
ချောက်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆောင်ရွက်နေမှုနှင့် ပတ်သက်၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ် ဒေါက်တာ မျိုးသက်ဦးအား တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ကိုဗစ် - ၁၉ ပိုးတွေ့လူနာ ဘယ်နှယောက်
ရှိနေပါပြီလဲ။
ဖြေ။ ကျွန်တော်တို့ ချောက်မြို့နယ်မှာ ၁၁-၇-
၂၀၂၁ ရက်နေ့ကနေ ၂၇-၇-၂၀၂၁ ရက်နေ့ အထိ စစ်ဆေးတဲ့အခါ ပိုးတွေ့လူနာပေါင်း ၁၇၄ ဦး တွေ့ရှိပါတယ်။ G.T.I Positive Center မှာ အမျိုးသား ၅၅ ဦး၊ အမျိုးသမီး ၄၁ ဦး၊ စုစုပေါင်း ၉၆ ဦး ထားရှိပါ တယ်။ ဆေးရုံတက်ဖို့လိုအပ်တဲ့လူနာကို ဆေးရုံတင် ပြီး ကုသတာမှာ အမျိုးသား ၁၁ဦး၊ အမျိုးသမီး ၁၉ ဦး၊ စုစုပေါင်း ၃၀ ရှိပါတယ်။ အဲဒီထဲက ၂၀ ကတော့ အောက်ဆီဂျင်ပေးပြီး ကုသတဲ့လူတွေဖြစ်ပါတယ်။
မေး။ ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/ မရှိ ဘယ်လို စစ်ဆေးပေးနေပါသလဲ။
ဖြေ ။ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိကို ပြည်သူ့ဆေးရုံ
မှာ နံနက် ၁၀ နာရီကနေ မွန်းတည့် ၁၂ နာရီ အတွင်း စစ်ဆေးပေးပါတယ်။ ဒီဘက်ကာလမှာ စီမံခန့်ခွဲရတာ အဆင်ပြေအောင်လို့ G.T.I Positive Center မှာ နံနက် ၁၀ နာရီနောက်ပိုင်းမှာ စတင် စစ်ဆေးပေးပါတယ်။ ပိုးတွေ့ရှိရင် G.T.I Positive Center မှာထားပါတယ်။ အသက်ရှူရခက်ခဲတဲ့ လူနာကို ပြည်သူ့ဆေးရုံကို ပို့ဆောင်ပါတယ်။
မေး။ ပြည်သူတွေအနေနဲ့ ရောဂါသံသယရှိရင်
ဘယ်လိုဆက်သွယ်ဆောင်ရွက်ရပါမလဲ။
ဖြေ။ နီးစပ်ရာကျန်းမာရေးဌာန ကျန်းမာရေး
ဝန်ထမ်းတွေဆီမှာဆက်သွယ်နိုင်ပါတယ်။ Swab စစ်ဆေးဖို့လိုအပ်ရင် Swab နေရာကို လူမှု ကူညီရေးအသင်းက ကားတွေနဲ့တစ်ဆင့် ပို့ဆောင် ပေးပါတယ်။ အချို့ကိုတော့ စိုးရိမ်ဖို့မလိုဘူး။ ရောဂါ မတူဘူးဆိုရင် နှစ်သိမ့်ဆွေးနွေးပြီး အိမ်မှာပဲ အနား ယူစေပါတယ်။
မေး။ ရောဂါပိုးတွေ့ရှိပြီဆိုရင် ဘယ်လိုဆောင်ရွက်
ပေးပါသလဲ။
ဖြေ။ ရောဂါပိုးတွေ့ရှိသူတွေကို G.T.I Positive Center မှာထားရှိပြီး ရောဂါပြင်းထန်တဲ့ လက္ခဏာ ပြတဲ့လူနာဆိုရင် ပြည်သူ့ဆေးရုံမှာ လိုအပ်တဲ့ကုသမှု တွေ ဆောင်ရွက်ပေးပါတယ်။
မေး။ ဘယ်လိုရောဂါလက္ခဏာမျိုးပြသရင် စိုးရိမ်
ရတဲ့အခြေအနေလို့ခေါ်ပါသလဲရှင်။
ဖြေ။ အသက်ရှူရခက်ခဲမယ်၊ မောပန်းမယ်၊
လှုပ်ရင်လည်းမောမယ်၊ သွေးတွင်း အောက်ဆီဂျင် ၉၀ အောက် ကျလာမယ်ဆိုရင် စိုးရိမ် ရတဲ့လက္ခဏာ ရှိလာပြီလို့ ပြောရမှာပါ။ ဆီးချိုရှိတဲ့ လူတွေ ပိုပြီးစိုးရိမ်ရပါတယ်။ အခံဆီးချိုရောဂါရှိတယ်၊ အောက်ဆီဂျင်ကလည်း ၉၀ အောက်ကျမယ်၊ မောပန်းနွမ်းနယ်တယ်ဆိုရင် ဆေးရုံတက်ပြီး ကုသမှု ခံယူသင့်ပါတယ်။
မေး။ အောက်ဆီဂျင်လိုအပ်ချက်ကို ဘယ်လိုစီစဉ်
ဆောင်ရွက်ထားပါသလဲ။
ဖြေ။ အောက်ဆီဂျင်ရဖို့ကတော့ဆေးရုံမှာ Oxy-
gen Concentrator က လေးလုံးရှိပါတယ်။ Oxygen Cylinder ကတော့ အသေးခြောက်လုံး၊ အကြီးလေးလုံးရှိပါတယ်။ ဒီလောက်နဲ့ မလုံလောက် လို့ လူမှုကူညီရေးအသင်းတွေက Oxygen Cylinder တွေ ငှားရမ်းပေးရတာတွေရှိပါတယ်။ တစ်နေ့ကို သုံးစွဲမှု လီတာ ၄၀၊ ၁၀ အိုးလောက် ကုန်ပါတယ်။
မေး။ လက်ရှိ ဆေးရုံတက်နေတဲ့ လူနာဦးရေနဲ့
ပြန်လည်ကျန်းမာလာမှုစာရင်း သိချင်ပါ တယ်။
ဖြေ။ ဆေးရုံတက်တဲ့လူက အမျိုးသား ၁၁၊
အမျိုးသမီး ၁၉ စုစုပေါင်း ၃၀၊ ရောဂါ သက်သာပြီး ဆေးရုံဆင်းသွားသူတစ်ဦး၊ Positive Center က ဆင်းတဲ့သူ ၁၃ ဦး၊ စုစုပေါင်း ၁၄ ဦး ရှိပါ တယ်။
မေး။ ပုံမှန်ကာကွယ်ဆေးထိုးဖို့အတွက် ဘယ်လို
ဆောင်ရွက်ထားပါလဲရှင့်။
ဖြေ။ ပုံမှန်ကာကွယ်ဆေးကို စောစောပိုင်းကာလ
က ပြတ်တောက်သွားတာမှန်ပါတယ်။ ဒီလ ကုန်ပြီးရင်တော့ ပုံမှန်ကာကွယ်ဆေးကို ကိုယ်ဝန် ဆောင် မိခင်နဲ့ကလေးငယ်တွေကို ထိုးနှံသွားဖို့ ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ အခြား ဖြည့်စွက်ပြောစရာရှိရင် ပြောကြား
ပေးပါဦးရှင့်။
ဖြေ။ ကာကွယ်ခြင်းသည် ကုသခြင်းထက်
ပိုကောင်းသည် ဆိုတဲ့စကားနှင့်အညီ ကိုဗစ်-၁၉ ရောဂါမဖြစ်အောင် ကာကွယ်ရမယ့် နည်းလမ်း တွေ ကာကွယ်ဖို့ပါပဲ။ အဲဒါက Mask တပ်ဖို့၊ တစ်ခုခု ကိုင်တွယ်တိုင်း လက်ဆေးဖို့၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေဖို့ဆိုတာတွေ လူတိုင်း လိုက်နာကျင့်သုံးပြီး ကာကွယ်မယ်ဆိုရင် ဒီရောဂါ ပိုးကြီးကူးစက်နိုင်ဖို့ လျှော့ချနိုင်မှာဖြစ်ပါတယ်။ အသုံးပြုပြီးတဲ့ Mask တွေကိုလည်း စနစ်တကျ စွန့်ပစ်ဖို့အရေးကြီးပါတယ်။ မဟုတ်ရင် ဒီ Mask တွေ ကတစ်ဆင့် ရောဂါပိုးကူးစက်နိုင်လို့ ပြည်သူတွေကို အသိပေးလိုပါတယ်။ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ပြည်သူတွေ မကြောက်ကြပါနဲ့။ စနစ်တကျရင်ဆိုင် ပြီး လုပ်သင့်လုပ်ထိုက်တာတွေလုပ်၊ တည်တည် ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖို့ တိုက်တွန်းချင်ပါတယ်။
တွေ့ဆုံမေးမြန်း - မချို ၊ ကျော်ကျော်မိုး