
ကော့သောင်း မေ ၇
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ် သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ် ကျခံရပြီး ပြန်လည်လွတ်မြောက် လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၀၄ ဦး၊ အမျိုးသမီး ၃၀ အား ထိုင်းနိုင်ငံရနောင်းမြို့မှ တာဝန်ရှိသူများက မြန်မာနိုင်ငံ ကော့သောင်းမြို့ တာဝန်ရှိအဖွဲ့ အစည်းများထံသို့ မေ ၆ ရက်က ရေလမ်းခရီးမှ လာရောက်လွှဲပြောင်း ပေးအပ်သည်။
အဆိုပါ မြန်မာအလုပ်သမား များမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသည့် ကာလတစ်လျှောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံ အတွင်း ပိတ်မိနေသူများနှင့် အရေးယူ ခံနေခဲ့ရသူများဖြစ်ကာ ယခုကာလအတွင်း ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါပိုးတွေ့ရှိမှု ဖြစ်ပေါ်နေသဖြင့် ပြန်လည် ဝင်ရောက်လာသည့် အလုပ်သမားများအား ကော့သောင်း ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေး ဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါကူးစက်မှု သံသယရှိသူများ ပါဝင်လာခြင်းရှိ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိမရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာ ခြင်းရှိမရှိ သတိပြုစစ်ဆေး လက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးကြသည်။ ပြန်လည်ဝင်ရောက် လာသူများကို ကော့သောင်းမြို့ရှိ Quarantine Center သုံးခုတွင် အမျိုးသား အမျိုးသမီး သီးခြားစီ ခွဲခြားထားရှိ၍ ၁၀ ရက် အသွား အလာ ကန့်သတ်ထားရှိ စောင့် ကြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခြင်း မရှိမှသာ နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရ သည်။
ကျော်စိုး
(ကော့သောင်း)