
ဝါဝါလွင်
ဖြူလူသစ်(ပြန်/ဆက်)
ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်ပြီး တိုင်းပြည်ဝင်ငွေ အများစုကို ဖော်ဆောင်ပေးခြင်းအပြင် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းအသစ်များကိုလည်း ဖန်တီးပေးလျက်ရှိသည်။ ထို့ကြောင့် MSME ကဏ္ဍကို မြှင့်တင်ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားရေးအတွက် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် သယံဇာတ ကုန်ကြမ်းများကို အခြေခံကာ အရည်အသွေးကောင်းမွန်သည့် ကုန်ချော အမယ်အမျိုးမျိုး ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရန်နှင့် ပြည်ပသွင်းကုန်များကို အစားထိုးနိုင်ရန် နယ်ပယ်ပေါင်းစုံမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ကော်ဖီစိုက်ဧက ၁၀၀၀၀ ခန့်ရှိ
ပြင်ဦးလွင်မြို့သည် တောင်ပေါ်ဒေသဖြစ်သည်နှင့်အညီ ကော်ဖီ စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခု ဖြစ်သည်။ ပြင်ဦးလွင်ဒေသတွင် ကော်ဖီ စိုက်ဧက ၁၀၀၀၀ ခန့်ရှိပြီး ပြင်ဦးလွင်ကော်ဖီသည် ပြည်တွင်း ပြည်ပ ကော်ဖီဈေးကွက်အတွင်း နာမည်ရရှိနေပြီဖြစ်ပြီး ပြင်ဦးလွင်မြို့မှ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ် သည့် ဦးစိုးသိန်း၏ Maymyo Purcell (မေမြို့ပါဆယ်) ကော်ဖီသည် လည်း တစ်ခုအပါအဝင်ဖြစ်သည်။
လက်ရှိတွင် Maymyo Purcell (မေမြို့ပါဆယ်) အမည်ဖြင့် ပြင်ဦးလွင်ဒေသထွက် နှပ်ကော်ဖီ ၊ Pure ကော်ဖီနှင့် ကော်ဖီစေ့များကို ထုတ်လုပ်ရောင်းချလျက်ရှိသည်။ ယခုအမည်ဖြင့် မထုတ်လုပ်ခင် ၂၀၁၆၊ ၂၀၁၇ ခုနှစ်ကတည်းကပင် ကောင်းထက် ဆေးဖက်ဝင် စားသောက်ကုန်လုပ်ငန်းအမည်ဖြင့် Pure ကော်ဖီကို စထုတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၂၄ ရက်ကစပြီး Maymyo Purcell (မေမြို့ပါဆယ်) အမည်ဖြင့် ပြောင်းလဲမှတ်ပုံတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
Maymyo Purcell (မေမြို့ပါဆယ်) ကော်ဖီကုန်ကြမ်းကို ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်များရှိ ကော်ဖီခြံများမှ ကော်ဖီအသီးမှည့် များကို ဝယ်ယူပြီး ထုတ်လုပ်ရောင်းချလျက်ရှိသည်။ ကုန်ချောအနေဖြင့် မေမြို့ပါဆယ်ကော်ဖီခါးဆိမ့်နှင့် ပုံမှန်ရယ် နှစ်မျိုးထုတ်လုပ်လျက်ရှိပြီး ကော်ဖီမှုန့်၊ ခရင်မ်မာ၊ သကြား စသည်တို့ကို သတ်မှတ်အချိုးအစား အတိုင်းမျှတအောင် ရောစပ်ထုပ်ပိုးပြီး ဈေးကွက်ကို ဂျက်ဖာတစ်ဖာ လျှင် ပါကင်ထုပ်ကြီး အထုပ် ၆၀ ထည့်သွင်းဖြန့်ချိလျက်ရှိသည်။
မေမြို့ပါဆယ်ကော်ဖီကို ပြည်တွင်းတွင် ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ မြစ်ကြီးနား၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော်၊ မြဝတီနှင့် တာချီလိတ်မြို့များအထိ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
တွေ့ကြုံရသည့် အဓိကအခက်အခဲ
မေမြို့ပါဆယ် ကော်ဖီ ထုတ်လုပ်မှုတွင် တွေ့ကြုံရသည့် အဓိက အခက်အခဲမှာ ထုပ်ပိုးမှုစနစ်ပင်ဖြစ်သည်။ “ထုပ်ပိုးစနစ်က ကောင်းဖို့ ဆိုရင် ကုန်ကျစရိတ်က တော်တော်များပါတယ်။ ထုပ်ပိုးမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်ပိုင်ရှိရင် ပိုကောင်းပါတယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းကို ထုပ်ပိုးမှုစနစ်ကောင်းကောင်းနဲ့ ထုတ်ချင် လို့ ပုဂ္ဂလိကပိုင်မှာသွားအပ်ရင် တစ်ရောင်ကို မိုခနှုန်းထားတင် ဒေါ်လာ ၂၀၀ လောက်ရှိပါတယ်။ ခုနစ်ရောင်ဆိုရင် ဒေါ်လာ ၁၄၀၀ ဆို ကျွန်တော်မနိုင်တော့လို့ တရုတ်ဘက်ကို လှမ်းမှာရတယ်။ တရုတ်ဘက် က အရောင်တစ်ရောင်ကို မြန်မာကျပ်ငွေ တစ်သိန်းငါးသောင်းနှုန်းနဲ့ လုပ်ပေးတယ်။ အရောင်ခုနစ်ခုဆိုရင် မြန်မာငွေ ဆယ်သိန်းကျော်ကျော် လောက်ကျတယ်။ တစ်ခါမှာရင် အရေအတွက် အများကြီးမှာရပါတယ်။ တကယ်တမ်းတော့ ကိုယ့်ပြည်တွင်းမှာပဲ လုပ်ချင်ပါတယ်။ အဲဒီ အတွက် ကျွန်တော်ဖြစ်စေချင်တာက နိုင်ငံတော်အနေနဲ့ ပါကင် ထုပ်ပိုးတဲ့စနစ်ကို နိုင်ငံခြားကလို ဈေးသက်သက် သာသာနဲ့ လုပ်ပေး နိုင်မယ်ဆိုရင် ပြည်ပထွက်မယ့်ငွေက ပြည်တွင်းမှာ စီးဆင်းနေမှာပဲ ဖြစ်ပါတယ်” ဟု လုပ်ငန်းရှင် ဦးစိုးသိန်းကပြောသည်။
သိန်း ၂၀၀၀၀ နီးပါးရှိရန် လိုအပ်
တစ်ပိုင်တစ်နိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းအနေဖြင့် ကော်ဖီလုပ်ငန်းလည်ပတ်မည်ဆိုပါက ကော်ဖီတစ်တန်လျှင် ကျပ်သိန်း ၁၆၀ အနည်းဆုံးရှိကြောင်း၊ တစ်လ ကော်ဖီတစ်တန်နှုန်းဖြင့် တွက်မည် ဆိုပါက တစ်နှစ်အတွက် ကော်ဖီ ၁၂ တန်နှင့် လုပ်ငန်းလည်ပတ်ရန် သိန်း ၂၀၀၀၀ နီးပါးရှိရန် လိုအပ်ကြောင်း သိရသည်။
“တခြား သကြားနဲ့ ခရင်မ်မာတို့က ကြိုက်တဲ့အချိန် ဝယ်လို့ရပေ မယ့် ကော်ဖီကတော့ ပေါ်ချိန်မှာ ကြိုတင်ဝယ်ယူ ထားရပါတယ်။ နောက်မှဝယ်ရင် ဈေးပိုတဲ့အတွက် ကော်ဖီကုန်ကြမ်းတွေ ဝယ်ယူနိုင် ဖို့ ချေးငွေတွေလည်း နိုင်ငံတော်က များများချပေးသင့်ပါတယ်။ ဒါမှ စားသုံးသူလက်ထဲကို ဈေးသက်သက်သာသာနဲ့ ပြန်လည်ရောင်းချ ပေးနိုင်မှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ နိုင်ငံတော်ရဲ့ ချေးငွေသိန်း ၃၀၀ ရခဲ့ပါတယ်။ ဒီငွေဟာ ကျွန်တော့်လုပ်ငန်းအတွက် ကော်ဖီတံဆိပ်ဖိုး၊ အိတ်ဖိုးနဲ့ ခရင်မ်မီ၊ သကြား ဘက်ပိုရောက်ပြီး ကော်ဖီကုန်ကြမ်း နည်းနည်းပဲ ဝယ်ယူနိုင်ခဲ့ပါတယ်။ နောက်တစ်ခုက အသေးစားစက်မှုလက်မှုလုပ်ငန်းများအတွက် ချေးငွေကာလက တစ်နှစ်ပဲဖြစ်တဲ့အတွက် ချေးငွေကာလကို နှစ်နှစ် သို့မဟုတ် သုံးနှစ် ထားပေးစေချင်ပါတယ်။ ဒါမှလုပ်ငန်းလည်ပတ်မှု အရှိန်ရလာစေမှာဖြစ် လို့ ဒီအချက်လေးတွေကို အကြံပြုတင်ပြလိုပါတယ်”ဟု ၎င်းအမြင်ကို ပြောပြသည်။
စနစ်တကျမှတ်ပုံတင်ခြင်းအကျိုးကျေးဇူး
၂၀၂၂ ခုနှစ်အရောက်တွင် Maymyo Purcell (မေမြို့ပါဆယ်) အသေးစား စက်မှုလက်မှုလုပ်ငန်းကို မှတ်ပုံတင်ခဲ့သည်။ ထိုသို့ မှတ်ပုံတင်ဆောင်ရွက်ခြင်းဖြင့် ကုန်ပစ္စည်းများ၏ အရည်အသွေးများကို ဓာတ်ခွဲစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည့်အတွက် အများ ပြည်သူယုံကြည် စိတ်ချစွာ ဝယ်ယူအားပေးလာနိုင်ကြောင်း၊ ထို့ပြင် လုပ်ငန်း အမျိုးအစားအလိုက် ပြည်တွင်း ပြည်ပ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို ဌာနအစီအစဉ်ဖြင့် တက်ရောက်နိုင်သည့် အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကိုလည်း ချေးယူခွင့်ရသည့် အတွက် မှတ်ပုံတင်ဆောင်ရွက်ခြင်းက အသေးစားစက်မှုလက်မှု လုပ်ငန်းများအတွက် များစွာအကျိုးရှိစေသည်ဟု ၎င်းကပြောသည်။
ထို့ကြောင့် မှတ်ပုံမတင်ရသေးသည့် အသေးစားလုပ်ငန်းများ အနေဖြင့် မိမိတို့လုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတွင် စနစ်တကျ မှတ်ပုံတင်ဆောင်ရွက်ကြရန် အသေးစား စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူ အားလုံးကို တိုက်တွန်း လိုကြောင်းလုပ်ငန်းရှင် ဦးစိုးသိန်းက ပြောကြားသည်။
နိုင်ငံတော်အနေဖြင့် ကော်ဖီစိုက်တောင်သူများကို အကူအညီများ ပေးနေသကဲ့သို့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကိုလည်း အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးလျက်ရှိသည်။ ထို့အပြင် အခြား စိုက်ပျိုးရေးဆိုင်ရာများတွင်လည်း မြေဩဇာများလည်း သက်သာစွာ ရောင်းချပေးလျက်ရှိသည်။ စိုက်ပျိုးရေးဌာနကလည်း ကော်ဖီနည်းပညာများကို ကွင်းဆင်းအသိပညာပေးလျက်ရှိသဖြင့် ကော်ဖီတောင်သူများအတွက် အကျိုးများစေသည့် အပြင် သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်စေသည်။ ကော်ဖီ ဈေးကွက်ကောင်းမွန်သည့်အပြင် နိုင်ငံတော်ကလည်းကူညီပံ့ပိုးနေသည့်အချိန်တွင် ကော်ဖီစိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး ပြည်တွင်း ထွက် ကော်ဖီသီးများဖြင့် ထုတ်လုပ်သည့် ကော်ဖီထုတ်ကုန်များကို လည်း အားပေးဆောင်ရွက်ကြစေလိုကြောင်း လုပ်ငန်းရှင်က တိုက်တွန်းပြောကြားသည်။ ။