
မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပွားမှုနှုန်း မြင့်မားနေသည့် ကိုဗစ်-၁၉ ရောဂါအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကဏ္ဍပေါင်းစုံမှ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်များ၌ ယနေ့နံနက်ပိုင်းမှစတင်၍ ထိုးနှံပေးလျက်ရှိသည်။
တွေ့ဆုံမေးမြန်း - ရဲမင်းဟန်
ဓာတ်ပုံ - ကျော်ထိန်
===========
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဆေးထိုးနှံမှုလုပ်ငန်းစဉ်များကို အနီးကပ်ကြီးကြပ် ပေးနေသည့် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဆေးလာ ရောက်ထိုးနှံကြသည့် ပြည်သူများ၏ ပြောကြားချက်များကို ပြည်သူများ သိရှိနိုင်စေရန် တွေ့ဆုံမေးမြန်းရေးသားတင်ပြလိုက်ရပါသည်-
ဦးထက်အောင်ဖြိုး (ဒက္ခိဏသီရိမြို့နယ်အုပ်ချုပ်ရေးမှူး)
အခုက ပထမဦးစားပေးအနေနဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေကို ဦးစားပေးထိုးနှံပေးတာဖြစ်ပါတယ်။ ဒုတိယဦးစားပေးအနေနဲ့ ရဟန်း၊ သံဃာတွေကို ထိုးပေးပါတယ်။ ပြီးတော့ ကျန်းမာရေးဝန်ဆောင်မှုပေး နေတဲ့ အစိုးရကျန်းမာရေးဌာန၊ ပုဂ္ဂလိကကျန်းမာရေးဌာန ကိုယ်စားပြုသူ တွေကို ထိုးနှံပေးပါတယ်။ ကျွန်တော်တို့မြို့နယ်အတွက် ဆေးခွဲတမ်း အနေနဲ့ အလုံးရေ ၆၀၀ ရရှိပါတယ်။ အခုရရှိလာတဲ့ ဆေးအလုံးရေ ၆၀၀ ကို ပထမဦးစားပေးအနေနဲ့စိစစ်ပြီး ထိုးပေးနေတာဖြစ်ပါတယ်။ ဒီနေ့အတွက် ရပ်ကွက်နှစ်ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ငါးအုပ်စုက ကာကွယ်ဆေးထိုးနှံမယ့်သူတွေကို မနက် ၉ နာရီ၊ ၁၁ နာရီနဲ့ မွန်းလွဲ ၁ နာရီတို့မှာ သုံးသုတ်ခွဲပြီး ထိုးပေးပါတယ်။ သုံးသုတ်ခွဲရတာကတော့ ဆေးလာရောက်ထိုးကြတဲ့ သက်ကြီးရွယ်အိုတွေအတွက် လူအုပ်စုမှု မဖြစ်အောင် Social Distancing နဲ့အညီ ထိုးပေးရခြင်းဖြစ်ပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေက သက်ကြီး ရွယ်အိုတွေရဲ့ အချက်အလက်တွေမှန်ကန်မှု ရှိ/မရှိ စိစစ်ဆောင်ရွက် ပေးပါတယ်။ ကာကွယ်ဆေးထိုးတဲ့နေရာမှာတော့ ကျန်းမာရေးဦးစီး ဌာနက သူနာပြုများနဲ့ တပ်မတော်ဆေးတပ်ဖွဲ့တို့က နှစ်ဖွဲ့ခွဲပြီး ထိုးပေး ပါတယ်။
အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေ၊ ရဟန်း၊ သံဃာ တော်တွေကို နံပါတ်တစ်ဦးစားပေးအနေနဲ့ ထိုးပေးတာဖြစ်ပါတယ်။ ဘိုးဘွားရိပ်သာက သက်ကြီးရွယ်အိုတွေဆိုရင် ပြီးခဲ့တဲ့အသုတ် ကတည်းက အားလုံးထိုးနှံပေးပြီး ဖြစ်ပါတယ်။ နောက်ထပ်ရရှိမယ့် ကာကွယ်ဆေးအလုံးရေအပေါ်မူတည်ပြီး ဦးစားပေးအစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
ဦးမြင့်ဆောင်(လယ်ဝေးမြို့နယ်အုပ်ချုပ်ရေးမှူး)
ဒီနေ့ လယ်ဝေးမြို့နယ်က အသက် ၆၅ နှစ်နဲ့အထက်ရှိသူတွေကို ကာကွယ်ဆေး စတင်ထိုးနှံပေးနေခြင်း ဖြစ်ပါတယ်။ ဒီနေ့မှာ လူဦးရေ ၈၀၀ ကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဩဂုတ် ၄ ရက်အထိ တစ်နေ့လူဦးရေ ၈၀၀ နှုန်းနဲ့ လူဦးရေ ၃၂၀၀ ကို ထိုးနှံပေးမှာဖြစ်ပါတယ်။ ဆေးထိုးဖို့ ပြင်ဆင်ဆောင်ရွက်ထားမှုအနေနဲ့ ဝင်ပေါက်မှာ အပူချိန်တိုင်းပါတယ်။ နောက်ပြီး စာရင်းပေးသွင်းတဲ့နေရာ၊ ဆေးစစ်တဲ့နေရာနဲ့ ဆေးထိုးတဲ့ နေရာတွေကို ပြင်ဆင်ထားပါတယ်။ ဆေးထိုးပြီးတဲ့သူတွေကိုလည်း နားနေဖို့ နေရာသတ်မှတ်ပေးထားပါတယ်။ အရေးပေါ်ကုသဖို့အတွက် လည်း အခန်းတစ်ခန်း သီးခြားပြင်ဆင်ထားပါတယ်။
ဒါ့အပြင် မြို့နယ်ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြက်ခြေနီအသင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတွေနဲ့ပူးပေါင်းဆောင်ရွက် ပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားနေတဲ့အတွက် ပြည်သူတိုင်း ကာကွယ်ဆေးထိုးနှံဖို့ တိုက်တွန်းလိုပါတယ်။
ဦးမြင့်ကြိုင် (ဇမ္ဗူသီရိမြို့နယ်)
ကာကွယ်ဆေးထိုးနှံပေးမယ်ဆိုတာကို ပထမဆုံးကြားသိရတော့ အတော်လေး ဝမ်းသာမိတယ်။ ဘယ်နေ့ဆေးထိုးရမလဲကို စောင့်မျှော်နေ တာ ကြာနေပါပြီ။ အခုဆေးထိုးပြီးတော့ စိတ်လုံခြုံသွားသလို ခံစား ရတယ်။ ကျွန်တော့်လိုပဲ တခြားဆေးမထိုးရသေးတဲ့သူတွေကိုလည်း အမြန်ဆုံးဆေးထိုးစေချင်ပါတယ်။ ပြည်ပက မှာထားတဲ့ ကာကွယ်ဆေး တွေလည်း အမြန်ဆုံးရောက်ရှိပါစေလို့ ဆုတောင်းပါတယ်။ ပြည်သူ အပေါင်း ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေလို့ ထပ်မံဆုတောင်းပေး ပါတယ်။
ကိုဇော်ဟိန်း (ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်)
ဆေးထိုးနှံပေးဖို့ တာဝန်ရှိသူတွေက စနစ်တကျပြင်ဆင်ထား တာကို တွေ့ရှိရပါတယ်။ ကပ်ရောဂါကြီး လျော့နည်းပျောက်ကွယ် သွားရင်တော့ ခရီးတွေသွားမယ်လို့ တွေးထားပါတယ်။ အသက် ၆၅ နှစ်နဲ့အထက် အဘိုးအဘွားတွေကို ဦးစားပေးအစီအစဉ်အရ ဆေးထိုးနှံ ပေးတာ တွေ့ရတော့ ဝမ်းသာမိပါတယ်။ တခြားကဏ္ဍအစုံက ပြည်သူ တွေကိုလည်း အမြန်ဆုံးထိုးနှံပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ပြည်သူတိုင်း ဆေးထိုးခွင့်ရတဲ့အချိန်မှာ တုံ့ဆိုင်းမနေဘဲ ဆေးလာရောက် ထိုးကြဖို့ အကြံပြုလိုပါတယ်။
ဦးတင်စိုး (ရေအိုးစဉ်ကျေးရွာအုပ်စု၊ လယ်ဝေးမြို့နယ်)
ဒီနေ့မှာ ရေအိုးစဉ်ကျေးရွာအုပ်စုကနေ ကာကွယ်ဆေးတစ်ခါမှ မထိုးရသေးတဲ့ ၂၇ ဦးနဲ့အတူ ကာကွယ်ဆေး လာရောက်ထိုးနှံခြင်း ဖြစ်ပါတယ်။ ဆေးထိုးနှံဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေက သွေးတွင်း အောက်ဆီဂျင်နဲ့ သွေးပေါင်ချိန် တိုင်းပါတယ်။ သွေးပေါင်ချိန်မမှန်သေးတဲ့သူဆိုရင် ခဏစောင့်ခိုင်းပြီး သွေးပေါင်ချိန် ပြန်တိုင်းပါတယ်။ သွေးပေါင်ချိန် ပုံမှန်ရှိတဲ့သူတွေကိုတော့ ချက်ချင်းထိုးပေးပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့အချိန်မှာလည်း တခြားခံစားရတာမျိုး မရှိ ပါဘူး။ အခုလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားနေတဲ့အချိန်မှာ ကျွန်တော်တို့လို သက်ကြီးရွယ်အိုတွေကို ပထမဦးစားပေးအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးတဲ့အတွက် များစွာဝမ်းမြောက် ဝမ်းသာဖြစ်ရပါတယ်။
ဦးဇေထက်အောင်(ဇေယျာသီရိမြို့နယ်အုပ်ချုပ်ရေးမှူး)
အသက် ၆၅ နှစ်နဲ့အထက် အဘိုး အဘွားတွေ၊ ရဟန်းသံဃာတွေ ဦးစားပေးအနေနဲ့ စတင်ပြီး ထိုးနှံပေးတာဖြစ်ပါတယ်။ ဒီနေ့ကစပြီး သုံးရက်အတွင်း လူဦးရေ ၁၂၀၀ ကို ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ ဆေးရရှိမှုအပေါ်မူတည်ပြီးတော့ ထပ်မံထိုးနှံပေးသွားမှာပါ။ ဒီနေ့မှာ လူဦးရေ ၄၀၀ ထိုးပေးဖို့ မှန်းထားပါတယ်။ အသက် ၆၅ နှစ်အထက် အဘိုး အဘွားတွေဟာ အသက်အရွယ်အရရော၊ ကျန်းမာရေးအခြေ အနေအရရော ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့ ကူးစက်နိုင်ခြေများပြီး ထိခိုက်မှုအန္တရာယ် ပိုများနိုင်တာကြောင့် ဦးစားပေးထိုးနှံပေးတာပါ။ ဆေးရရှိမှုအပေါ်မှာမူတည်ပြီး ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ အလုပ်သမားတွေ အကုန်လုံးကို လူတန်းစေ့ ထိုးနှံနိုင်အောင် စီစဉ်ထားပါတယ်။
ဒီနေ့မှာ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ ထိုင်ခုံ တွေကို ခြောက်ပေအကွာနဲ့ စီစဉ်ထားပါတယ်။ ဒါ့အပြင် ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေကလည်း လူထူထပ်မှုမဖြစ်စေဖို့ ဝိုင်းဝန်းကူညီပေးကြပါတယ်။ အခုဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကို ပြည်သူတွေ၊ ဌာနဆိုင်ရာတွေ ပူးပေါင်းဆောင်ရွက်ပေးမယ်ဆိုရင် အမြစ်ပြတ်တိုက်ထုတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ဒေါ်စန်းမြင့်(သစ်တောသုတေသန(ရေဆင်း)၊ ဇေယျာသီရိမြို့နယ်)
ဒီနေ့ ၆၅ နှစ်အထက်ပြည်သူတွေကို ဆေးထိုးပေးမယ်ဆိုလို့ လာရောက်ထိုးနှံခြင်းဖြစ်ပါတယ်။ အရင်တစ်ကြိမ် ကာကွယ်ဆေး ထိုးပေးတုန်းက မထိုးလိုက်ရဘူး။ ဆေးရဲ့ကာကွယ်နိုင်စွမ်းကို သတင်းစာတွေထဲကနေ ကြေညာထားတော့ နားလည်တယ်။ အဲ့ဒါ ကြောင့် ကာကွယ်ဆေး လာထိုးတာပါ။ ကျွန်မတို့ရဲ့ရပ်ကွက်က လူကြီးတွေနဲ့ ဌာနကလူကြီးတွေက ဆော်ဩလို့ကြားတာပါ။ ဆေး မထိုးခင်လည်း ကျန်းမာရေးနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေ လုပ်ပါတယ်။ အခုဆေးထိုးပြီးတော့ ဘာမှမဖြစ်ပါဘူး။ စိတ်ထဲမှာ လုံခြုံသလို ခံစား ရတယ်။ နိုင်ငံတော်က ကျွန်မတို့ကို ဂရုတစိုက်နဲ့ ထိုးနှံပေးတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်၊ ဝမ်းလည်းသာပါတယ်။ ကာကွယ်ဆေး မထိုးနှံရသေးတဲ့ ပြည်သူတွေကိုလည်း အခွင့်အရေးရရင် လာရောက် ထိုးနှံကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဒေါ်သီတာဆွေ (သစ်တောသုတေသနဌာန(ရေဆင်း)၊
ဇေယျာသီရိမြို့နယ်)
အသက် ၆၅ နှစ်နဲ့အထက် ဆေးထိုးခွင့်ရတယ်ဆိုပြီး အကြောင်း ကြားလို့ အသက် ၇၀ ကျော်နေပြီဖြစ်တဲ့ ကျွန်မရဲ့မိဘနှစ်ပါးကို ဆေးလာ ထိုးတာပါ။ ဆေးမထိုးပေးခင် သွေးပေါင်ချိန်တိုင်းတယ်၊ အပူချိန် တိုင်းတယ်၊ ရောဂါအခံ ရှိ၊ မရှိ စစ်ဆေးပေးတာတွေကို တွေ့ရတယ်။ မိဘနှစ်ပါးကို ကာကွယ်ဆေးထိုးနှံခွင့်ရလို့ များစွာဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါတယ်။ အခုလိုရောဂါတွေဖြစ်ပွားနေချိန်မှာ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးထားတဲ့သူတွေက ကူးစက်ခဲ့တယ်ဆိုရင် ရောဂါပြင်းထန်မှု နည်းတယ်လို့လည်း သိရပါတယ်။
ကာကွယ်ဆေးထိုးနှံမယ့်သူတွေအနေနဲ့ မကြောက်ကြပါနဲ့လို့ ပြောချင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ကာကွယ်ဆေးထိုးပြီးပါပြီ။ အမေဆိုရင် သွေးတိုးရှိပါတယ်။ ကျန်းမာရေးဆိုင်ရာအချက်အလက် တွေကို အကုန်စစ်ဆေးပြီးမှ ထိုးပေးတာပါ၊ ထိုးပြီးသွားရင်လည်း မိနစ် ၃၀ စောင့်ကြည့်ပြီးမှ ပြန်လွှတ်တာပါ။ အဲဒါကြောင့် စိုးရိမ်စရာမရှိပါဘူး။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ရင် တောင်မှ ဆိုးဆိုးရွားရွားမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ကာကွယ်ဆေးမထိုးရသေးတဲ့ ပြည်သူတွေကို ကာကွယ်ဆေးထိုးနှံဖို့ အခွင့်အရေးရရင် လာရောက်ထိုးနှံကြပါလို့ တိုက်တွန်းလိုပါတယ်။