ဇီးပြားကြိုးပြင်ကာကွယ်တော သတ်မှတ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈  ခုနှစ်တွင်   ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ (င) အရ  အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံး၍   မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ်အတွင်း  ကျရောက်နေသည့်  ဧရိယာအကျယ်အဝန်း  ဧက ၂၂၀၀ ရှိသော  နယ်မြေကို “ဇီးပြားကြိုးပြင်        ကာကွယ်တော”အဖြစ်  အမိန့်ကြော်ငြာစာ အမှတ် (၁၆၁/၂၀၂၂)အရ ၁၃၈၄ ခုနှစ်၊ 
တန်ဆောင်းမုန်းလပြည့်ကျော်  ၇  ရက် (၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်)မှစ၍   သတ်မှတ်ကြောင်း    ကြေညာလိုက်သည်။

 


ဇီးပြားကြိုးပြင်ကာကွယ်တော ဧရိယာအား ကာကွယ်တော ပတ်ဝန်းကျင်တွင်ရှိသော ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ သဘာဝတောရိုင်းတိရစ္ဆာန်များကို ကာကွယ် စောင့်ရှောက်ရန်နှင့် စိုက်ပျိုးမြေများအတွက် ရေရရှိနိုင်မည့် ရေဝေ ရေလဲဒေသတို့အား    ထိန်းသိမ်းရန်တို့ကိုရည်ရွယ်၍     ကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။ 

 


ဇီးပြားကြိုးပြင်ကာကွယ်တော  သတ်မှတ်ခြင်းဖြင့်  ဧရိယာ အတွင်း  ပေါက်ရောက်လျက်ရှိသော ကျွန်း၊ ပျဉ်းကတိုး၊ အင်၊ အင်ကြင်းနှင့် ထောက်ကြံ့ပင်များအား ထိန်းသိမ်းနိုင်မည့်အပြင် နေထိုင်ကျက်စားလျက်ရှိသော  ချေ၊  တောကြောင်၊  တောကြက်၊ တောဝက်၊ မျောက်များနှင့် ငုံး၊ ခါ၊ သစ်တောက်ငှက်၊ ချိုး၊ စွန် စသည့် တိရစ္ဆာန်များအတွက် ကျက်စားရာဒေသတိုးပွားလာခြင်း၊ တောင်ချောင်းမကြီးနှင့် ကျောက်ထရံချောင်းတို့ ပေါင်းဆုံ၍ ပုလော ချောင်းအတွင်းသို့ စီးဆင်းသည့် အဓိကရေဝေရေလဲ ဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းနှင့် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေမည်ဖြစ်ခြင်းစသည့် အကျိုး ကျေးဇူးများရှိနိုင်မည် ဖြစ်ပါသည်။


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန