ဈေးအနောက်မြောက် မျှော်ပါရင်

Type
၁

ဆောင်းပါး

======

 

ဈေးအနောက်မြောက် မျှော်ပါရင်

 

====================

 

ဆူးငှက်

===

 

၂၆ ဘီလမ်းက အရှေ့ဘက်အတက် ၈၃လမ်းကို ရိုးလ် ကုမ္ပဏီအတက်ဟု ခေါ်ကြသည်။ သည်နေရာက သိသိ သာသာမြင့်နေ၏။ ၈၃ လမ်းပေါ်က ၂၆ ဘီလမ်းအတိုင်း အနောက်ဘက်သို့ ကြည့်လိုက်လျှင် သိသိသာသာ နိမ့်ဆင်းသွားသည်ကို တွေ့ရသည်။ အလားတူ အရှေ့ ဘက် ၈၂လမ်းအထိ ခပ်ပြေပြေလေး တက်သွားလေတော့ လမ်း၈ဝနှင့် ၈၁ လမ်းကြားရောက်မှ ညီညာသွားသည်။ ထိုမြေမျက်နှာပြင် အနိမ့်အမြင့်ကိုကြည့်ပြီး မန္တလေး၏ ပထဝီဆိုင်ရာ ရပ်ကွက်အခေါ်အဝေါ်တွေလည်း ရှိခဲ့သည်။

 

ဆိုင်းတန်းသင်္ဘောတန်း၊ ဒေါင်းရိုးသင်္ဘောတန်း

တောင်ဘက်ကျုံးလမ်း၊၂၆ဘီ လမ်းဘေး ၇၆ လမ်းနှင့် ၇၇လမ်းကြားကို အရှေ့ကုန်းရိုးဟု ခေါ်ကြသည်။ အလား တူ ၈၃လမ်းမှ အနောက်ဘက်သို့ နာရီစင်အထိ သိသိ သာသာနိမ့်ဆင်းသွားသည်ကိုလည်း ရှေးလူကြီးသူမတွေ က '' မန္တလေးမှာရေကြီးရင် ရိုးလ်ကုမ္ပဏီ အတက်ထိ ရေရောက်တာတဲ့။ သာမန်အချိန်ဆိုရင် လှေတွေ သင်္ဘော တွေက နာရီစင်အနောက်ဘက် လေးပြလောက်အကွာ နေရာမှာ ဆိုက်ကြရတာတဲ့။

ဒါကြောင့်မို့ ဆိုင်းတန်းသင်္ဘောတန်းတို့၊ ဒေါင်းရိုး သင်္ဘောတန်းတို့လို့ အခုထက်ထိ ခေါ်နေကြတာ'' ဟု ပြောတော့ (ထိုစဉ်က) ကျွန်တော်မွေးဖွားကြီးပြင်းခဲ့ရာ ဒေါင်းရိုးသင်္ဘောတန်းရပ်ရှိ နေရာအသီးသီးကို အညာဆန် လှေကြီးတွေ ဆိုက်ကပ်နေသော ဆိပ်ကမ်းကြီးအသွင် မြင်ယောင်မိတော့သည်။ တကယ်တော့ သင်္ဘောဆိုတာ မန္တလေးရတနာပုံခေတ်က မင်းတုန်းမင်းကြီးပိုင်သည့် သင်္ဘောလောက်သာရှိခဲ့ကြောင်း မှတ်သားရသည်။ ပါတော်မူပြီးနောက် အင်္ဂလိပ်လက်ထက်ရောက်မှသာ သင်္ဘောဆိုတာမန္တလေးသို့ များများစားစားရောက်ရှိလာ ခြင်း ဖြစ်ပါလိမ့်မည်။

 

၃၅လမ်းထိပ်မှ အိမ်တော်ရာစေတီ အနောက်မုခ်ထိ အုတ်တံတားကြီး

လူကြီးသူမတွေ ပြောသကဲ့သို့ ဒေါင်းရိုးသင်္ဘောတန်းတို့၊ ဆိုင်းတန်းသင်္ဘောတန်းတို့ နေရာမှာ သင်္ဘောတွေ လှေ တွေ ဆိုက်ကပ်တာ သေချာမသေချာ မသိသော်လည်း ထိုနေရာတစ်ဝိုက်သည် ထိုစဉ်က မြေနိမ့်ပိုင်းဖြစ်ပြီး အမြဲ တစေ ရွှံ့ညွန်များဖြင့် ထူထပ်နေမှာတော့ သေချာသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ထက်တိုင် ဆိုင်းတန်း သင်္ဘောတန်းရပ်ရှိ နေရာအချို့တွင် မြစ်ရေတက်သည့် ကာလ၌ စိမ့်ရေများ ဒူးဆစ်ပေါင်လယ်ထိ ဝင်လာဆဲဖြစ် သည်။

 

ဒေါင်းရိုးသင်္ဘောတန်းဟု ခေါ်ဆိုသည့်နေရာတွင် မန္တလေးမြို့မတည်မီ ပုဂံမင်းလက်ထက် အိမ်တော်ရာ စေတီ တည်ထားကိုးကွယ်ရာတွင် အမရပူရနေပြည်တော်မှ အိမ်တော်ရာသို့ ဘုရားဖူးလာသည့် မင်းပြည်သူတို့ ရေ စပ်စပ်နှင့် ရွှံ့ထဲဗွက်ထဲ ခက်ခက်ခဲခဲ မဖြတ်သန်းရ လေအောင် ၃၅လမ်းထိပ်မှ အိမ်တော်ရာစေတီ အနောက် မုခ်ထိ အုတ်တံတားကြီး ခင်းလုပ်ခဲ့သည်။ မိကျောင်း တံတားဟု ယနေ့ထက်တိုင် ခေါ်တွင်ဆဲဖြစ်ပါ၏။ အမရပူရခေတ်က ဗိသုကာလက်ရာနှင့် အုတ်တံတိုင်း လက်ရန်း အကြွင်းအကျန်များကို လွန်ခဲ့သော နှစ်သုံးဆယ် လောက်ကအထိ သိသာထင်ရှားစွာ မြင်တွေ့ခဲ့ရသော် လည်း ယခုအခါ တိုးချဲ့လာသော အိမ်ခြေများကြောင့် စုန်းစုန်းမြုပ် ပျောက်ကွယ်သွားသည်မှာ ဝမ်းနည်းဖွယ်ဖြစ် သည်။ မိကျောင်းတံတား၏ ဝဲယာရှိအိမ်များသည် ယခင် က အောက်သို့ ငါးပေလောက်အထိ ဆင်းရသော်လည်း ယခုတွင်မူ လမ်းမျက်နှာပြင်ထက်ပင် ပိုမိုမြင့်တက်သွားကြ သည်ကိုလည်း တွေ့ရ၏။

 

မန္တလေး၏ အထင်ကရ နေရာကြီး၂၆ဘီလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း (၈၄လမ်း) ဆုံသည့်နေရာသည် ယခင်က မန္တလေး၏ အထင်ကရ နေရာကြီးဖြစ်ခဲ့ပါ၏။ ထိုနေရာ၏ အနောက်တောင်ထောင့် တွင် နာမည်ကျော် ဈေးချိုကြီးရှိသည်။ အရှေ့တောင် ထောင့်တွင် ဈေးချိုတိုက်တန်းကြီး ရှိသည်။ အရှေ့မြောက် ထောင့်တွင် ကုန်တိုက်ရှိသည်။ ကုန်တိုက်က ၁၉၈ဝ ဝန်းကျင်မှ ဖွင့်လှစ်ခြင်းဖြစ်၏။ အနောက်မြောက်ထောင့် တွင် ယခင်က ကုန်တိုက်တန်းရှိသည်။ ၁၉၇ဝ ဝန်းကျင် ရောက်တော့ ယခုထက်တိုင် မြင်တွေ့နေရဆဲ အဆောက် အအုံဖြစ်သည့် မြို့တော်ခန်းမ တိုက်တန်းကို ဆောက်လုပ် ခဲ့သည်။ ထိုခေတ်ထိုအခါက ခေတ်မီဒီဇိုင်းနှင့် နှစ်ထပ် တိုက်တန်းပေါ့။ အပေါ်ထပ်အရှေ့ဘက်ခြမ်းက မင်္ဂလာ ခန်းမဖြစ်သည်။ အောက်ထပ်က တိုင်းသမဝါယမ စာအုပ်အရောင်းဆိုင်ကြီးရှိသည်။ အနောက်ဘက်ခြမ်းမှာ နောက်မှတိုးချဲ့ပြီး မင်္ဂလာခန်းမတစ်ခု ထပ်မံဖွင့်လှစ်ခဲ့ သည်။ နောက်တော့ ကုန်ပစ္စည်းအရောင်းဆိုင်ဖြစ်သွား၏။

 

အုတ်ကြွပ်မိုး၊ အုတ်ကာ တစ်ထပ်အဆောက်အအုံလေး

အောက်ထပ်မှာလည်း လှေကားရဲ့အနောက်ဘက်မှာ ဂျီအီးစီကုန်ပစ္စည်းအရောင်းဆိုင် သမဝါယမ ကုန်ပဒေသာ ဆိုင်များ ဖွင့်လှစ်ခဲ့ဖူးသည်။ အခုတော့ အပေါ်ထပ်က မင်္ဂလာခန်းမမှလွဲ၍ အခြားနေရာများမှာ ပုဂ္ဂလိက မီနီမားကတ်များ၊ စတိုးဆိုင်များအသွင် ပြောင်းလဲသွား သည်။ အနောက်ဘက်ခြမ်းမှာ စည်ပင်သာယာပိုင် ရတနာ ပုံဘဏ် အဆောက်အအုံဖြစ်သွားသည်။ ထိုအဆောက် အအုံနှင့် ရွှေတချောင်းမြောင်းအကြား ယခု မန်းသီရိဈေး ဖြစ်နေသော နေရာသည် တစ်ချိန်က မန္တလေး၏အထင်ကရ နေရာ ဖြစ်ခဲ့ဖူးသည်။ အုတ်ကြွပ်မိုး၊ အုတ်ကာ တစ်ထပ် အဆောက်အအုံလေးတစ်လုံး လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ဝန်းကျင်ထိ ရှိခဲ့ဖူးသည်။ ထိုအဆောက်အအုံလေး ကို ကျွန်တော်တို့ သိရှိချိန်တွင် ပြန်ကြားရေး စာဖတ်ခန်း ဖြစ်နေပါပြီ။

 

အရင်က ထိုအဆောက်အအုံလေးကား ဘူတာရုံထဲ၊ ဈေးချိုနှင့် မတ္တရာကို ပြေးဆွဲသော မီးရထားလမ်း၏ လမ်းစလမ်းဆုံး ဘူတာရုံဖြစ်သည်။ မတ္တရာရထားက ပုဂ္ဂလိကပိုင်ဖြစ်သတဲ့။ ကုလားသူဌေး မန်နဂျီပိုင်ဆိုင်သည့် ရထားမို့ မြန်မာအသံထွက်ဖြင့် လွယ်လွယ်ကူကူ မနှင်းဆီ ရထားဟု အမည်တွင် ခေါ်ဝေါ်ခဲ့ကြသတဲ့။ ထိုရထားကို ဆွဲသော ရေနွေးငွေ့စက်ခေါင်းက အရွယ်သေးပြီး ဗိုက်ဖောင်းဖောင်းလေးတဲ့။

 

မနှင်းဆီရထား

 

မနှင်းဆီရထားက ဈေးချိုဘူတာမှ နံနက် ၇ နာရီတွင် တစ်ကြိမ်၊ ညနေ ၃ နာရီတွင်တစ်ကြိမ် မတ္တရာသို့ ပြေးဆွဲ ခဲ့သတဲ့။ မတ္တရာနယ်သည် ကွမ်းရွက်အပါအဝင် သစ်သီး ဝလံများ၊ သစ်ဥသစ်ဖုများ ထွက်ရှိသည့်နေရာမို့ ဈေးချို လက်ကား ဈေးကွက်ကြီးသို့ မတ္တရာကုန်ပစ္စည်းတွေ လွယ်လင့်တကူ ရောက်ရှိရေးတွင် မနှင်းဆီရထားက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထိုစဉ်က မန္တလေးတွင် မန္တလေး-ရန်ကုန်၊မန္တလေး-မြစ်ကြီးနား၊ မန္တလေး-ပြင်ဦးလွင်-လားရှိုး၊ မန္တလေး-မုံရွာ-ရေဦးမီးရထားလမ်း များအတွက် ၇၈လမ်း၊ ၇၉လမ်းကြားနှင့် ၂၇လမ်း၊ ၃၄ လမ်းကြားတွင် ဘူတာရုံတစ်ရုံရှိသောကြောင့် ထိုဘူတာရုံ ကို ဘူတာကြီး၊ မနှင်းဆီရထားဘူတာရုံကို ဘူတာလေးဟု သုံးစွဲ ခေါ်ဝေါ်ကြသည်။

ထို့ကြောင့် တစ်လျှောက်လုံး မန္တလေးဘူတာကို မန္တလေးသားတွေက ဘူတာကြီးဟု အစဉ်အဆက် လက်ဆင့်ကမ်း အမွေခံ ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပါသည်။ တကယ်တော့ မန္တလေးသည် သူ့အရပ်နှင့် သူ့ဇာတ်

သူ့အတ္ထုပ္ပတ်နှင့် သူ့ဗျုပ္ပတ်ရှိပြီးဖြစ်၏။

ဈေးအနောက်မြောက် မျှော်ပါရင် အလင်္ကာကျော်စွာ ဆရာကြီးမြို့မငြိမ်းကတော့ ထိုနေရာတစ်ဝိုက်ကို ဤသို့ ရေးဖွဲ့မှတ်တမ်းတင်ခဲ့သည်။

“ပျားပန်းခပ်သည်တွင် ရောင်းဝယ်ကူးသန်း ဟိုစဉ်

ချောင်းရွှေလှေလောင်း စည်ဗုံမောင်းငြိမ့်လွင်

မန်းမြို့သူမူချင်ချင် ဆင်တံတားထိပ် ညောင်ညိုပင်

ခေါင်းလျှော်ရေချိုး တမျိုးကြည့်လို့ယဉ်

အုတ်ကာသွပ်မိုး ဈေးကြီးပြီးမြောက်

ဈေးအနောက်မြောက် မျှော်ပါရင်

အလယ်က ဖောင်းဖောင်း မနှင်းဆီခေါင်းပင်……”

(မြို့မငြိမ်း- မန္တလေး အမှတ် ၂ သီချင်းမှ)