စားတဲ့မြန်မာနိုင်ငံ 


မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ စိတ်ဝင်စားခြင်း ခံရတဲ့နိုင်ငံဖြစ်ပါတယ်။     ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံဟာ    အရှေ့တောင်အာရှနဲ့     အာရှ ဈေးကွက်ကြီးနှစ်ခုကို   ပေါင်းကူးတံတားသဖွယ် ဆက်သွယ်ပေးနေတဲ့ နိုင်ငံအဖြစ်နဲ့ ရှုမြင်ထားကြလို့ ဖြစ်ပါတယ်။ အဓိကဈေးကွက်နိုင်ငံကြီးနှစ်ခုဖြစ်တဲ့ လူဦးရေ    တစ်ဘီလီယံကျော်ရှိတဲ့    အိန္ဒိယနိုင်ငံနဲ့   တရုတ်နိုင်ငံတို့အပြင် လူဦးရေသန်း ၆၆၀ ကျော်ရှိတဲ့ အာဆီယံနိုင်ငံတွေနဲ့လည်း        နယ်နိမိတ်ချင်း တစ်ဆက်တစ်စပ်တည်းရှိနေပါတယ်။    လူလတ် တန်းစားတွေ အများစုရှိတဲ့ ဒီဒေသတွေဟာ အချိန်နဲ့ အမျှ  လိုက်ပါဖွံ့ဖြိုးတိုးတက်နေတဲ့အပြင်  ကမ္ဘာ့ လူဦးရေရဲ့  ၄၄  ဒသမ  ၇၅  ရာခိုင်နှုန်းရှိပါတယ်။ ဒီလိုမဟာဗျူဟာကျတဲ့ဒေသမှာ    မြန်မာနိုင်ငံဟာ အရေးပါတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်          ရုရှားနိုင်ငံ အပါအဝင်  ကမ္ဘာ့နိုင်ငံကြီးတွေက   သတိပြုမိကြပါတယ်။                

 


ရုရှားဖက်ဒရေးရှင်းနိုင်ငံဟာလည်း   ကမ္ဘာပေါ် မှာ   အကြီးမားအကျယ်ပြန့်ဆုံးနိုင်ငံတစ်ခုဖြစ်ပြီး ဥရောပနဲ့ အာရှတိုက်ကို ပေါင်းကူးဆက်စပ်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ရုရှားနိုင်ငံရဲ့ ပိုင်နက်နယ်မြေ အစိတ် အပိုင်းအများစုဟာ အာရှတိုက်ထဲမှာရှိနေပါတယ်။ မျက်မှောက်ကာလမှာ   ကမ္ဘာ့အချက်အချာဟာ အာရှတိုက်ကို ရွေ့လျားပြောင်းလဲနေပါတယ်။ ဒီလို ရွေ့လျားပြောင်းလဲလာတာနဲ့အမျှ  အာရှ-ပစိဖိတ် ဒေသအတွင်းမှာ အင်အားပြိုင်ဆိုင်မှုတွေ ပြင်းထန် လာပါတယ်။   မြန်မာနိုင်ငံဟာ   ပြည်တွင်းရေးမှာ စွက်ဖက်မခံဘဲ ဘက်မလိုက်တဲ့နိုင်ငံအဖြစ်ရပ်တည် နေလို့ အဘက်ဘက်မှာ စိန်ခေါ်မှုတွေရှိနေပါတယ်။ ဒါ့အပြင် ပထဝီနိုင်ငံရေးအရ အရေးပါတဲ့နေရာမှာ တည်ရှိနေတဲ့အတွက် ဘက်ပေါင်းစုံကနေ ဖိအားပေး  ထိုးနှက်တိုက်ခိုက်မှုတွေရှိလာပါတယ်။ ဒါကိုရင်ဆိုင် ဖို့အတွက် အင်အားကြီးမိတ်ဆွေနိုင်ငံတွေရဲ့အကူ အညီတွေဟာ အလွန်အရေးကြီးပါတယ်။ ဖိအားပေး မှုတွေကို ကြံ့ကြံ့ခံနိုင်ပြီး   မိတ်ဆွေညီအစ်ကိုတွေရဲ့ အကူအညီနဲ့     နိုင်ငံကို    ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။

 


ဖွံ့ဖြိုးတိုးတက်မှုသို့ဦးတည်

 

မြန်မာနဲ့ရုရှား   မိတ်ဆွေညီအစ်ကို    နှစ်နိုင်ငံ ဆက်ဆံရေးမှတစ်ဆင့် ပေါ်ထွက်လာမယ့် နယ်ပယ် တွေဟာ ကျယ်ဝန်းလှပါတယ်။ ယခုတင်ပြမှုတွေဟာ ပြည်သူတွေနဲ့  သက်ဆိုင်တဲ့  နမူနာသဘောမျှသာ ဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ နိုင်ငံနဲ့လူမျိုး အတွက်   ကြိုးပမ်းအားထုတ်မှုတွေဟာ   ရေးဖွဲ့လို့ မကုန်နိုင်အောင် များပြားလှပါတယ်။ ပေါ်ထွက်လာ တဲ့  အလားအလာကောင်းတွေကို လေ့လာသုံးသပ် ကြတဲ့သူတွေက    ကျယ်ကျယ်ပြန့်ပြန့်    နှံ့နှံ့စပ်စပ် တင်ပြခဲ့ကြပြီးဖြစ်လို့  ပြည်သူတွေလည်း   ထဲထဲ ဝင်ဝင်  သိရှိသဘောပေါက်လာကြပြီလို့  ထင်မြင် ယူဆမိပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေ အပြန် အလှန်     သွားရောက်တွေ့ဆုံဆွေးနွေးမှုတွေဟာ ချစ်ကြည်ရင်းနှီးမှုကို  အခြေခံပါတယ်။  ချစ်ကြည် ရင်းနှီးမှုတွေဟာ ဖွံ့ဖြိုးတိုးတက်မှုတွေကို  ဦးတည် လာမှာသေချာပါတယ်။ 

 


မကြာမီကာလမှာ   ရုရှား-မြန်မာ   နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက်ကို ရောက်ရှိ လာတော့မှာဖြစ်ပါတယ်။ (၇၅) နှစ်မြောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စိန်ရတုကို ထူးထူးခြားခြား ကျင်းပနိုင်မှာဖြစ်သလို စိန်ရတုကာလမှာ မြန်မာ နိုင်ငံအနေနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့  ကဏ္ဍ ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေမှာ အရှိန်အဟုန် တိုးမြှင့်ပြီး လက်တွဲပူးပေါင်းဆောင်ရွက်သွား နိုင်မှာ ဖြစ်လို့  နိုင်ငံတော်ရဲ့အနာဂတ်နဲ့  ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ   အမှန်တကယ်ဖြစ်ပေါ်လာမှာ သေချာနေပါတယ်။        ။