
နေပြည်တော် မေ ၉
ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် မဟာမုနိဘုရားကြီးအနီး မဟာမုနိ ယာယီတိုက်ပွဲရှောင် စခန်းရှိ သာစည်ကျေးရွာမှ ခေတ္တ လာရောက်နေထိုင်သည့် မရွှေစော (ဘ) ဦးစောထွန်းသာ၏ ဓနိမိုး၊ ဝါးထရံကာ၊ ဝါးခင်း နေအိမ်၌ ယနေ့နံနက် ၁ နာရီခွဲခန့်တွင် ထမင်း/ဟင်းချက်ပြုတ်ထားသော မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ကျောက်တော်မြို့နယ် မီးသတ် ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ယာယီတိုက်ပွဲရှောင်စခန်း မှ ပြည်သူများပူးပေါင်း၍ မီးသတ် ယာဉ်များဖြင့် ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့သဖြင့် နံနက် ၆ နာရီခန့် တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ယာယီတိုက်ပွဲရှောင်နေအိမ် ၂၆၂ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာ နေရာသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ နှင့် ဌာနဆိုင်ရာဝန်ထမ်းများက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင် ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီး ဌာနတို့မှ မီးဘေးသင့်တိုက်ပွဲ ရှောင် ပြည်သူများအတွက် ထောက်ပံ့သည့် ဆန်အိတ် ၇၈ အိတ်၊ ဆီ ၂၆၂ ပိဿာနှင့် စားသောက်ဖွယ်ရာများ၊ လူသုံး ကုန်ပစ္စည်း ၁၃ မျိုးပါရှိသည့် Family Kit ၂၆၂ ပုံးကို တာဝန် ရှိသူများက သက်ဆိုင်ရာ မီးဘေး သင့် အိမ်ထောင်စုဝင်များထံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်