
နေပြည်တော် အောက်တိုဘာ ၂၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ မြန်မာ့မီးရထားအနေဖြင့် အများ ပြည်သူရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက် များဖြစ်သည့် သီတင်းကျွတ်ပွဲတော် ကာလအတွင်း ရထားစီး ခရီးသွားပြည်သူ များ အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် ပုံမှန်ပြေးဆွဲလျက်ရှိသည့် ရထား များအပြင် ရန်ကုန် - နေပြည်တော်၊ ရန်ကုန် - မန္တလေး၊ ရန်ကုန်-ပြည်နှင့် ရန်ကုန်-ပုဂံ အထူးရထားများကို ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
မြန်မာ့မီးရထားအနေဖြင့် နေ့စဉ် လူစီးရထားများ၊ ကုန်ရထားများကို ပုံမှန် ပြေးဆွဲလျက်ရှိရာတွင် အောက်တိုဘာ ၂၄ ရက် ည ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာ အကြား မိုင်တိုင်အမှတ်၊ ၁၀၄/၀-၁ ကြား တံတားအမှတ်၊ (၁၄၆) နှင့် (၁၄၇) အနီး၌ ရထားလမ်းများအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီး မှုကို ထပ်မံကျူးလွန်ခဲ့သဖြင့် ရထား ပြေးဆွဲနေသော အဆန်ရထားလမ်းနှင့် ပြန်လည်အဆင့်မြှင့် တည်ဆောက်နေ သော အစုန်ရထားလမ်းတို့တွင် တပ်ဆင် ထားသည့် သံလမ်းသစ်များ တစ်ပေခွဲစီ ခန့် ပြတ်တောက်၍ လေးပေစီခန့် ကွေးကောက်ပျက်စီးခြင်းနှင့် ကွန်ကရစ် ဇလီဖားတုံးများ ပျက်စီးခဲ့သည်။
ခေတ္တရပ်နားထား
အဆိုပါ ပျက်စီးမှုကြောင့် အောက်တိုဘာ ၂၄ ရက် ညနေပိုင်းတွင် မန္တလေးမှ ရန်ကုန်သို့ ပုံမှန်ထွက်ခွာလာ သော အမှတ်(၆)အစုန်အမြန်ရထားသည် ယနေ့ နံနက် ၃ နာရီခန့်တွင် ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ် ကုန်းဘူတာတွင်လည်းကောင်း၊ အမှတ်(၄) အစုန် ရထားသည် နံနက် ၄ နာရီ မိနစ် ၂၀ ခန့်တွင် ကညွတ်ကွင်းဘူတာတွင် လည်းကောင်း ခေတ္တရပ်နားထားခဲ့ရ သည်။ ထို့အတူ ရွာသာကြီး-မြစ်ငယ်-ရွာသာကြီး ခရီးစဉ်ပြေးဆွဲလျက်ရှိသည့် ကုန်သေတ္တာရထား နှစ်စင်းတို့သည်လည်း ပြွန်တန်ဆာဘူတာနှင့် အိမ်ခြေလေးဆယ် ဘူတာတို့၌ ခေတ္တရပ်နားထားခဲ့ရသည်။
ပုံမှန်ပြန်လည်ပြေးဆွဲ
ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ သွားရောက်စစ်ဆေးခြင်း၊ မြန်မာ့မီးရထား ဝန်ထမ်းများကလည်း ပျက်စီးသွားသော ရထားလမ်းအား ပြန်လည်မွမ်းမံပြုပြင် ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ နံနက်၈ နာရီ ခွဲခန့်တွင် ပြီးစီးခဲ့သဖြင့် ခေတ္တရပ်နားထား ရသော ရထားများ ပုံမှန်ပြန်လည်ပြေးဆွဲ လျက်ရှိသည်။
ဤသို့ ရထားလမ်း ဖျက်ဆီးခံရသဖြင့် မိုင်းရှင်းလင်းခြင်း၊ ပြန်လည်မွမ်းမံပြင်ဆင် ရခြင်းတို့ကြောင့် လူစီးအမြန်ရထား နှစ်စင်းတို့မှ ခရီးသည် ၁၂၂၀ ခန့်နှင့် ကုန်ရထားခရီးစဉ်များ လမ်းခရီး၌ ကြန့်ကြာမှုနှင့် အခက်အခဲများကို ကြုံတွေ့ခဲ့ကြရသည်။
PDF အမည်ခံ အကြမ်းဖက်သမား များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့ မီးရထား လမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေ အတွင်း ဗုံးထောင် /မိုင်းခွဲ တွေ့ရှိခြင်း (၁၂၈) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၅) ကြိမ်၊ ဘူတာ အဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များ အား မီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။
ကန့်ကွက်ရှုတ်ချ
နိုင်ငံတော်အစိုးရအနေဖြင့် အများ ပြည်သူခရီးသွားလာမှုနှင့် ကုန်စည် ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန် စေရေးအတွက် ရထားလမ်းအခြေခံ အဆောက်အဦများ ပိုမိုကောင်းမွန်လာ စေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်း များကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင် ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက် သမားများက နိုင်ငံတော်ပိုင်ရထားစက် ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည် များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများအသက်အန္တရာယ်ထိခိုက်ပြီး ရထားဖြင့် ခရီးသွားလာမှုမပြုရဲအောင် ခြိမ်းခြောက် ခြင်းတို့အပြင် ရန်ကုန်-မန္တလေး ရထား လမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်း များ အချိန်ပိုမိုကြန့်ကြာစေရေး ရည်ရွယ် ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြ သောကြောင့် အဆိုပါ အကြမ်းဖက်သမား များအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချ လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်