
ကော့သောင်း မတ် ၃
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ် ကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာ နိုင်ငံသား ကလေးငယ် နှစ်ဦးအပါအဝင် အမျိုးသား ၉၅ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း အလုပ်သမား ၁၃၁ ဦးအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မတ် ၁ ရက်က ထိုင်းနိုင်ငံရနောင်းမြို့မှတစ်ဆင့် မြန်မာ နိုင်ငံကော့သောင်းမြို့ တာဝန်ရှိ အဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက် လွှဲပြောင်းပေးအပ်သည်။
အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလတစ်လျှောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်း ပိတ်မိ နေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ယခုကာလအတွင်း ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇ ပြောင်း အိုမီခရွန်ရောဂါပိုးတွေ့ရှိမှုဖြစ်ပေါ်နေ သဖြင့် ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမား များကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာန ဆိုင်ရာများ၊NGO အဖွဲ့အစည်းများက ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်း ရှိ မရှိ၊ မြန်မာနိုင်ငံသားမဟုတ်သူများ ပါဝင်လာခြင်း ရှိ မရှိ ၊ မူးယစ်ဆေးဝါးသယ်ဆောင်လာခြင်း ရှိ မရှိ သတိပြုစစ်ဆေး လက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးခဲ့ကြသည်။
ပြန်လည်ဝင်ရောက်လာသူများမှ ထားဝယ်ခရိုင် နှင့် မြိတ်ခရိုင်များတွင် နေထိုင်သူများကို မော်တော် ယာဉ်များဖြင့် မိမိနေရပ်များသို့ ချက်ချင်းပို့ဆောင် ပေးကာ မိမိတို့၏ နေရပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး အသွားအလာကန့်သတ် စောင့်ကြည့်မှု ခံယူကြရမည်ဖြစ်သည်။
ကော့သောင်းခရိုင်အတွင်း နေထိုင်သူများနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နေထိုင် သူများကို ကော့သောင်းမြို့ရှိ အသွားအလာကန့်သတ် စောင့်ကြည့်နေရာ နှစ်ခုတွင် အမျိုးသား အမျိုးသမီး သီးခြားစီခွဲခြားထားရှိပြီး ၁၀ ရက် အသွားအလာ ကန့်သတ်ထားရှိ စောင့်ကြည့်ကာ ကိုဗစ်- ၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိခြင်း မရှိမှသာ မိမိတို့နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး
(ကော့သောင်း)