ကျောက်ဆည်မြို့နယ် သပြေဝန်းကျေးရွာ၌ စိုက်ဧက ၄၀၀ သိပ္ပံနည်းကျစိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

 

ကျောက်ဆည်   နိုဝင်ဘာ   ၁


မန္တလေး       တိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ရဲဘော်ကြီး ကျေးရွာအုပ်စု  သပြေဝန်းကျေးရွာ  ကွင်းအမှတ်   (၂၈၇)  တွင်   သိပ္ပံ နည်းကျ စိုက်ပျိုးထားသော  ဝါမျိုး ဝါစိုက်ခင်းများ           အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း     သိရှိ ရသည်။


ဝါသီးနှံများ    စိုက်ပျိုးရာတွင် အပင်ပေါက်နှုန်းကောင်းမွန်သည့် ချည်မျှင်ရှည်ဝါမျိုးများ  ရွေးချယ် ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏  နည်းပညာ အကူအညီများ ရယူ ကာ အပင်မကျပ်စေရန်နှင့် မျိုးစေ့ ကုန်ကျမှုသက်သာစေရန်အတွက်
စိုက်ကျင်း  တစ်ကျင်းလျှင် ဝါမျိုးစေ့  သုံးစေ့ ထက်မပိုဘဲ   တစ်ဧက  သတ်မှတ်အပင်ဦးရေ   ပြည့်မီစေရန်   စိုက်တန်း/  စိုက်ကျင်းများကို သုံးပေအကွာ၊  သုံးပေအကျယ်  နှစ်ပင်ချန်၍ ရွက်စစ် (၃-၄) ရွက်  ထွက်ချိန်၊  စိုက်ပျိုးပြီး ၁၈ ရက်မှ ၂၁ ရက်တွင် သားခွဲစိုက်ပျိုးကြောင်း၊ သွင်းအားစုအနေဖြင့်  တစ်ဧကတွင်  နွားချေး လှည်း ၁၀ စီးနှင့် ကွန်ပေါင်းမြေဩဇာတစ်အိတ် ကို   မြေခံထားပြီး  ကွန်ပေါင်းအိတ်တစ်ဝက်နှင့် ယူရီးယားအိတ် တစ်ဝက်ကို  အပိန့်ဝင်ချိန်တွင်      အပင်အခြေမှ ခြောက်လက်မအကွာ၊ ပန်းပွင့် ချိန် အပင်အခြေမှ ရှစ်လက်မအကွာ ထည့်သွင်း ပေးရကြောင်း၊  အပင်သက်တမ်းတစ်‌လျှောက် တွင် ပေါင်းမြက်များ ရှင်းလင်းပေးရပြီး စိုက်တန်း ကြားများတွင် ကြားထွန်တိုက်ခြင်းများ ပြုလုပ် ပေးရကြောင်း၊    အပိန့်စတင်ကာနီ    အချိန်၊   ပန်းစ   ပွင့်ချိန်၊   ပန်းပွင့်ဖြိုင်ချိန်နှင့်     ဝါသီး ကြီးထွားချိန်တို့တွင် အစိုဓာတ် လုံလောက်စွာ ရရှိရေး ရေသွင်းပြီးတိုင်း ကြားထွန်တိုက်ကာမြေဆွပေးရကြောင်း၊ သက်တမ်း   ရက်  ၅၀  အထိ  စုပ်ပိုးကာကွယ်ဆေး  နှစ်ကြိမ်၊   ရက်  ၆၀  နောက်ပိုင်းတွင်  ဝါဂွမ်းပိုးနီနှင့်  ရွက်လိပ်၊ ရွက်စားပိုး အတွက် ဆေးနှစ်ကြိမ်ဖျန်းပေးရပြီး  လိုအပ်ပါက  အခြားပိုးများအတွက် ဆေးများ ဖျန်းပေးရကြောင်း သိရသည်။


ကုန်ကျမှုစရိတ်အနေဖြင့်    ဝါတစ်ဧက စိုက်ပျိုးမည်ဆိုပါက မြေပြင်စရိတ်နှင့်   စိုက် စရိတ်  ကျပ် ၁၈၅၀၀၀၊  မျိုးစေ့ဖိုးနှင့်   ပိုးသတ် ဆေး   ကျပ်   ၁၆၅၀၀၀၊  ဝါကောက်ခ  ကျပ်  ၂၅၀၀၀၀၊ စုစုပေါင်း ကျပ် ၆၀၀၀၀၀ ကုန်ကျပြီး ဝါတစ်ဧက ထွက်နှုန်းမှာ ဝါပိဿာချိန် ၅၀၀ ထွက်ရှိကြောင်း၊ ရောင်းဈေးအနေဖြင့် ဝါမျိုးစေ့   တစ်ပိဿာ  ကျပ်  ၁၈၀၀၊  ဝါဂွမ်း   တစ်ပိဿာ  ကျပ်  ၈၅၀၀/၁၀၀၀၀  ရောင်းချရကြောင်းနှင့်   သပြေဝန်းကျေးရွာ၌   ဝါစိုက် ဧက ၄၀၀ ခန့် စိုက်ပျိုးထားရှိကြောင်း  ဝါစိုက်တောင်သူများ ထံမှ သိရှိရသည်။


သက်မောင်(ကျောက်ဆည်)